ရုရှားဆီက ဓာတ်ငွေ့တွေ ဖြတ်သန်းသယ်ယူခွင့် အငြင်းအခုံကို အကြောင်းပြုပြီး ဆလိုဗက်ကီးယားနဲ့ ယူကရိန်းကြားက သဘောထား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ရုရှား ဓာတ်ငွေ့တွေ ဥရောပဆီ တင်ပို့မှု လမ်းကြောင်းကို ပိတ်ပင်ခဲ့တဲ့ ယူကရိန်းကို မကျေနပ်တာကြောင့် ဆလိုဗက်ကီးယားမှာ ခိုလှုံနေသူ ယူကရိန်း စစ်ရှောင် ၁၃၀၀၀၀ ကျော်အတွက် ဘဏ္ဍာရေး အထောက်အပံ့တွေ အကြီးအကျယ် လျှော့ချဖို့ စဉ်းစားနေကြောင်း ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကိုက ပြောကြားလိုက်ပါတယ်။
ရုရှားက ထုတ်လုပ်ရောင်းချတဲ့ သန့်စင်ပြီး သဘာဝ ဓာတ်ငွေ့တွေကို ယူကရိန်း ပိုင်နက်ကနေ ဖြတ်သန်းပြီး အလယ်ပိုင်းနဲ့ အနောက်ပိုင်း ဥရောပ နိုင်ငံတွေဆီ တင်ပို့ရောင်းချခဲ့တာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားနဲ့ စစ်ပွဲ ဖြစ်လာတဲ့နောက် ယူကရိန်းဟာ ရုရှား ပိုက်လိုင်းတွေကနေတဆင့် ဓာတ်ငွေ့ ဖြတ်သန်း သယ်ယူခွင့် သဘောတူ စာချုပ်ကို သက်တမ်း ထပ်မတိုးတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအတွက် ဇန်နဝါရီ ၁ ရက်ကစလို့ ယူကရိန်းကို ဖြတ်သန်း သယ်ယူတဲ့ ရုရှားဓာတ်ငွေ့ တင်ပို့မှု လမ်းကြောင်းဟာ လုံးဝ ရပ်တန့်သွားခဲ့ပါတယ်။
အဲဒီအတွက် ယူကရိန်းဟာ တစ်နှစ်ကို ဒေါ်လာ သန်း ၈၀၀ လောက် ဆုံးရှုံးမှု ရှိခဲ့သလို ယူကရိန်းကို ဖြတ်သန်းလာတဲ့ ဓာတ်ငွေ့တွေ ဥရောပဆီ စတင်ဝင်ရောက်ရာ တံခါးပေါက်လို့ သတ်မှတ်နိုင်တဲ့ ဆလိုဗက်ကီးယား အတွက်လည်း ငွေကြေးအရ အများကြီး နစ်နာလာခဲ့ပါတယ်။
ဆလိုဗက်ကီးယား အစိုးရဟာ အခုကိစ္စအတွက် ယူကရိန်းရော၊ ရုရှားနဲ့ပါ ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် ယူကရိန်းရဲ့ သဘောထားကြောင့် ဓာတ်ငွေ့တွေ ဖြတ်သန်းသယ်ယူမှု ရပ်တန့်သွားတဲ့ အခြေအနေကိုတော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဆလိုဗက်ကီးယားဟာ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ပေမယ့် ဖီကိုဟာ ဒီဇင်ဘာလတုန်းက မော်စကိုထိ ကိုယ်တိုင်သွားရောက်ပြီး ဓာတ်ငွေ့ကိစ္စနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။
ကမ္ဘာတလွှားမှာ ယူကရိန်းစစ်ရှောင် ၆.၈ သန်းကျော် ရှိတဲ့အနက် ဆလိုဗက်ကီးယားက ၁၃၀၀၀၀ ကျော်ကို လက်ခံပေးထားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ခန့်မှန်းထားပါတယ်။
ဖီကိုက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ခေါင်းမာတဲ့ ဆုံးဖြတ်ချက်ဟာ ဆလိုဗက်ကီးယား ရရှိမယ့် ရေနံဖြတ်သန်းခ တစ်နှစ်ကို ဒေါ်လာ သန်း ၅၀၀ ကျော် ငွေပမာဏကို ဆုံးရှုံးသွားစေတယ်လို့ ပြောပါတယ်။
ဒီအတွက်လည်း သူ့ရဲ့ ကိုယ်စားပြု နိုင်ငံရေး ပါတီဟာ ယူကရိန်းဆီ ဓာတ်အား ထောက်ပံ့မှုတွေကို ရပ်ဆိုင်းဖို့၊ ဆလိုဗက်ကီးယားမှာ ရောက်ရှိ ခိုလှုံနေတဲ့ ယူကရိန်း နိုင်ငံသားတွေအတွက် ဘဏ္ဍာရေး ထောက်ပံ့မှုတွေကို ကြီးကြီးမားမား လျှော့ချပစ်ဖို့ လွှတ်တော်မှာ အဆိုတင် ဆွေးနွေးရေး အသင့်ဖြစ်နေတယ်လို့ ဖီကိုက ခြိမ်းခြောက်သွားခဲ့ပါတယ်။
အဲဒီလို မဟုတ်ရင် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုဖြစ်တဲ့ ဆလိုဗက်ကီးယား အနေနဲ့ ဓာတ်ငွေ့တွေ ဖြတ်သန်း သယ်ယူမှုဆိုင်ရာ သဘောတူညီချက်ကို သက်တမ်းတိုးပြီး ရသင့်ရထိုက်တဲ့ ငွေကြေးတွေကို ဆက်လက် လက်ခံရရှိဖို့၊ ဒါမှမဟုတ် ပျက်ပြယ်သွားခဲ့တဲ့ ကိစ္စတွေအတွက် နစ်နာကြေး ပြန်ရဖို့ လိုအပ်တယ်လို့ ဖီကိုက ဆိုပါတယ်။
ပြီးခဲ့တဲ့ လတုန်းက ယူကရိန်း သမ္မတ ဇီလန်စကီးကလည်း ဖီကိုဟာ ယူကရိန်းကို အားနည်း ဆုတ်ယုတ်အောင်၊ ရုရှားအတွက် စစ်ပွဲ ရန်ပုံငွေ တိုးပွားရရှိအောင် ကူညီပေးနေတယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။
လတ်တလောမှာတော့ ပိုလန် အစိုးရက တကယ်လို့ ဆလိုဗက်ကီးယားသာ ယူကရိန်းဆီ ဓာတ်အား ထောက်ပံ့မှု ရပ်ဆိုင်းမယ်ဆိုရင် အစားထိုး ကူညီပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ ပြီးတော့ ပိုလန်က ရုရှား ဓာတ်ငွေ့တွေ တင်ပို့ခွင့်ကို ရပ်တန့်စေခဲ့တဲ့ ယူကရိန်းရဲ့ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံထားပါတယ်။ ဒါပေမဲ့ အဲဒီ ဆုံးဖြတ်ချက်ဟာ ဥရောပဖက်က နိုင်ငံတွေအတွက် ပိုစျေးကြီးတဲ့ ဓာတ်ငွေ့ကို ဝယ်ယူသုံးစွဲရတာ၊ ဓာတ်ငွေ့ ပြတ်တောက်တာတွေ ကြုံလာစေဖွယ် ရှိပါတယ်။ လောလောလတ်လတ် အနေနဲ့ EU အဖွဲ့ဝင် နိုင်ငံမဟုတ်တဲ့ မော်လ်ဒိုဗာမှာ ဓာတ်ငွေ့ ပြတ်တောက်မှုတွေ စတင်နေပါပြီ။
ရုရှားဟာ တခြားပိုက်လိုင်း တစ်ခုဖြစ်တဲ့ TurkStream လမ်းကြောင်းကနေ ဟန်ဂေရီ၊ တူရကီနဲ့ ဆာဘီးယားတို့ဆီ ဓာတ်ငွေ့တွေ ဆက်လက် တင်ပို့နေနိုင်ဆဲလို့ သိရပါတယ်။
ကိုးကား: BBC