အစ္စရေး စစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြား လက်နက် အင်အား အလုံးအရင်း အသုံးပြုပြီး အပြန်အလှန် တိုက်ခိုက်နေတဲ့နောက် အရှေ့အလယ်ပိုင်းမှာ နောက်ထပ် စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာမှာကို အလေးအနက် စိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။
အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာတွေရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေ အမြောက်အမြားနဲ့ စုပြုံပစ်ခတ်မယ့် တိုက်ခိုက်မှုကို တန်ပြန်ဖို့အတွက် လက်ဘနွန် တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာ စစ်ရေးပစ်မှတ်တွေကို လက်ဦးမှုယူပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဩဂုတ် ၂၆ ရက် ညပိုင်းမှာ ကြေညာခဲ့ပါတယ်။
အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့နဲ့ မဟာမိတ် အေမဲလ်လှုပ်ရှားမှု အဖွဲ့ရဲ့ ဒုံးကျည်ပစ်စင် ထောင်ဂဏန်းလောက်ကို ဩဂုတ် ၂၆ ရက် မနက်ပိုင်းကစလို့ အစ္စရေး တိုက်လေယာဉ်တွေက တိုက်ခိုက် ဖျက်စီးခဲ့ပြီး ရန်သူ တိုက်ခိုက်ရေးသမား ၃ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ဆိုပါတယ်။
တစ်ဖက်မှာတော့ ဟစ်ဇ်ဘိုလာတွေက အစ္စရေး ပိုင်နက်ထဲကို ဒုံးကျည် အစင်းပေါင်း ၃၂၀ လောက်ကို အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ ဇူလိုင်လတုန်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ထိပ်တန်း စစ်ဦးစီး အရာရှိတစ်ဦး သေဆုံးခဲ့တဲ့အတွက် လက်တုံ့ပြန်မှု ဖြစ်တယ်လို့လည်း လက်ဘနွန် အခြေစိုက် ပြောက်ကျားတွေက ထုတ်ပြန်ပါတယ်။ ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးကျည်ဒဏ်ကြောင့် ရေတပ်သားတစ်ဦး သေဆုံးတယ်လို့ အစ္စရေးက အတည်ပြုခဲ့ပါတယ်။
အစ္စရေး တောင်ပိုင်းမှာရှိတဲ့ ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေး စစ်တပ်က ဟားမားစ် ပြောက်ကျားတွေနဲ့ စစ်ခင်းနေတာ ၁၀ လလောက် ကြာမြင့်လာတဲ့နောက် အစ္စရေး မြောက်ပိုင်း နယ်စပ်မှာပါ စစ်ရေး အခြေအနေတွေ တင်းမာလာတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြားက တိုက်ခိုက်မှုတွေဟာ အစ္စရေး ဟစ်ဇ်ဘိုလာ နယ်စပ်မှာရော၊ နှစ်နိုင်ငံ နယ်နိမိတ်နဲ့ ဆက်စပ်ပြီး ကြားခံနယ်မြေ တစ်ခုအသွင် ရှိနေတဲ့ ဂိုလန်ကုန်းမြင့် ဒေသမှာပါ ဖြစ်ပွားနေပါတယ်။
ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးကြားက နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေဟာ ဂါဇာစစ်ပွဲ စတင်လာချိန် ကတည်းက နေ့စဉ်လိုလို သေးငယ်တဲ့ အတိုင်းအတာနဲ့ ဖြစ်ပွားနေခဲ့ပေမယ့် စစ်ပွဲကြီး အဆင့်ထိ ဦးတည်လာနိုင်တဲ့ အတိုင်းအတာမျိုးထိ အရှိန်တက်မလာအောင် နှစ်ဖက်စလုံးက ထိန်းသိမ်းထားခဲ့ပါတယ်။ အခုတော့ အဲဒီအခြေအနေဟာ အပြောင်းအလဲတွေ ဖြစ်လာမယ့် အရိပ်အယောင်တွေ မြင်လာရပါပြီ။ ဟစ်ဇ်ဘိုလာတွေက အီရန်က ထောက်ခံတဲ့ နောက်ထပ် လက်နက်ကိုင် အင်အားစု တစ်ခုဖြစ်တဲ့ ဟားမားစ်တွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့ အနေနဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလို အပြန်အလှန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေကြောင့် လက်ဘနွန်ဖက်မှာ ဟစ်ဇ်ဘိုလာ ပြောက်ကျား အများစု အပါအဝင် ၅၆၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးဖက်မှာတော့ အရပ်သား ၂၆ ဦးနဲ့ စစ်သား ၂၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ နှစ်ဖက်စလုံးမှာ နယ်စပ်တဝိုက်ကနေ ရွှေ့ပြောင်းရသူ ဦးရေ ၂ စုစုပေါင်း ၂ သိန်းနီးပါး ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
အစ္စရေးရော၊ ဟစ်ဇ်ဘိုလာပါ စစ်ပွဲကို မလိုလားကြောင်း၊ ဒါပေမဲ့ လိုအပ်လာရင်လည်း စစ်ခင်းတိုက်ခိုက်ဖို့ အသင့်ပြင်ထားကြောင်း ထုတ်ပြန်ထားကြပါတယ်။ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ၂၀၀၆ ခုနှစ်တုန်းက ထိပ်တိုက် ရင်ဆိုင် စစ်ပွဲကြီး ဖြစ်ခဲ့ဖူးပြီး ဩဂုတ် ၂၅ ရက်နေ့ တိုက်ခိုက်မှုတွေကတော့ အဲဒီနောက်ပိုင်း နှစ်ဖက်ကြားမှာ အပြင်းထန်ဆုံး ထိတွေ့မှုတွေ အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။
ကိုးကား: CNA