နှစ် ၄၀ လောက် ကြာမြင့်ခဲ့တဲ့နောက် ယူကရိန်း ပိုင်နက်ကို ဖြတ်သန်းပြီး ရုရှားရဲ့ ဓာတ်ငွေ့တွေ ဥရောပကို တင်ပို့နေခဲ့မှုဟာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ ညသန်းခေါင်ယံကစလို့ ယူကရိန်းရဲ့ Naftogaz ကုမ္ပဏီဟာ ရုရှား အစိုးရပိုင် စွမ်းအင် လုပ်ငန်းစုကြီး Gazpromရဲ့ ဓာတ်ငွေ့တွေ ဥရောပကို တင်ပို့နေမှုမှာ ပူးပေါင်းလုပ်ဆောင်မှုကို ရပ်တန့်လိုက်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်း စစ်ပွဲ မတိုင်ခင် ချုပ်ဆိုထားတဲ့ ၅ နှစ်သက်တမ်း စာချုပ်ကို သက်တမ်း ထပ်မတိုးဖြစ်တော့တဲ့အတွက် ၂၀၂၅ ခုနှစ်ကစလို့ ရုရှားရဲ့ ဓာတ်ငွေ့တွေ အနောက်ဥရောပဆီ ပို့ဆောင်မှု လုံးဝနီးပါး အဆုံးသတ်သွားတဲ့ အဓိပ္ပါယ်ပါပဲ။
ယူကရိန်းကို ဖြတ်သန်းပြီး ဥရောပဆီ ဓာတ်ငွေ့ တင်ပို့မှုဟာ ဆိုဗီယက် ခေတ်ကတည်းက အခြေခိုင်မာနေခဲ့တာပါ။ ရုရှားဓာတ်ငွေ့တွေ ဥရောပဆီ တင်ပို့တဲ့ ဘီလားရုစ်ဖက်က လမ်းကြောင်းနဲ့ ဘောလ်တစ်ပင်လယ်ကို ဖြတ်ပြီး သွယ်တန်းတဲ့ Nord Stream ပိုက်လိုင်းတွေကလည်း လုပ်ငန်းလည်ပတ်မှု ရပ်တန့်နေခဲ့ပြီး ဖြစ်ပါတယ်။ ရုရှားဟာ ဥရောပဆီ ဓာတ်ငွေ့ တင်သွင်းမှု စျေးကွက်ဝေစု ၃၅ ရာခိုင်နှုန်းလောက်ထိ လက်ဝါးကြီး အုပ်နိုင်အောင် ရာစုနှစ်ဝက်လောက် အချိန်ယူပြီး ကြိုးစား တည်ဆောက်ခဲ့ရပါတယ်။ တစ်ဖက်မှာလည်း ရုရှားဆီက ဓာတ်ငွေ့ဟာ စျေးသက်သာတဲ့အတွက် ဥရောပ နိုင်ငံတွေဖက်ကလည်း တွက်ခြေကိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းကို ကျူးကျော်စစ်ပွဲ ဆင်နွှဲဖို့ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဆုံးဖြတ်ချက်ဟာ ရုရှားကိုယ်တိုင် ကြိုးစားပန်းစား တည်ဆောက်ခဲ့တဲ့ စီးပွားရေး အဆောက်အအုံကြီးကို ကိုယ်တိုင် ဖြိုချသလို ဖြစ်ခဲ့ပါတယ်။
ယူကရိန်း အတွက်လည်း နိုင်ငံပိုင်နက်ကို ဖြတ်သန်းပြီး ရုရှားဓာတ်ငွေ့တွေ ဥရောပဆီ တင်ပို့ခွင့် ပြုထားတဲ့အတွက် ရုရှားဆီကနေ နှစ်စဉ် ဒေါ်လာ သန်း ၈၀၀ လောက် လက်ခံရရှိနေမှုကို စွန့်လွှတ်လိုက်ရပါတယ်။ စစ်ဖြစ်နေတဲ့တိုင် ရုရှားနဲ့ ယူကရိန်းတို့ဟာ အစောပိုင်းတုန်းက အဲဒီ စာချုပ်ကို သက်တမ်းတိုးဖို့ ဖြစ်နိုင်ခြေတွေ ရှာဖွေခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ စာချုပ်သက်တမ်းတိုးဖို့ကိစ္စ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ဆိုတာကို နှစ်ဖက်စလုံးက ကြေညာခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်စစ်ပွဲ စတင်ခဲ့ချိန် ကတည်းက ဥရောပ နိုင်ငံတွေဟာ ရုရှား ဓာတ်ငွေ့အပေါ် မှီခိုရမှုကို လျှော့ချဖို့ လက်တွေ့ကျကျ ကြိုးစားလာခဲ့ပါတယ်။ ၃ နှစ်လောက် ကြာမြင့်ပြီးတဲ့ အချိန်မှာတော့ အနောက်ဥရောပဟာ တခြားအရင်းအမြစ်တွေကနေ ဓာတ်ငွေ့တွေ အစားထိုး ဝယ်ယူဖို့ လုံလောက်တဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အပြောင်းအလဲဟာ နှစ်ဖက်သွား ဓားလိုပဲ ဥရောပကိုလည်း အထိနာစေခဲ့ပါတယ်။ ရုရှားရဲ့ ပင်မ ဝင်ငွေ ရင်းမြစ်တစ်ခု ယုတ်လျော့ ဆုံးရှုံးသွားသလို ဥရောပ နိုင်ငံတွေဟာလည်း ဓာတ်ငွေ့ ဝယ်ယူဖို့ စရိတ်စကတွေ ပိုမို သုံးစွဲလာရပြီး စီးပွားရေးအရ အထိအခိုက်တွေ ရှိခဲ့ပါတယ်။
ယူကရိန်း စစ်ပွဲ မတိုင်ခင် ၂၀၂၀ ပြည့်နှစ်ထဲမှာ ရုရှားဟာ ဥရောပ ဓာတ်ငွေ့ တင်သွင်းဝယ်ယူမှု စျေးကွက်ရဲ့ ၃၅ ရာခိုင်နှုန်းကို ကြီးစိုးထားခဲ့ပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ ၈ ရာခိုင်နှုန်းထိ ပြုတ်ကျသွားခဲ့ပါတယ်။ အခုတော့ ယူကရိန်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခြင်းကြောင့် ရုရှားဟာ ဒီနှစ်ထဲမှာ စျေးကွက်ဝေစုကို ပိုပြီးဆုံးရှုံးရဦးမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ထိ အခြေအနေအရ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေဟာ ၂၀၂၄ ခုနှစ်မှာ ရုရှားဆီကနေ ၁၄ ဘီလီယံ ကုဗမီတာ မပြည့်တဲ့ ဓာတ်ငွေ့ ပမာဏမျိုးကိုသာ လက်ခံ ရရှိခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက ရုရှားဟာ ဥရောပကို ဓာတ်ငွေ့ ပမာဏ ၆၅ ဘီလီယံ ကုဗမီတာထိ တင်ပို့ခဲ့ဖူးပါတယ်။
ဥရောပ ကော်မရှင်က အခုအခြေအနေမှာတော့ EU အဖွဲ့ဝင် နိုင်ငံတွေဟာ ရုရှားဆီက မဟုတ်တဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတွေ သွယ်တန်းထားပြီး ဖြစ်သလို ဓာတ်ငွေ့ လိုအပ်ချက်ကို အရည်အဖြစ် ပြောင်းလဲထားတဲ့ သဘာဝဓာတ်ငွေ့ (LNG)နဲ့ အပြည့်အဝ အစားထိုးလာနိုင်ပြီလို့ ပြောပါတယ်။ ယူကရိန်း စစ်ပွဲ ကာလအတွင်း ရုရှားဟာ နော်ဝေး၊ အမေရိကန်၊ ကာတာတို့လို နိုင်ငံတွေဆီကနေ ဥရောပ ဓာတ်ငွေ့ တင်သွင်းမှု စျေးကွက်ဝေစု ဝင်လုတာကို ခံခဲ့ရပါတယ်။ အကျိုးဆက် အနေနဲ့ ၂၀၂၃ ခုနှစ်တုန်းက ရုရှားရဲ့ Gazprom ကုမ္ပဏီကြီးဟာ ဒေါ်လာ ၇ ဘီလီယံလောက် အသားတင် အရှုံးပေါ်ခဲ့ပါတယ်။
EUနိုင်ငံတွေဟာ စရိတ်ပိုကုန်ကျတဲ့တိုင် တခြား အရင်းအမြစ်တွေကနေ ရရှိတဲ့ ဓာတ်ငွေ့တွေကို တင်သွင်းရင်း ရုရှားအပေါ် မှီခိုမှုကို လျှော့ချလာနိုင်ပေမယ့် ဩစတြီးနဲ့ ဆလိုဗက်ကီးယားတို့ကတော့ တော်တော်လေး ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ်။ အဲဒီ နှစ်နိုင်ငံဟာ ယူကရိန်းကို ဖြတ်ပြီး သွယ်တန်းထားတဲ့ ရုရှား ဓာတ်ငွေ့ ပိုက်လိုင်းတွေကနေ ရရှိတဲ့ ဓာတ်ငွေ့အပေါ် အများကြီး အမှီပြုနေရတာကြောင့်ပါ။ ဩစတြီးယားဟာ ပြည်တွင်း ဓာတ်ငွေ့ လိုအပ်ချက် အားလုံးနီးပါးကို အဲဒီ ပိုက်လိုင်းကနေ တင်သွင်းပြီး ဆလိုဗက်ကီးယားကလည်း နှစ်စဉ် ရုရှားရဲ့ Gazpromဆီကနေ ဓာတ်ငွေ့ ကုဗမီတာ ၃ ဘီလီယံလောက် ဝယ်ယူနေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံး လိုအပ်ချက်ရဲ့ သုံးပုံနှစ်ပုံနဲ့ ညီမျှပါတယ်။
အဲဒီနိုင်ငံတွေဟာ တခြား ဓာတ်ငွေ့ တင်သွင်းတဲ့ လမ်းကြောင်းတွေကို ကြိုတင်ရှာဖွေပြီး စာချုပ်ထားပေမယ့် မဖူလုံနိုင်တဲ့ ပြဿနာမျိုးလည်း ရှိနေနိုင်ပါတယ်။ ဒီအတွက် စဉ်းစားရမယ့် တခြား ရွေးချယ်စရာ တစ်ခုက TurkStreamလို့ခေါ်ပြီး ပင်လယ်နက်ကို ဖြတ်သန်းတဲ့ ပိုက်လိုင်းပဲ ဖြစ်ပါတယ်။ အဲဒီပိုက်လိုင်းကို အသုံးပြုပြီး တူရကီဆီက ဓာတ်ငွေ့ကို ဘယ်လ်ဂျီယမ်၊ ဆာဘီးယား၊ ဒါမှမဟုတ် ဟန်ဂေရီ နိုင်ငံတွေဆီကနေ သွယ်တန်း ဝယ်ယူဖို့ပါ။ ဒါပေမဲ့ ပြဿနာက လိုချင်သလောက် ပမာဏမျိုး ရနိုင်ဖို့ အကန့်အသတ်တွေ ရှိနေခြင်းပါပဲ။
တစ်ချိန်တည်းမှာပဲ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကြောင့် ဥရောပ နိုင်ငံတွေက ရုရှားရဲ့ ဓာတ်ငွေ့တွေကို ဝယ်ယူပြီး ငွေကြေး လွှဲပြောင်းပေးရာမှာ ကန့်သတ်ချက်တွေ ရှိနေပြန်တယ်။ ရုရှားဟာ ရောင်းချထားတဲ့ ဓာတ်ငွေ့တွေအတွက် အကြွေးမရသေးဘဲ ကျန်နေတဲ့ ငွေပမာဏ အများအပြား ရှိနေပါတယ်။ ဒါကြောင့်လည်း Gazpromက အဲဒီအကြွေးတွေ မရှင်းရသေးတဲ့ နိုင်ငံတိုင်းကို ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ဓာတ်ငွေ့ ထောက်ပံ့ပေးပို့မှု ရပ်ဆိုင်းမယ်လို့ ကြေညာထားတာလည်း ရှိနေပြန်ပါတယ်။
မော်လ်ဒိုဗာဟာ အဲဒီလို အခြေအနေမှာ သေချာပေါက် အထိနာမယ့် နိုင်ငံတစ်ခု ဖြစ်ပါတယ်။ မော်လ်ဒိုဗာ ဝန်ကြီးချုပ် ဒိုရင် ရက်စီယန်က Gazpromရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန် ရှုတ်ချခဲ့ပေမယ့်လည်း သူ့ရဲ့ နိုင်ငံဟာ တခြားသော အရင်းအမြစ်သစ်တွေကို ရှာဖွေ ချိတ်ဆက်ထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး မော်လ်ဒိုဗာ အနေနဲ့ ဓာတ်ငွေ့ သုံးစွဲမှုကို ပုံမှန်ထက် သုံးပုံတစ်ပုံလောက် လျှော့ချဖို့တော့ လိုအပ်လိမ့်မယ်လို့ ဝန်ကြီးချုပ်က ဝန်ခံခဲ့ပါတယ်။
ယူကရိန်း ကိုယ်တိုင်ကတော့ ရုရှားရဲ့ ဓာတ်ငွေ့တွေကို နိုင်ငံပိုင်နက် ဖြတ်ကျော် သွယ်တန်းခွင့် ပေးထားတဲ့တိုင်အောင် ကိုယ်တိုင်က မသုံးစွဲတာကြောင့် ဓာတ်ငွေ့ ပြတ်လပ်မှုကို ပိုဆိုးတဲ့ အခြေအနေမျိုး ခံရမှာ မဟုတ်နိုင်ပါဘူး။
EUက ရုရှားဓာတ်ငွေ့အပေါ် မှီခိုရမှုကို လျှော့ချဖို့ အစီအမံကောင်းတွေ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ဘယ်လိုပဲ ကြွေးကြော်ထားစေဦးတော့၊ ယူကရိန်းကို ဖြတ်သန်းလာတဲ့ ရုရှားပိုက်လိုင်းတွေ ပိတ်သွားတဲ့နောက် ၂၀၂၅ ခုနှစ်ထဲမှာ နောက်ဆက်တွဲ ပြဿနာတွေကိုတော့ အနည်းနဲ့အများ ရင်ဆိုင်ဖြေရှင်းရဦးမှာ သေချာပါတယ်။ ပူတင် မွှေးခဲ့တဲ့ ကျူးကျော်စစ်မီးဟာ ရုရှားကိုယ်တိုင် ကြိုးစား တည်ဆောက်ယူခဲ့ပြီး တည်ငြိမ် တိုးတက်နေခဲ့တဲ့၊ ပမာဏ ကြီးမားလှတဲ့ ဥရောပ ဓာတ်ငွေ့ တင်သွင်းမှု စျေးကွက်ကို အကြီးအကျယ် ကမောက်ကမ ဖြစ်စေခဲ့သလို ရုရှား၊ ယူကရိန်းနဲ့ ဥရောပတို့ အားလုံးအတွက် သုံးပွင့်ဆိုင် နာကျင်မှုတွေဆီ ဦးတည်စေခဲ့ပါတယ်။