Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်-အမေရိကန် ဆက်ဆံရေး အရမ်းခိုင်မာတယ်လို့ ရှီနဲ့ ဖုန်းပြောအပြီး ထရမ့် ညွှန်းဆို

တရုတ်နဲ့ ဆက်ဆံရေးဟာ အရမ်း ခိုင်မာအားကောင်းတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နဲ့ ဆက်ဆံရေးဟာ အရမ်း ခိုင်မာအားကောင်းတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်းဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့တုန်းက တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းပြောခဲ့တဲ့နောက် ထရမ့်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ထရမ့်နဲ့ ရှီတို့ လူချင်းတွေ့ဆုံခဲ့ပြီး သီတင်းပတ်တချို့ အကြာမှာ သူတို့နှစ်ဦး ဖုန်းဆက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး စူပါပါဝါ နိုင်ငံကြီး နှစ်ခုကြားမှာ ကုန်သွယ်ရေးဆိုင်ရာ အားပြိုင်မှုတွေ တင်းမာနေတာကို ပြန်လည် ဖြေလျှော့ဖို့ နှစ်ဖက်စလုံးက ကြိုးစားနေပါတယ်။ တစ်ဖက်မှာလည်း တရုတ်ဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်နဲ့ သံတမန်ရေးရာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ထရမ့်နဲ့ ဖုန်းပြောချိန်မှာ ရှီက တရုတ်နဲ့ အမေရိကန်တို့ဟာ ဒုတိယ ကမ္ဘာစစ်တုန်းက အတူလက်တွဲပြီး ဖက်ဆစ်နဲ့ စစ်မိစ္ဆာ ဝါဒဆိုးတွေကို ရင်ဆိုင် တိုက်ခိုက်ခဲ့ကြောင်း၊ အတူလက်တွဲ ရယူခဲ့တဲ့ ဒုတိယ ကမ္ဘာစစ် ရလဒ်ကို ဆက်လက်တည်မြဲအောင် ထိန်းသိမ်းဖို့ နှစ်နိုင်ငံလုံးက ကြိုးစားရမှာဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက ဒုတိယ ကမ္ဘာစစ်အလွန် နိုင်ငံတကာ အခင်းအကျင်းတွေကို တည်ငြိမ်အောင် ထိန်းညှိ တည်ဆောက်ရာမှာ ထိုင်ဝမ်ကျွန်းက တရုတ်ပိုင်နက်ထဲ ပြန်လည် ရောက်ရှိရေးဟာလည်း အထူးအရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ထရမ့်ကတော့ သူနဲ့ ရှီတို့ ဖုန်းပြောခဲ့ရာမှာ ထိုင်ဝမ်ကိစ္စကို ထည့်ဆွေးနွေးခဲ့တယ်လို့ မကြေညာပါဘူး။ အဲဒီအစား သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ထရမ့်က သူနဲ့ရှီတို့ ဖုန်းပြောခဲ့တာက အတော်လေး ကောင်းမွန်တဲ့ အခြေအနေ ဖြစ်ခဲ့တယ်လို့သာ ရေးသားထားခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်ရဲ့ ဆက်ဆံရေး အခြေအနေဟာ အထူးခိုင်မာ အားကောင်းနေကြောင်း၊ တောင်ကိုရီးယားမှာ အောင်မြင်တဲ့ ဆွေးနွေးမှုတွေအပြီး သူနဲ့ရှီတို့ အခုလို ထပ်ပြီး ဖုန်းပြောဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့တဲ့ သုံးပတ်က တွေ့ဆုံမှု အပြီးမှာ ကတည်းက နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထင်ရှားတဲ့ တိုးတက်မှုတွေ ရှိလာနေခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။

သူက ဧပြီလထဲမှာ တရုတ်ကို အလည်အပတ် ခရီးစဉ် သွားရောက်ဖို့ ရှီရဲ့ ဖိတ်ကြားမှုကို လက်ခံထားသလို ၂၀၂၆ နှစ်ကုန်ပိုင်းလောက်မှာ အမေရိကန်ကို အလည်အပတ် လာရောက်ဖို့ ရှီကို ဖိတ်ခေါ်ထားတယ်လို့လည်း ပြောပါတယ်။

တရုတ်ဖက်မှာ တွေ့မြင်ရတဲ့ အခြေအနေတွေကို အမေရိကန်က ကျေနပ် ပျော်ရွှင်ကြောင်း၊ တရုတ်ကလည်း တူညီတဲ့ ခံစားချက်မျိုး ရှိနေမှာဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ပြောကြားသွားပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က တောင်ကိုရီးယားမှာ တွေ့ဆုံခဲ့ချိန်မှာ ထရမ့်နဲ့ ရှီတို့ဟာ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေကို လျှော့ချဖို့ အခြေခံ မူဘောင်တွေကို သဘောတူညီခဲ့ကြပါတယ်။ တရုတ်ရဲ့ မြေရှားသတ္တုတွေ တင်သွင်းမှုနဲ့ ပတ်သက်လို့ နောက်ဆုံးအပြီးသတ် သဘောတူညီမှုတွေကို မကြာခင်မှာ ညှိနှိုင်းပြီးစီးဖို့ မျှော်လင့်ထားကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။