Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ပို့ဆောင်မှု စတင်ပြီလို့ NATO ကြေညာ

ဘိုင်ဒန်ဟာ ဝါရှင်တန်ကို ရောက်လာတဲ့ တခြားအဖွဲ့ဝင် ၃၁ နိုင်ငံ ခေါင်းဆောင်တွေကို တစ်ဦးချင်း ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ညီလာခံ အဖွင့်နေ့မှာပဲ ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့မယ့် ကိစ္စကို ဘိုင်ဒန်က အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ပို့ဆောင်မှု စတင်ပြီလို့ NATO ကြေညာ
ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ပို့ဆောင်မှု စတင်ပြီလို့ NATO ကြေညာ

ယူကရိန်းဆီ ထောက်ပံ့ပေးမယ်လို့ ကာလရှည်ကြာ ကတိပြုထားခဲ့တဲ့ F-16 တိုက်လေယာဉ်တွေ လက်တွေ့ ပေးပို့မှု အစပြုတော့မယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ ကျင်းပခဲ့တဲ့ NATO ထိပ်သီး စည်းဝေးပွဲမှာ မဟာမိတ်နိုင်ငံ အဖွဲ့ဝင် ခေါင်းဆောင်တွေက ရုရှားနဲ့ စစ်ပွဲအတွက် ယူကရိန်းကို မမှိတ်မသုန် ဆက်လက် အားပေး ရပ်တည်ဖို့ စုပေါင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ အမေရိကန် ရွေးကောက်ပွဲအကြို သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ရာထူးသက်တမ်းအတွက် မရေမရာ ဖြစ်နေတဲ့ ကာလမျိုးမှာ NATO ခေါင်းဆောင်တွေ ဝါရှင်တန်မှာ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန် လွှတ်တော်ဖြစ်တဲ့ ကက်ပီတိုလ် အဆောက်အအုံမှာ သုံးရက်ကြာ ကျင်းပတဲ့ ထိပ်သီး ညီလာခံဟာ NATOရဲ့ သက်တမ်းထက် အသက် ၆ နှစ် ပိုကြီးတဲ့ အသက် ၈၁ နှစ်အရွယ် သမ္မတ ဘိုင်ဒန်က သူဟာ လက်ရှိ ရာထူးမှာ သင့်တော်တဲ့ စွမ်းဆောင်ရည်နဲ့ ကြံ့ခိုင်မှုမျိုး ရှိနေဆဲ ဆိုတာကို မဲဆန္ဒရှင် ပြည်သူတွေ ယုံကြည်လာအောင် ပြသဖို့ အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။

ဘိုင်ဒန်ဟာ ဝါရှင်တန်ကို ရောက်လာတဲ့ တခြားအဖွဲ့ဝင် ၃၁ နိုင်ငံ ခေါင်းဆောင်တွေကို တစ်ဦးချင်း ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ညီလာခံ အဖွင့်နေ့မှာပဲ ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့မယ့် ကိစ္စကို ဘိုင်ဒန်က အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခုလာမယ့် နွေရာသီကစလို့ ယူကရိန်းရဲ့ ကောင်းကင်ယံမှာ F-16တွေ ပျံဝဲနေတာ တွေ့ရမယ်လို့ ဘိုင်ဒန်က ပြောကြားသွားပါတယ်။ သူက ရုရှားရဲ့ စစ်လက်နက် ထုတ်လုပ်မှုတွေကို အမီလိုက်နိုင်အောင် ကြိုးစားဖို့လည်း NATO ခေါင်းဆောင်တွေကို တွန်းအားပေးခဲ့ပြီး NATOဟာ အဖွဲ့ဝင်နိုင်ငံ တစ်ခုချင်းစီရဲ့ ပိုင်နက်ကို တစ်လက်မတောင် မပွန်းပဲ့အောင် စုပေါင်းခုခံ ကာကွယ်သွားမယ်လို့လည်း ကြုံးဝါးခဲ့ပါတယ်။

F-16တွေ ယူကရိန်းဆီ ပေးပို့ရေးနဲ့ ပတ်သက်လို့တော့ ဘိုင်ဒန်က NATO အဖွဲ့ဝင် ဒိန်းမတ်နဲ့ နယ်သာလန်တို့ဟာ အမေရိကန်လုပ် တိုက်လေယာဉ်တွေ ပို့ဆောင်တဲ့ လုပ်ငန်းစဉ် အစပြုနေပြီလို့ အတည်ပြုသွားခဲ့ပါတယ်။ F-16တွေဟာ ယူကရိန်း အစိုးရက အပူတပြင်း တောင်းဆိုနေတဲ့ တိုက်လေယာဉ်တွေဖြစ်ပြီး ရုရှားရဲ့ လေကြောင်း အသာစီးရမှုကို တွန်းလှန်ဖို့ အထူးအရေးပါတဲ့ အထောက်အပံ့တွေ ရရှိစေမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း F-16တွေ ယူကရိန်းဆီ လွှဲပြောင်းပေးခြင်းက ပူတင်ကို အကြီးအကျယ် စိတ်ပူစေမှာဖြစ်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းကို ဘယ်တော့မှ စွန့်ခွာ မသွားဘူးဆိုတာ သူ့ကို ပိုပြီး နားလည်စေမှာ ဖြစ်ကြောင်း၊ ပူတင်က အလျှော့မပေးသ၍ ရုရှားရဲ့ အကျိုးစီးပွား ထိခိုက်နစ်နာမှုတွေသာ ပိုမို နက်ရှိုင်းလာမှာဖြစ်ပြီး တစ်ဖက်မှာတော့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ့် အမြန်ဆုံးနည်းဟာ ယူကရိန်း စစ်အင်အားကို ခိုင်မာအောင် ချဲ့ထွင်ပေးဖို့သာရှိကြောင်း မှတ်ချက်ပေးသွားပါတယ်။

လောလောဆယ် အမေရိကန် ရွေးကောက်ပွဲကြို လူထုအမြင် စစ်တမ်းတွေမှာ ဘိုင်ဒန်အပေါ် ဦးဆောင်နေတဲ့ ဒေါ်နယ်လ် ထရမ့်ကတော့ စစ်ပွဲမြန်မြန် ရပ်ဆိုင်းစေချင်တယ်ဆိုရင် လက်ရှိ ရုရှားဆီ ဆုံးရှုံးပြီးသား နယ်မြေတွေကို ကြည်ကြည်ဖြူဖြူ လက်လွှတ်ပေးဖို့ ယူကရိန်းကို ဖိအားပေးတာကသာ အမှန်ကန်ဆုံး နည်းလမ်းလို့ ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်လုပ် အပေါ့စား တိုက်လေယာဉ်တွေဟာ နှစ်အလိုက် အဆင့်မြှင့်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး လက်ရှိ ယူကရိန်း လေတပ်က အသုံးပြုနေတဲ့ ဆိုဗီယက်ဒီဇိုင်း တိုက်လေယာဉ်တွေထက် နည်းပညာပိုင်း အများကြီး ပိုမို မြင့်မားပါတယ်။

နိုင်ငံတကာ

မိုဒီက ရုရှားကို သူဆိုက်ရောက်တဲ့ မှတ်တမ်း ဓာတ်ပုံတွေကို လူမှုကွန်ရက် မီဒီယာ Xမှာ ရုရှား၊ အင်္ဂလိပ် နှစ်ဘာသာ စာညွှန်းရေးပြီး တင်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အွက်မက်ဒစ် ဆေးရုံဟာ ကင်ဆာလူနာတွေနဲ့ ကိုယ်တွင်းကလီစာ အစားထိုး ခွဲစိတ်မှုတွေကို လက်ခံ ကုသပေးနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဆေးရုံရဲ့ ဒုံးကျည်ထိမှန်ခဲ့တဲ့ အဆောင်မှာ ကလေးလူနာ ၂၀ လောက် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ပူတင်ဟာ အရင်ကလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေအပေါ် ရန်လိုတဲ့ တခြားနိုင်ငံ တချို့ဆီ ရုရှားလက်နက်တွေ ထောက်ပံ့တာမျိုး ရှိလာနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ဖူးပါတယ်။