Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခိုလှုံခွင့်တွေ ဆိုင်းငံ့ထားမှုကို အချိန်အကြာကြီး သတ်မှတ်ထားမယ်လို့ ထရမ့်ပြော

အမေရိကန်မှာ ခိုလှုံခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားစေတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အချိန်အကြာကြီး ဆက်ပြီး တည်ရှိနေနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်မှာ ခိုလှုံခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားစေတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အချိန်အကြာကြီး ဆက်ပြီး တည်ရှိနေနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဝါရှင်တန် ဒီစီမြို့တော်ထဲက အိမ်ဖြူတော်နဲ့ သိပ်မဝေးတဲ့ လမ်းဆုံတစ်ခုမှာ လုံခြုံရေး စောင့်ကြပ်နေတဲ့ စစ်မှုထမ်း နှစ်ဦးကို အာဖဂန် နစ္စတန် နိုင်ငံသား တစ်ဦးက ပစ်ခတ်ခဲ့ပြီး အသက် ၂၀ အရွယ် စစ်သမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ပြီးတော့ ပြစ်မှု ကျူးလွန်သူဟာ အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် ရရှိထားသူ တစ်ဦးဆိုတာ စစ်ဆေး ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီနောက် ထရမ့်ဟာ အမေရိကန်မှာ ခိုလှုံခွင့် လျှောက်ထား တောင်းခံမှု မှန်သမျှကို အတည်မပြုဘဲ ဆိုင်းငံ့ထားစေဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ အဲဒီ လျှောက်ထားမှုတွေကို ကိုင်တွယ်တဲ့ ဌာနတွေဟာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် စိစစ်နေမှာ ဖြစ်ပေမယ့် ခွင့်ပြုတာ၊ ပယ်ချတာတွေ ဘာမှ လုပ်ခွင့်မရှိဘဲ နောက်ဆုံး အပြီးသတ် ဆုံးဖြတ်မယ့် အဆင့်ရောက်ရင် ဆိုင်းငံ့ထားဖို့ အစိုးရက ညွှန်ကြားထားတာပါ။

နိုဝင်ဘာ ၃၀ မှာတော့ ထရမ့်က အဲဒီလို ဆိုင်းငံ့ကာလကို အကန့်အသတ်မရှိ အချိန်အကြာကြီး ထားရှိဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ သတင်းထောက်တွေက ခိုလှုံခွင့် ဆိုင်းငံ့ကာလ ဘယ်လောက်ထိ ကြာနိုင်သလဲလို့ မေးတဲ့အခါ ထရမ့်က အချိန်ကန့်သတ်ချက် မရှိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အထူးသဖြင့် အမေရိကန်က ပြည်ဝင်ခွင့် ကန့်သတ် ပိတ်ပင်ထားတဲ့ နိုင်ငံ ၁၉ ခုကနေ အမေရိကန်မှာ ခိုလှုံခွင့် လျှောက်ထားမှုတွေကို ပြန်လက်ခံမယ့် အခြေအနေ မရှိကြောင်း ထရမ့်က ပြောသွားပါတယ်။ အဲဒီက လူတွေကို အမေရိကန်က မလိုချင်ကြောင်း၊ ဘာလို့ မလိုချင်လဲဆိုတော့ အများစုက မကောင်းကြလို့ဖြစ်ကြောင်း၊ သူတို့တွေဟာ အမေရိကန် နိုင်ငံထဲမှာ ရှိမနေသင့်ကြောင်း ထရမ့်က ဆက်ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့မှာ အသက် ၂၉ နှစ်အရွယ် အာဖဂန် နိုင်ငံသား ရာမန်နူလာ လာကန်ဝဲလ်ရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန် အမျိုးသား အစောင့်တပ်ရဲ့ အသက် ၂၀ အရွယ် စစ်မှုထမ်း အမျိုးသမီးငယ် ဆာရာ ဘက်စထရွမ်း သေဆုံးခဲ့ပြီး တခြားတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီ ပစ်ခတ်မှု အပြီးမှာ ထရမ့်ဟာ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့် လျှောက်ထားသူတွေအပေါ် ပိုမို ခက်ထန် ရန်လိုတဲ့ မူဝါဒတွေကို ခပ်မြန်မြန် ကျင့်သုံးလာခဲ့ပါတယ်။

ထရမ့်က အမေရိကန်ရဲ့ ပုံမှန်စနစ်တွေ ပြန်လည် ကောင်းမွန်လာစေဖို့အတွက် ဖွံ့ဖြိုးဆဲ တတိယ နိုင်ငံတွေဆီကနေ အမေရိကန်ဆီ ရွှေ့ပြောင်းအခြေချမှု မှန်သမျှကိုလည်း အပြီးတိုင် ရပ်ဆိုင်းပစ်မယ်လို့လည်း လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။ ထရမ့်ရည်ညွှန်းတဲ့ တတိယ နိုင်ငံတွေ ဆိုတာက ဇွန်လကတည်းက အမေရိကန်ကို ပြည်ဝင်ခွင့်တွေ ကန့်သတ်ပိတ်ပင်တာ ခံထားရတဲ့ ၁၉ နိုင်ငံ စာရင်းကို ရည်ညွှန်းကြောင်း နောက်ပိုင်းမှာ အမေရိကန် ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနက ရှင်းလင်းခဲ့ပါတယ်။

အဲဒီ ၁၉ နိုင်ငံ စာရင်းထဲမှာတော့ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်ဒ်၊ ကွန်ဂို၊ ဂီနီယာ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်၊ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလားတို့ ပါဝင်နေပါတယ်။

ကိုးကား: USA Today

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။