တရုတ်ကို ဒေါသူပုန် ထစေတဲ့ သူ့ရဲ့ အငြင်းပွားစရာ မှတ်ချက်စကားကို ပြန်ရုပ်သိမ်းဖို့ ဂျပန် ဝန်ကြီးချုပ်က ငြင်းဆိုခဲ့ပါတယ်။
ထိုင်ဝမ်ကို တရုတ်ကသာ ကျူးကျော် တိုက်ခိုက်ရင် ဂျပန်ကလည်း ထိုင်ဝမ်ကိုကူဖို့ တပ်တွေ စေလွှတ်မယ်လို့ အဓိပ္ပါယ်ရတဲ့ မှတ်ချက်စကားကို နိုဝင်ဘာ ၇ ရက်နေ့တုန်းက ဂျပန် လွှတ်တော်မှာ ဝန်ကြီးချုပ် စာနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။
တရုတ်ဟာ အဲဒီစကားအပေါ် ဆတ်ဆတ်ခါ နာသွားပုံမျိုးနဲ့ တုံ့ပြန်ခဲ့ပြီး သံတမန်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး နည်းလမ်းတွေနဲ့ ဂျပန်ကို ဖိအားပေးခဲ့ပါတယ်။ ဒါ့အပြင် ဂျပန် သံအမတ်ကြီးကိုပါ ဆင့်ခေါ်ပြီး ဝန်ကြီးချုပ်ရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ တရားဝင် ကန့်ကွက်ခဲ့ပါတယ်။
ပြဿနာတွေ ဖြစ်နေတဲ့ အခြေအနေမှာ တကအိချိက စကားအပြောအဆိုကို ပိုပြီး ထိန်းသိမ်းခဲ့သလို ထိုင်ဝမ် အရေးနဲ့ ပတ်သက်လို့လည်း နောက်ဆက်တွဲ မှတ်ချက်ပေးတာတွေ မရှိခဲ့ပါဘူး။ နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ သူဟာ တောင်အာဖရိက နိုင်ငံမှာ G20 ထိပ်သီး ညီလာခံ တက်ရောက်ဖို့ ထွက်ခွာမသွားခင် သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ဒီကိစ္စအကြောင်း စကားနည်းနည်း ပြောခဲ့ပါတယ်။

Public Service Announcement
တကအိချိ အနေနဲ့ သူပြောခဲ့တဲ့ မှတ်ချက်စကားကို ပြန်ရုပ်သိမ်းစေဖို့ တရုတ်က တောင်းဆိုနေပေမယ့် ဝန်ကြီးချုပ်ကတော့ သူ့စကားကို ရုပ်သိမ်းဖို့ ငြင်းဆိုသွားပါတယ်။
ဂျပန်ရဲ့ ရပ်တည်မှုကို ထိပါးခြိမ်းခြောက် ခံလာရပြီလို့ ယူဆရင် အစိုးရဟာ ရနိုင်သမျှ သတင်းအချက်အလက် အားလုံးအပေါ် မူတည်ပြီး အချိန်နဲ့ တပြေးညီ အသင့်တော်ဆုံး ဆုံးဖြတ် ရွေးချယ်မှုတွေကို လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ ဒီအကြောင်းကို သူကိုယ်တိုင် အကြိမ်ကြိမ် ရှင်းပြခဲ့ပြီး ဖြစ်သလို ဂျပန်အစိုးရရဲ့ သဘောထားဟာ ပြောင်းလဲသွားမှာ မဟုတ်ကြောင်း တကအိချိက ဆိုပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီတော့ အဲဒီအခြေအနေမျိုး ဖြစ်လာရင် ဂျပန်က တပ်တွေ စေလွှတ်ပြီး ကူညီမယ်ဆိုတဲ့ သဘောမျိုး တကအိချိ ပြောဆိုခဲ့တာဟာ တရုတ်အပေါ် ရန်လိုတဲ့ သဘောထားကို ပြသလိုက်တာလို့ တရုတ်က စွပ်စွဲခဲ့ပါတယ်။
တကအိချိက သူ့ရဲ့ သဘောထားကတော့ တရုတ်-ဂျပန် ဆက်ဆံရေးကို ထိထိရောက်ရောက် မြှင့်တင်သွားဖို့ဖြစ်ပြီး ဒီအကြောင်းကို ပြီးခဲ့တဲ့လက တောင်ကိုရီးယားမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံတုန်းကလည်း အသိပေးခဲ့သေးတယ်လို့ ဆိုပါတယ်။ သူက ရှီကို ပြောခဲ့တဲ့အတိုင်း နှစ်နိုင်ငံကြားမှာ အပြန်အလှန် ကောင်းကျိုး ဖြစ်ထွန်းစေမယ့်၊ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ချင်ကြောင်း၊ ဂျပန်ဖက်ကတော့ အဲဒီရပ်တည်မှုကို လုံးဝ မပြောင်းလဲကြောင်း သူက ပြောကြားသွားပါတယ်။
ကိုးကား: Bloomberg















































