Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်ဝန်ကြီးချုပ်ကို ဩစတြေးလျ ဝန်ကြီးချုပ်က လှောင်ပြောင်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ဂျပန်ပယ်ချ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ် ၁၂ ရက်နေ့၊ ဂျပန်အစိုးရရဲ့ ကြေညာချက်မှာတော့ ဩစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘန်နိစ်ဟာ မလျော်မကန်တဲ့ သဘောထား အဓိပ္ပါယ်မျိုးနဲ့ ဂျပန်ဝန်ကြီးချုပ် စနအဲ တကအိချိကို စော်ကားပြောဆိုခဲ့တယ်လို့ မယူဆကြောင်း ပါရှိခဲ့ပါတယ်။

မီဒီယာတွေမှာ ဖော်ပြနေတဲ့ အကြောင်းအရာတွေကို ဂျပန်အနေနဲ့ သတိပြုမိကြောင်း၊ ဩစတြေးလျ အစိုးရကလည်း ဒီကိစ္စကို ဆက်သွယ်လာပြီး ဝန်ကြီးချုပ် အယ်လ်ဘန်နိစ်ဟာ သတင်းတွေမှာပါတဲ့ မလျော်မကန် မှတ်ချက်စကားမျိုးတွေ ပြောခဲ့တာ မဟုတ်ဘူးလို့ ရှင်းပြထားကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ပါတယ်။

နောက်ပြီး မေလတုန်းက ဂျပန်ဝန်ကြီးချုပ်ရဲ့ ဩစတြေးလျ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် အယ်လ်ဘန်နိစ်ရဲ့ ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံမှုဟာ အရမ်းနွေးထွေးပြီး သက်တောင့်သက်သာရှိခဲ့ကြောင်း၊ ဒီအခြေအနေက နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား ယုံကြည်မှုကို အခြေပြုတဲ့ ဆက်ဆံရေးကောင်းမျိုး တည်ဆောက်ခွင့် ရစေခဲ့တယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အငြင်းအခုံတွေရဲ့ မူလအစကတော့ Bush Deepဆိုတဲ့ နိုင်ငံရေး အရွှန်းဖောက်မှု podcast အစီအစဉ် တစ်ခုမှာ အယ်လ်ဘန်နိစ် ပြောခဲ့တဲ့ စကားကြောင့်ပါ။ အင်တာဗျူး အစီအစဉ်မှူး အမျိုးသမီးက အယ်လ်ဘန်နိစ် အနေနဲ့ ဝန်ကြီးချုပ်ဘဝမှာ ရဖူးသမျှ အထူးဆန်းဆုံး လက်ဆောင်က ဘာလဲလို့ မေးတဲ့အခါ သူက မေလခရီးစဉ်အတွင်း တကအိချိ လက်ဆောင် ပေးခဲ့တဲ့ သခွားမွှေးသီး နှစ်လုံးဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီလို ဖြေရာမှာ လက်အနေအထားက ရင်ဘတ်ရှေ့နားမှာ ရှိနေပြီး သခွားမွှေးသီးတွေကို ကိုင်ထားသယောင် လုပ်ပြခဲ့တယ်လို့ podcast ကြည့်ရှုသူတွေက ပြောပါတယ်။ တကအိချိဟာ ဩစတြေးလျ အကောက်ခွန် ဌာန မသိအောင် အဲဒီ တန်ဖိုးကြီးတဲ့ သစ်သီးတွေကို မှောင်ခို သယ်ယူလာတာ ဖြစ်မလားလို့ အင်တာဗျူးသူ အမျိုးသမီးက မေးမြန်းခဲ့တဲ့အခါ အယ်လ်ဘန်နိစ်က လက်အမူအယာ လုပ်ပြရင်း သခွားမွှေးသီးနှစ်လုံး ရခဲ့တဲ့အကြောင်း ဖြေခဲ့တာ ဖြစ်ပါတယ်။

Podcast အစီအစဉ်မှူး နစ်ကီအော့စ်ဘွန်းက ‘အဲဒါဆိုရင် ပမ်မလာ အန်ဒါဆန်လို ဖြစ်နေမှာပေါ့’လို့ ပြောတာကိုတော့ အယ်လ်ဘန်နိစ်က သီးခြား မတုံ့ပြန်ပါဘူး။ အန်ဒါဆန်ဟာ ရင်သားကြီးကြီး ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် လူသိများတဲ့ အမေရိကန် မင်းသမီးဟောင်း ဖြစ်ပါတယ်။

သခွားမွှေးသီး (melon) ဆိုတာဟာ အမျိုးသမီးတွေရဲ့ ရင်သားကို ရည်ညွှန်းတဲ့ ဗန်းစကားမျိုး အနေနဲ့လည်း သုံးနှုန်းတာကြောင့် အယ်လ်ဘန်နိစ်က မလျော်မကန် လှောင်ပြောင် ပြောဆိုခဲ့တာလို့ စွပ်စွဲခံလာရတာ ဖြစ်ပါတယ်။ အယ်လ်ဘန်နိစ်ဟာ အဲဒီ အင်တာဗျူး အစီအစဉ်မှာပဲ ဩစတြေးလျ အဆိုတော် ကိုင်လီမိုင်းနော့ကို ပုတ်ခတ်ပြောဆိုမိသလို ဖြစ်လို့ တောင်းပန်ထားရပါသေးတယ်။

ဒါပေမဲ့ တကအိချိနဲ့ သခွားမွှေးသီး ကိစ္စမှာတော့ အယ်လ်ဘန်နိစ်ဟာ သူ့ဖက်က အမှားမရှိဘူးလို့ ယူဆထားပုံ ပေါ်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး ဟာသလုပ် ပြောဆိုခဲ့တာဟာ Podcast အစီအစဉ်မှူးသာ ဖြစ်ပြီး သူမဟုတ်ဘူးလို့ အယ်လ်ဘန်နိစ်က ခံယူထားပါတယ်။ လေးစားမှုမဲ့တဲ့ အပြုအမူအတွက် တောင်းပန်စကား ပြောချင်သလားလို့ ဩဂုတ် ၁၁ ရက်နေ့တုန်းက လွှတ်တော်မှာ သူ့ကို မေးမြန်းတဲ့အခါ အယ်လ်ဘန်နိစ်က မေးခွန်းထဲမှာပါတဲ့ စွပ်စွဲချက်ကို သူငြင်းပယ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အဲဒီ podcast အကြောင်းကို ဩစတြေးလျ နိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးဟောင်း တစ်ဦးက စတင် ဝေဖန်ခဲ့ပြီး ဩစတြေးလျ အတိုက်အခံ အမတ်တွေကပါ အယ်လ်ဘန်နိစ်ဟာ လိင်ခွဲခြား နှိမ့်ချတဲ့ သဘောမြောက်တဲ့ ဟာသလုပ်မှုအတွက် တကအိချိကို တောင်းပန်သင့်ကြောင်း ဝေဖန်နေကြပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း ဒီကိစ္စက အငြင်းပွားစရာတွေ ဖြစ်လာပါတယ်။

နောက်ပြီး အယ်လ်ဘန်နိစ်ဟာ တကယ်ပဲ သဘောရိုးနဲ့ ပြောဆိုခဲ့တယ် ဆိုရင်တောင် သခွားမွှေးသီး လက်ဆောင်ကို ထူးဆန်းတယ်လို့ ယုံကြည်နေတယ်ဆိုရင် ဂျပန်ဝန်ကြီးချုပ်နဲ့ မတွေ့ဆုံခင် သံတမန်ရေးဆိုင်ရာ ကြိုတင် လေ့လာမှု အားနည်းခဲ့တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ အကြောင်းကတော့ ဂျပန်တွေဟာ သရဖူ သခွားမွှေးလို့ခေါ်တဲ့ သစ်သီးတွေကို တန်ဖိုးထားပြီး ဧည့်ကောင်းဆောင်ကောင်းတွေကို အထူးတလည် လက်ဆောင်ပေးတတ်တာကြောင့် ဖြစ်ပါတယ်။ အဲဒီ သခွားမွှေးသီးတွေဟာ တစ်လုံးကို ယန်း ၃ သောင်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၁၉၀ လောက်ထိ စျေးကြီးလေ့ ရှိကြောင်းလည်း သိရပါတယ်။ အင်တာဗျူးထဲမှာတော့ အယ်လ်ဘန်နိစ်က အဲဒီအသီးတွေက တကယ် စားလို့ ကောင်းတယ်လို့ ထည့်သွင်း မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။