Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်လေယာဉ်တွေအတွက် ဒုံးကျည်တွေ အပါအဝင် ယူကရိန်းကို လက်နက်တွေ ထောက်ပံ့မယ့် နယ်သာလန်

တိုက်လေယာဉ်တွေမှာ တပ်ဆင်တဲ့ ဒုံးကျည်တွေ အပါအဝင် စစ်လက်နက် ဒေါ်လာ သန်း ၂၅၀ ဖိုးလောက် ယူကရိန်းဆီ ထပ်မံ ထောက်ပံ့ ပေးပို့သွားဖို့ နယ်သာလန် နိုင်ငံက ကတိပြုခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

တိုက်လေယာဉ်တွေမှာ တပ်ဆင်တဲ့ ဒုံးကျည်တွေ အပါအဝင် စစ်လက်နက် ဒေါ်လာ သန်း ၂၅၀ ဖိုးလောက် ယူကရိန်းဆီ ထပ်မံ ထောက်ပံ့ ပေးပို့သွားဖို့ နယ်သာလန် နိုင်ငံက ကတိပြုခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ နယ်သာလန် အစိုးရဟာ အမေရိကန်ဆီက ဒေါ်လာ သန်း ၂၅၀ ဖိုး စစ်လက်နက်တွေကို ဝယ်ယူပြီး ယူကရိန်းဆီ လွှဲပြောင်းပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ အစီအမံကို အခုနှစ် အစောပိုင်းတုန်းက NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေ ညှိနှိုင်းလက်ခံထားတဲ့ PURL သဘောတူညီမှုနဲ့အညီ အကောင်အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။ PURL သဘောတူညီချက်ရဲ့ အခြေခံ သဘောတရားကတော့ ယူကရိန်းအတွက် အပူတပြင်း အလိုအပ်ဆုံး စစ်လက်နက် လိုအပ်ချက်တွေအတွက် အမေရိကန် ထုတ်ကုန်တွေကို စုပေါင်းဝယ်ယူပြီး ထောက်ပံ့ပေးကြဖို့ ဖြစ်ပါတယ်။

နယ်သာလန်က နောက်ဆုံး ကတိပြုထားတဲ့ လက်နက် ဝယ်ယူရေး အစီအမံမှာတော့ ယူကရိန်းရဲ့ F-16 တိုက်လေယာဉ်တွေမှာ တပ်ဆင်နိုင်မယ့် ဒုံးကျည်တွေ၊ တခြား ခဲယမ်းမီးကျောက်တွေ၊ ယူကရိန်း လေကြောင်း ကာကွယ်ရေး စနစ်တွေအတွက် လိုအပ်မယ့် ပစ္စည်းကိရိယာတွေ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ်လမှာ စတင် အသက်ဝင်လာတဲ့ PURL သဘောတူညီမှုထဲမှာ နယ်သာလန်ဟာ ယူကရိန်းအတွက် လက်တွေ့ ထောက်ပံ့မှုတွေ စတင်တဲ့ ပထမဆုံး နိုင်ငံလည်း ဖြစ်လာပါတယ်။ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးက ယူကရိန်းဟာ PURLရဲ့ စီမံခန့်ခွဲမှုတွေအရ ဒေါ်လာ ၅ ဘီလီယံဖိုးလောက် စစ်ရေး အထောက်အပံ့တွေကို ရရှိလာနိုင်ကြောင်း ပြောပါတယ်။

နယ်သာလန် ကာကွယ်ရေးဝန်ကြီး ရူဘန် ဘရက်ကယ်လ်မန်စ်က ယူကရိန်းအတွက် စစ်လက်နက်တွေ ဝယ်ယူပေးပို့မယ့် စာချုပ်ကို ယူကရိန်း ကာကွယ်ရေး ဝန်ကြီး ဒင်းနစ် ရှာမိုင်ဟဲလ်နဲ့အတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။

နယ်သာလန်ဟာ မနှစ်တုန်းကလည်း အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ တစ်သုတ်ချင်းစီ ထောက်ပံ့ ပို့ဆောင်ခဲ့ပါတယ်။ နယ်သာလန်ဟာ အဲဒီ တစ်ပတ်ရစ် တိုက်လေယာဉ် စုစုပေါင်း ၂၄ စီးထိ ယူကရိန်းကို ထောက်ပံ့မယ်လို့ ကတိပြုခဲ့ပြီး နောက်ဆုံးအသုတ်ကိုတော့ အခုနှစ် မေလကတည်းက ပေးပို့ထားပြီး ဖြစ်ပါတယ်။

စတုတ္ထမျိုးဆက် အပေါ့စား တိုက်လေယာဉ်တွေဖြစ်တဲ့ F-16တွေဟာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြားဖြတ် ဟန့်တားရာမှာ ယူကရိန်းအတွက် အဓိက အားထားရတဲ့ စစ်လက်နက်တွေထဲက တစ်မျိုးအဖြစ်လည်း ရှိနေပါတယ်။

ကိုးကား: Kyiv Independence

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးမှာ တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။