Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အစ္စရေးက လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ အစ္စရေး လူ့အခွင့်အရေး အဖွဲ့အစည်းတွေ စွပ်စွဲ

အစ္စရေးဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်တဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ အစ္စရေး လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကိုယ်တိုင်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

Reuters

အစ္စရေးဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်တဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ အစ္စရေး လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကိုယ်တိုင်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ ၂၂ လနီးပါး ကြာမြင့်လာပြီဖြစ်တဲ့ စစ်ဆင်ရေးတွေအတွင်း အစ္စရေး စစ်တပ်ဟာ ဒေသခံ ပါလက်စတိုင်းတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအဆင့်ထိ ဆိုးရွားတာတွေ လုပ်ခဲ့တယ်လို့ အစ္စရေးရဲ့ ထင်ရှားတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ B’Tselemနဲ့ Physicians for Human Rights-Israelတို့က ဇူလိုင် ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပါလက်စတိုင်းတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေဟာ အစ္စရေးက ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ် ဆိုတာမျိုး စွပ်စွဲခဲ့ဖူးပေမယ့် အစ္စရေး စစ်တပ်ကတော့ အစဉ်တစိုက် ပယ်ချခဲ့ပါတယ်။ အခုတော့ အဲဒီ အငြင်းအခုံမှာ အစ္စရေး လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကိုယ်တိုင် ပတ်သက်ပါဝင်လာတဲ့ သဘောပါပဲ။

အစ္စရေးမှာတော့ အစိုးရကို မနှစ်မြို့တဲ့ အင်အားစုတွေကတောင်မှ ထိလွယ်ရှလွယ် ဖြစ်နိုင်တဲ့ အဲဒီလို စွပ်စွဲချက်မျိုးကို ရှောင်လေ့ ရှိပါတယ်။ နောက်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က ဟားမားစ် ပြောက်ကျားတွေက အစ္စရေး ပိုင်နက်ကို ကျူးကျော်ပြီး လူ ၁၂၀၀ ကို သတ်ဖြတ်၊ ၂၅၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တဲ့ လုပ်ရပ်ကြောင့် ဂါဇာမှာ အစ္စရေး စစ်တပ် တုံ့ပြန် လုပ်ဆောင်နေတာတွေက ဖြစ်သင့်တယ်ဆိုတဲ့ သဘောထားမျိုး အစ္စရေး နိုင်ငံသား အများစုမှာ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အငြင်းပွားမှုတွေ ဖြစ်လာစေနိုင်တဲ့ စွပ်စွဲချက်ကို ထုတ်ပြန်ခဲ့တဲ့ အစ္စရေး အဖွဲ့အစည်း နှစ်ခုကတော့ နိုင်ငံတကာမှာ ထင်ရှားပြီး လေးစားခံရတဲ့ လူ့အခွင့်အရေး မဏ္ဍိုင်တွေလို့ သတ်မှတ် ခံထားရပါတယ်။

Physicians for Human Rights-Israelရဲ့ ဒါရိုက်တာဖြစ်သူ ဂိုင်းရှက်ဗ်လက်ဗ်က ဂါဇာမှာ အစ္စရေးက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ အရှိတရားကို အစ္စရေးဂျူး အများစုက ဂျူးမုန်းတီးရေး ဝါဒဖြန့်မှုအဖြစ် ယူဆပြီး ငြင်းပယ်လေ့ ရှိကြကြောင်း ပြောပါတယ်။ ဒါပေမဲ့ အစ္စရေး အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တွေ ကိုယ်တိုင်က အဲဒီ အယူအဆမှားကို တွန်းလှန်ပြီး မှန်မှန်ကန်ကန် ကောက်ချက်ဆွဲပြမယ် ဆိုရင်တော့ လူတွေက အမှန်တရားကို ပိုမို အသိအမှတ် ပြုလာမယ်လို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။

အစ္စရေး အစိုးရကတော့ အဲဒီ စွပ်စွဲချက်တွေကို ချက်ချင်း ငြင်းဆိုပြီး ယုတ်ညံ့တဲ့၊ နိုင်ငံရေးအရ ထိုးနှက်လုပ်ကြံမှုတွေ ရောနှောနေတဲ့ စကားတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

အစ္စရေး လူ့အခွင့်အရေး အဖွဲ့နှစ်ခု ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာတော့ အစ္စရေး အာဏာပိုင်တွေဟာ ဂါဇာရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖြိုဖျက်နေပြီး အဲဒီလုပ်ရပ်ကလည်း လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်ကို ပိုပြီး ခိုင်မာအောင် အထောက်အပံ့ ဖြစ်စေတယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားခဲ့ပါတယ်။

အစ္စရေး လူ့အခွင့်အရေး အဖွဲ့တွေရဲ့ တွေ့ရှိချက် အစီရင်ခံမှုတွေ ဆိုတာဟာ အရင်က လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)တို့က အစ္စရေးအပေါ် စွပ်စွဲထားတဲ့ အကြောင်းအရာတွေကို ပြန်လည် မြင်သာ ထင်ဟပ်စေပါတယ်။

ရည်ရွယ်ချက်တူ တခြားအစုအဖွဲ့တွေလိုပဲ B’Tselemနဲ့ Physicians for Human Rights-Israelတို့ရဲ့ အစီရင်ခံစာ တင်ပြချက်တွေဟာ မှတ်တမ်းမှတ်ရာတွေ၊ ကိုယ်တိုင် ကြုံတွေ့သူတွေရဲ့ ထွက်ဆိုချက်တွေ၊ မျက်မြင်သက်သေ ထွက်ဆိုချက်တွေ၊ ဥပဒေ ပညာရှင်တွေနဲ့ ဆွေးနွေး တိုင်ပင် အကြံယူထားတဲ့ အချက်တွေကို စုပေါင်း ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်း အများအပြားကတော့ အစ္စရေးဟာ ပါလက်စတိုင်း ပြည်သူတွေအပေါ် ဆိုးဆိုးရွားရွား ဖိနှိပ်မှုတွေ ရှိနေတဲ့တိုင်အောင် နိုင်ငံတကာ အသိုက်အဝန်းက ထိထိရောက်ရောက် ဖိအားပေး အရေးယူဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဝေဖန်ထားကြပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။