အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၇ ထပ်တိုက်တစ်လုံး မီးလောင်ပြီး လူ ၂၂ ဦး သေဆုံးသွားကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့က မီးလောင်မှုဟာ မြေညီထပ်မှာ ဒရုန်းဘက်ထရီတစ်စီး ပေါက်ကွဲမှုကနေ အစပြုခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဂျကာတာ မြို့လယ်တစ်နေရာက အဆောက်အအုံဟာ အောက်ထပ်က မီးစလောင်တဲ့နောက် မငြှိမ်းသတ်နိုင်သေးခင်မှာတင် အပေါ်ထပ်တွေဆီ လျင်လျင်မြန်မြန် ပျံ့နှံ့ ကူးစက်သွားခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ မီးလောင်မှု အသေးစိတ် အကြောင်းရင်းကိုတော့ မှုခင်းပညာရှင်တွေက ဆက်လက် စုံစမ်းနေဆဲလို့ ဂျကာတာ အလယ်ပိုင်းဇုန် ရဲတပ်ဖွဲ့ အကြီးအကဲ ဆူဆတ်ယို ပွာနိုမိုက ပြောပါတယ်။
မျက်မြင်တစ်ဦးကတော့ နေ့လယ်စာ စားချိန်လောက်မှာ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးသတ်သမားတွေ ရောက်လာချိန်မှာ မီးပမာဏက အရမ်းကြီးမားနေခဲ့ပြီး ဖြစ်တယ်လို့ AFPဆီ မှတ်ချက်ပေးခဲ့ပါတယ်။ ပိုဆိုးတာက အဆောက်အအုံ ထွက်ပေါက် တံခါးတွေက ပိတ်နေခဲ့ပြီး မီးသတ်သမားတွေ အခက်ကြုံခဲ့ကြောင်း၊ သူတို့တွေ စတင်ငြှိမ်းသတ်ချိန်မှာ မီးက အရမ်းကြီးပြီး ရဲရဲတောက် လောင်ကျွမ်းနေပြီဖြစ်ကြောင်း သူက ဆိုပါတယ်။

Public Service Announcement
အစောပိုင်းက သေဆုံးစာရင်းကို ၁၇ ဦးလို့ ထုတ်ပြန်ခဲ့ပေမယ့် ညပိုင်းမှာတော့ ၂၂ ဦးအဖြစ် ပြောင်းလဲ ကြေညာခဲ့ပါတယ်။ သေဆုံးသူတွေထဲက ၁၅ ဦးဟာ အမျိုးသမီးတွေဖြစ်ပြီး တစ်ဦးက ကိုယ်ဝန်ဆောင်ထားတယ်လို့လည်း သိရပါတယ်။ တိုက်ထဲမှာ ပိတ်မိနေသူတွေထဲက ၁၉ ဦးကတော့ အမိုးပေါ်ထိရောက်အောင် ကြိုးစားတွယ်တက်နိုင်ခဲ့ပြီး အသက်ရှင်ကျန်ခဲ့ပါတယ်။
ဂျကာတာ မီးသတ်ဌာနကတော့ မီးသတ်ကား ၂၉ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကို အခင်းဖြစ်ရာ နေရာဆီ စေလွှတ်ခဲ့ကြောင်း ပြောပါတယ်။ မီးလောင်ခဲ့တဲ့ ၇ ထပ်တိုက်ဟာ ဂျကာတာ မြို့လယ်နားက လူအသွားအလာ ရှုပ်ထွေးတဲ့ ကီမာယိုရန် ဧရိယာမှာ တည်ရှိပါတယ်။
အနီးအနားမှာ ရှိနေသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆူဆတ်ယိုက ပြောပါတယ်။ မီးကို လုံးဝငြှိမ်းသတ်ခဲ့ပြီးတဲ့နောက် အဆောက်အအုံ ပြန်လည် အပူလျော့သွားအောင်စောင့်ပြီး အထပ်တစ်ထပ်ချင်းစီကို ရဲနဲ့ မီးသတ်တွေ ပူးပေါင်း ရှာဖွေနေတယ်လို့လည်း သူက ဆိုပါတယ်။
ရှာတွေ့တဲ့ ရုပ်အလောင်းတချို့က မီးလောင်ကျွမ်း ခံထားရပေမယ့် အများစုကတော့ မီးခိုးမွှန်ပြီး အောက်စီဂျင် ပြတ်သွားခဲ့တဲ့ လက္ခဏာတွေ တွေ့ရှိထားပါတယ်။ အလောင်းတွေကိုတော့ သေမှုသေခင်း စစ်ဆေးဖို့ ဆေးရုံတွေဆီ ပို့ဆောင်ထားပါတယ်။
မီးလောင်မှု ဖြစ်ပွားတဲ့ အဆောက်အအုံကို စိုက်ပျိုးရေး လုပ်ငန်းသုံး ဒရုန်းကုမ္ပဏီတစ်ခုက အသုံးပြုနေခဲ့တာလို့ AFPက ဖော်ပြခဲ့ပါတယ်။ မီးငြိမ်းသွားတဲ့တိုင် အရမ်းအပူလွန်ကဲနေသေးတာကြောင့် မီးသတ်တွေဟာ အပူရှိန်ကို လျှော့ချဖို့အတွက် အကြီးစား ပန်ကာကြီးတွေကို အသုံးပြုခဲ့ရပါတယ်။
မီးလောင်မှုဟာ လူတွေရဲ့ ပေါ့လျော့မှု၊ တာဝန်မဲ့မှုနဲ့ အဆက်အစပ် ရှိသလား ဆိုတာကို ရဲတွေက စုံစမ်းနေပြီး တကယ်လို့ မဖြစ်သင့်တဲ့ အမှားတွေကို တွေ့ရှိခဲ့မယ်ဆိုရင် နောက်ဆက်တွဲ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆူဆတ်ယိုက ပြောကြားသွားပါတယ်။
ကိုးကား: AFP


















































