တရုတ်ရဲ့ နည်းပညာမြင့် ဒရုန်းအမျိုးအစားသစ် CH-7ကို ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် စမ်းသပ် ပျံသန်းခဲ့ပါတယ်။
China Academy of Aerospace Aerodynamics ၂၀၁၈ ခုနှစ်၊ ၁၂ ကြိမ်မြောက် တရုတ် လေကြောင်း နည်းပညာ ပြပွဲမှာ နမူနာ မော်ဒယ်အဆင့် ပွဲထုတ် မိတ်ဆက်ခဲ့တဲ့ CH-7ကို နိုင်ငံအနောက်မြောက်ပိုင်း ဒေသမှာ ပထမဆုံးအကြိမ် လက်တွေ့ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။
CH-7ဟာ ကမ္ဘာမြေမျက်နှာပြင်အထက် အရမ်းမြင့်မားတဲ့ နေရာမှာ မြန်နှုန်းမြင့်မြင့်နဲ့ ပျံသန်းနိုင်သလို အချိန်ကြာမြင့်တဲ့ စစ်ဆင်ရေးတွေကိုလည်း ကိုင်တွယ်နိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) နည်းပညာလည်း ပေါင်းစပ်ထားမယ်လို့ ဆိုပါတယ်။
တရုတ်မီဒီယာတွေရဲ့ အဆိုအရ ရေဒါအများစုဟာ CH-7ကို ထောက်လှမ်းနိုင်ဖို့ မဖြစ်နိုင်သလောက် ခက်ခဲလိမ့်မယ်လို့ သိရပါတယ်။ CH-7ရဲ့ ပထမဆုံး စမ်းသပ် ပျံသန်းမှုမှာ ဒရုန်းလေယာဉ်ကို အမြင့် ၁၆ မီတာလောက်မှာသာ ထိန်းသိမ်း ပျံသန်းစေခဲ့ပြီး စုစုပေါင်း ပျံသန်းမှု ကြာချိန်ကတော့ ၁၆ နာရီထိ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
အဲဒီ မောင်းသူမဲ့ လေယာဉ်ဟာ ပစ်မှတ်ရှာမှု၊ အနီအောက် ရောင်ခြည်သုံး ထောက်လှမ်းမှု ကင်မရာတွေ အပါအဝင် ခေတ်အမီဆုံး စစ်ရေးနဲ့ ထောက်လှမ်းရေး ကိရိယာတွေကို တပ်ဆင်ထားပါတယ်။
CH-7ကို စိတ်ကူးယဉ် နမူနာ မော်ဒယ်အဆင့် စတင်မိတ်ဆက်ပြီးချိန် ကတည်းက အစဉ်တစိုက် အဆင့်မြှင့် မွမ်းမံမှုတွေ လုပ်ဆောင်လာခဲ့ပြီး အခုတော့ လက်တွေ့ ပျံသန်းတဲ့ အဆင့်ထိ ရောက်လာတာ ဖြစ်ပါတယ်။ ပထမဆုံး ပျံသန်းမှုမှာ ကျေနပ်စရာ အနေအထားမျိုး ပိုင်ဆိုင်ခဲ့တဲ့နောက် လာမယ့် စမ်းသပ်မှုတွေကျရင် ဒရုန်းရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေကို ဆန်းစစ်ဖို့ တစ်ဆင့်ချင်း လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။
ဘေဂျင်းမှာ အခြေစိုက်တဲ့ China Academy of Aerospace Aerodynamicsဟာ ပထမဆုံးမျိုးဆက် CH ဒရုန်းတွေကို ၁၉၉၉ ခုနှစ်မှာ စတင် တီထွင်ခဲ့ပြီး နောက်ပိုင်းမှာတော့ စစ်သုံး ဒရုန်း အရွယ်မျိုးစုံကို ထုတ်လုပ် ရောင်းချခဲ့ပါတယ်။
CH-7ကတော့ ပဉ္စမမျိုးဆက် အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေမှာ ပါဝင်တဲ့ ကိုယ်ပျောက် နည်းပညာကိုပါ ထည့်သွင်း အသုံးပြုထားပြီး တရုတ်ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဒရုန်းဖြစ်လာမယ်လို့လည်း သိရပါတယ်။
ကိုးကား: CGTN


















































