Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ ဖွင့်ထားတာ လပိုင်းပဲ ရှိသေးတဲ့ တံတားကျိုးကျ

တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတာ မကြာလှသေးတဲ့ တံတားတစ်စင်း ကျိုးပြီး မြစ်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။

ဓာတ်ပုံ - X screengrab

တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတာ မကြာလှသေးတဲ့ တံတားတစ်စင်း ကျိုးပြီး မြစ်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ဆီချွမ်ပြည်နယ်ထဲမှာရှိတဲ့ ဟောင်ချိ တံတားဟာ တရုတ်ပြည်မကြီးနဲ့ တိဘက်ဒေသကို ဆက်သွယ် ဖောက်လုပ်ထားရာ အဓိက အဝေးပြေးလမ်းမကြီး တစ်ခုပေါ်မှာ တည်ရှိနေပါတယ်။ ကျိုးကျတဲ့ အချိန်မှာ တံတားကို ကြိုပြီး ပိတ်ထားတဲ့အတွက် လူအသေအပျောက်တော့ မရှိခဲ့ပါဘူး။

အာဏာပိုင်တွေရဲ့ အဆိုအရ အဲဒီနေရာ တဝိုက်မှာ မြေပြိုမှုတွေ ဖြစ်ပွားနေခဲ့ပြီး မြေပြင် အနေအထား စိတ်မချရတာမျိုးတွေကို ကြိုတင် ထောက်လှမ်း သိရှိထားခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ တံတားနဲ့ ကပ်လျက် တောင်စောင်းတွေမှာ မြေသား ပပ်ကြားအက်တွေ ဖြစ်ပေါ်လာတာကို စစ်ဆေး တွေ့ရှိတဲ့အတွက် တံတားကို အရေးပေါ် ပိတ်ထားခဲ့ရတာပါ။

နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ ၇၅၈ မီတာရှည်လျားတဲ့ တံတားရဲ့ အပိုင်းတစ်ခု မြစ်ထဲ ကျိုးကျသွားခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ အဲဒီ မတိုင်ခင်ကတည်းက တာဝန်ရှိသူတွေဟာ တံတားကို ဖြတ်သန်းဖို့ စောင့်နေတဲ့ ယာဉ်တွေ အားလုံးကို ကြိုတင် ရွှေ့ပြောင်းထားသလို တံတားနား မချဉ်းကပ်ဖို့ သတိပေး ဆိုင်းဘုတ်တွေလည်း ထောင်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပိုင်းမှာ ပိုပြီး အခြေအနေ ဆိုးလာတဲ့ မြေပြိုမှုတွေက တံတားရဲ့ အောက်ခြေ ဖောင်ဒေးရှင်းတွေကိုပါ ထိခိုက်စေခဲ့ပြီး ချဉ်းကပ်တံတား တစ်ဖက်စွန်းနဲ့ ပင်မတံတား အပိုင်းတစ်ခု ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။ တံတား ကျိုးသွားတဲ့ မြင်ကွင်းကို ဗီဒီယို မှတ်တမ်း တင်ထားနိုင်ခဲ့ပြီး ဧရာမ ဖုံလုံးကြီးတွေက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတာ တွေ့ခဲ့ရပါတယ်။

အဲဒီတံတားကြီး တည်ဆောက်မှုဟာ နှစ်ဆန်းပိုင်းကမှ ပြီးစီးခဲ့ပြီး ဖွင့်လှစ်ထားတာ လပိုင်းလောက်သာ ရှိသေးတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ တံတားကို ဘယ်အချိန် ပြင်ဆင်ပြီးစီးမလဲ ဆိုတာ တိတိကျကျ မမှန်းနိုင်သေးဘူးလို့ တံတားဆောက်လုပ်ခဲ့တဲ့ ကန်ထရိုက် ကုမ္ပဏီ ဆီချွမ်လမ်းတံတား လုပ်ငန်းက လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

တရုတ်ဟာ နိုင်ငံအနှံ့မှာ လမ်း၊ တံတား၊ အခြေခံ အဆောက်အအုံ ပရောဂျက်တွေကို အရှိန်မြှင့် တည်ဆောက်နေပြီး အခုတံတားကျိုးမှုဟာ အဲဒီ အဆောက်အအုံတွေက ကြမ်းတမ်းပြင်းထန်တဲ့ ရာသီဥတုဒဏ် ခံနိုင်ရည် ရှိမရှိ စိုးရိမ်တကြီး မေးခွန်းထုတ်မှုတွေကို ပိုမို မြင့်တက်လာစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကွင်ဟိုင်ပြည်နယ်မှာ ရထားလမ်း တံတားတစ်ခု တည်ဆောက်ရင်း မြစ်ဝါမြစ်ထဲကို ကျိုးကျခဲ့တာကြောင့် အလုပ်သမား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မနှစ်တုန်းကလည်း ရှန်ရှီးမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် တံတားတစ်စင်း တစိတ်တပိုင်း ကျိုးသွားခဲ့ရာက ကား ၂၅ စီး ရေစီးနဲ့အတူ မျောပါသွားပြီး ၂၄ ဦး ပျောက်ဆုံးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် မေလတုန်းက ကွမ်တောင်းပြည်နယ်ရဲ့ တောင်ထူထပ်ရာ ဧရိယာတစ်ခုက အဝေးပြေးလမ်းတစ်ခု ပဲ့ထွက်ပြီး ပြိုကျသွားတာကြောင့် လူ ၃၆ ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: Newsweek

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြပြီး ပြည်ပနိုင်ငံတွေကနေ ဝင်ရောက်စွက်ဖက်တာကိုလက်မခံဖို့အတွက်တရုတ်နဲ့ မြန်မာစစ်ကောင်စီတို့ မနေ့ (ဒီဇင်ဘာလ ၁၂ ရက်)က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လေပိုင်နက်နားကို တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ချဉ်းကပ် ပျံသန်းခဲ့တဲ့အပေါ် တောင်ကိုရီးယားက တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ဂျပန် ဆက်ဆံရေး တင်းမာနေချိန် ဂျပန်နိုင်ငံနားမှာ တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ပူးပေါင်းပြီး ကင်းလှည့် ပျံသန်းခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ဟာ ဂျပန်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရပါတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲ ပြောကြားခဲ့ပါတယ်။