Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားကို ပိတ်ဆို့မှု အသစ်တွေ ကျင့်သုံးမယ့် EUရဲ့ အစီအစဉ် ဆလိုဗက်ကီးယား ကန့်ကွက်လို့ မအောင်မြင်

ယူကရိန်းကို ကျူးကျော်စစ် ပြုမှုအတွက် ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ ထပ်မံကျင့်သုံးမယ့် ဥရောပ သမဂ္ဂ (EU)ရဲ့ အစီအစဉ်ကို အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ဆလိုဗက်ကီးယားက တားဆီးခဲ့ပါတယ်။

Getty Images

ယူကရိန်းကို ကျူးကျော်စစ် ပြုမှုအတွက် ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ ထပ်မံကျင့်သုံးမယ့် ဥရောပ သမဂ္ဂ (EU)ရဲ့ အစီအစဉ်ကို အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ဆလိုဗက်ကီးယားက တားဆီးခဲ့ပါတယ်။

ရုရှားအပေါ် အရေးယူမှု အသစ်တွေကို EUမှာ အဆိုပြု မဲခွဲဖို့ ဇူလိုင် ၁၅ ရက်နေ့က စီစဉ်ထားခဲ့ပေမယ့်လည်း ဆလိုဗက်ကီးယားကို ဆွဲဆောင်နိုင်ခြင်း မရှိတာကြောင့် ပျက်ပြယ်ခဲ့ပါတယ်။ ဆလိုဗက်ကီးယားရဲ့ ကိုယ်စားလှယ်တွေက အဲဒီ အရေးယူ ပိတ်ဆို့မှုတွေမှာ သင့်တော်တဲ့ အပြောင်းအလဲ တချို့ မလုပ်နိုင်သေးမချင်း မဲခွဲမှုကို ရွှေ့ဆိုင်းထားဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကိုက EUရဲ့ အမှုဆောင် အစုအဖွဲ့ဖြစ်တဲ့ ဥရောပ ကော်မရှင်ဟာ ရုရှားအပေါ် ဦးတည်တဲ့ ၁၈ ကြိမ်မြောက် အရေးယူပိတ်ဆို့ရေး အဆိုပြုချက်တွေမှာ ဆလိုဗက်ကီးယားနိုင်ငံ ထိခိုက်နစ်နာမှုတွေ မရှိစေဖို့ လုံလုံလောက်လောက် အာမခံချက် ပေးမထားခဲ့ဘူးလို့ လူမှုကွန်ရက် မီဒီယာ Facebookမှာ ရေးသားထားခဲ့ပါတယ်။

သူက ၂၀၂၈ ခုနှစ်၊ ဇန်နဝါရီ လဆန်းကစလို့ ရုရှားဆီက ဓာတ်ငွေ့တွေကို EUက ဝယ်ယူမှု ရပ်နားမယ့် ရည်ရွယ်ချက်မှာလည်း ဆလိုဗက်ကီးယားကို ခြွင်းချက်ထားပေးဖို့ ကော်မရှင်ဆီ စာရေးသား တောင်းဆိုထားခဲ့တယ်လို့ ဆိုပါတယ်။ စည်းမျဉ်းတွေအရ အဲဒီကိစ္စကိုတော့ EUဟာ ဆလိုဗက်ကီးယားရဲ့ ဆန္ဒမပါလည်း ရှေ့ဆက်လို့ ရပါတယ်။

Public Service Announcement

Public Service Announcement

ဖီကိုက ရုရှားအပေါ် EUရဲ့ ပိတ်ဆို့ရေး အစီအမံ အသစ်တွေကို ပြည်တွင်းစွမ်းအင် မဖူလုံမှာ စိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြားဝင် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဖီကို အာဏာရလာ ကတည်းက ဟန်ဂေရီနည်းတူ ဆလိုဗက်ကီးယားဟာလည်း ရုရှားအပေါ် EUရဲ့ ပိတ်ဆို့ရေး ကိစ္စတွေ နှောင့်နှေးအောင်၊ ဒါမှမဟုတ် အထမမြောက်အောင် ကဖျက်ယဖျက်တွေ လုပ်လာခဲ့ပါတယ်။ အဲဒီနှစ်နိုင်ငံဟာ EU အဖွဲ့ထဲမှာ ရုရှားနဲ့ ဆက်ဆံရေး အနွေးထွေးဆုံး နိုင်ငံတွေလည်း ဖြစ်ပါတယ်။

ဖီကိုကတော့ EUအနေနဲ့ ၂၀၂၈ ခုနှစ်မှာ ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူမှုတွေ ရပ်တန့်ခဲ့မယ် ဆိုရင်တော့ ဆလိုဗက်ကီးယားကတော့ ၂၀၃၄ ထိ သက်တမ်း ကျန်ရှိနေမယ့် Gazprom ဓာတ်ငွေ့ ဝယ်ယူရေး စာချုပ်ကို ဆက်လက် လေးစားလိုတာကြောင့် အဲဒီကိစ္စမှာ သူ့နိုင်ငံကို ချန်လှပ်ထားခဲ့တာ ပိုကောင်းလိမ့်မယ်လို့လည်း ပြောပါတယ်။

EU အဖွဲ့ဝင် နိုင်ငံအများစုဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူမှုကို တစ်ဆင့်ချင်း လျှော့ချနေပေမယ့် ဆလိုဗက်ကီးယားနဲ့ ဟန်ဂေရီကတော့ ရုရှားဓာတ်ငွေ့အပေါ် ကြီးကြီးမားမား ဆက်လက် မှီခိုနေဆဲပါ။

ဆလိုဗက်ကီးယားရဲ့ ကန့်ကွက်မှုနဲ့ ကြုံအပြီးမှာတော့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်ဟာ ဆလိုဗက်ကီးယား အစိုးရရဲ့ စိုးရိမ်မှုတွေ ပြေလျော့စေမယ့် ပြင်ဆင်ရေး အချက်အလက် တော်တော်များများကို အဆိုပြု ပေးပို့ထားတယ်လို့ သိရပါတယ်။ အဲဒီထဲမှာတော့ ဆလိုဗက်ကီးယားရဲ့ စွမ်းအင် ရင်းမြစ် အကူးအပြောင်းတွေကို သေချာ စောင့်ကြည့်ပေးမယ့် အထူးယူနစ်တစ်ခု ဖွဲ့စည်းပေးဖို့၊ နယ်စပ်ဖြတ်ကျော် ရေနံနဲ့ ဓာတ်ငွေ့ တင်ပို့မှုဆိုင်ရာ အခွန်စည်းကြပ်မှုတွေ ပြန်ညှိဖို့၊ နည်းစနစ်ပိုင်းဆိုင်ရာ ရှင်းလင်းမှုတွေ လုပ်ဆောင်ပေးဖို့၊ ရှိရင်းစွဲ စာချုပ်တွေကို အဆင်ပြေအောင် ပြန်လည် ဆွေးနွေးပေးဖို့ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။

ဖီကိုက ဥရောပ ကော်မရှင်ဆီက အဆိုပြုချက်တွေကို ပြည်တွင်းက နိုင်ငံရေးပါတီ ခေါင်းဆောင် အားလုံးဆီ ပေးပို့ထားပြီး သူတို့ရဲ့ သဘောထား အမြင်တွေကို တောင်းခံထားတယ်လို့ ပြောပါတယ်။ သူ့တစ်ဦးတည်း အမြင်အရတော့ ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူမှုကို ၂၀၂၈ မှာ အပြီးတိုင် ရပ်နားမယ်ဆိုတဲ့ သဘောထားဟာ မရင့်ကျက်ရာ ကျလွန်းတယ်လို့လည်း ဖီကိုက ဝေဖန်ခဲ့ပါတယ်။

EUရဲ့ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ကာဂျာ ကဲလက်စ်က ရုရှားအပေါ် ပိတ်ဆို့ရေး အဆိုပြုချက် အထမမြောက်ခဲ့တာကို စိတ်ပျက်မိကြောင်း ဝန်ခံပြီး နောက်ထပ် ဘာဆက်လုပ်ရမလဲ ဆိုတာကတော့ ဆလိုဗက်ကီးယားအပေါ်မှာပဲ မူတည်တော့ကြောင်း၊ သဘောတူညီမှုတစ်ခု အမြန်ရရှိဖို့ သူမျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။