Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ အဆင့်အမြင့်ဆုံး ဒုံးကျည်တွေ ပြည်တွင်းမှာ စတင်ဖြန့်ကျက်မယ်လို့ ဘီလားရုစ် သမ္မတပြော

ပြည်တွင်းမှာ ရုရှားရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် Oreshnik ဒုံးကျည်တွေ စတင် ဖြန့်ကျက်တော့မယ်လို့ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ပြောကြားခဲ့ပါတယ်။

ပြည်တွင်းမှာ ရုရှားရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် Oreshnik ဒုံးကျည်တွေ စတင် ဖြန့်ကျက်တော့မယ်လို့ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ပွဲရပ်ဆိုင်းရေး ကိစ္စအတွက် ဆွေးနွေးမှုတွေ အရမ်းအရေးကြီးတဲ့ အဆင့်ကို ရောက်ရှိနေချိန်မှာ ယူကရိန်းရဲ့ အိမ်နီးချင်း၊ ရုရှားရဲ့ မဟာမိတ် ဘီလားရုစ်က နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ မဟာဗျူဟာ ဒုံးကျည်တွေ ဖြန့်ကျက်ထားမှုကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

လူကာရှန်ကိုဟာ ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်လို့ သတ်မှတ်ခံရပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ အနီးကပ်ဆုံး မဟာမိတ် တစ်ဦးပါ။

Oreshnik ဒုံးကျည်တွေဟာ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြည်တွင်းကို စတင်ရောက်ရှိလာပြီလို့ လူကာရှန်ကိုက ဆိုပေမယ့် အရေအတွက် ဘယ်လောက်များသလဲ၊ နိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းတွေမှာ ဖြန့်ကျက်မလဲ ဆိုတဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပူတင်က ဘီလားရုစ်မှာ Oreshnik ဒုံးကျည်တွေကို အသင့်အနေအထား ဖြန့်ကျက်မှုဟာ အခုလထဲမှာ ပြီးမြောက်မယ်လို့ ပြောခဲ့ပေမယ့် တခြား အချက်အလက်တွေကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

ရုရှား စစ်တပ် ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ ပူတင်က အဲဒီ ဒုံးကျည်တွေ ဖြန့်ကျက်မှုကို အတည်ပြုခဲ့ပြီး ရုရှားက အဆိုပြုထားတဲ့ စစ်ရပ်စဲရေး အဆိုကို ယူကရိန်းနဲ့ အနောက်ဥရောပ နိုင်ငံတွေက ဖျက်လိုဖျက်ဆီး လုပ်မယ်ဆိုရင် ယူကရိန်းမှာ နောက်ထပ် နယ်မြေတွေ ချဲ့ထွင် သိမ်းယူဖို့ ရုရှားက ထိုးစစ်ဆင်သွားမယ်လို့လည်း ပြောကြားသွားပါတယ်။

ရုရှားဟာ အရင်ကလည်း စစ်အေးခေတ်နောက်ပိုင်း ပြည်ပမှာ နျူကလီးယား စစ်လက်နက်တွေ ဖြန့်ကျက်မှုအဖြစ် ဘီလားရုစ် ပိုင်နက်ထဲကို အဲဒီ ဖျက်အားပြင်း လက်နက်တွေ ပို့ဆောင်ခဲ့ဖူးပါတယ်။ လူကာရှန်ကိုက ဘီလားရုစ်မှာ ရုရှားရဲ့ မဟာဗျူဟာ နျူကလီးယား စစ်လက်နက် အရေအတွက် ဒါဇင်တချို့ ရှိနေတယ်လို့ ပြောာကားထားပါတယ်။

ရုရှားဟာ Oreshnik ဒုံးကျည်ရဲ့ နျူကလီးယား မဟုတ်ဘဲ သမားရိုးကျ ထိပ်ဖူး တပ်ဆင်ထားတဲ့ အမျိုးအစားကို ယူကရိန်း စစ်မြေပြင်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတုန်းက ပထမဆုံးအကြိမ် အသုံးပြုခဲ့ပါတယ်။ အဲဒီတုန်းက ယူကရိန်း စက်ရုံတစ်ခုကို Oreshnikနဲ့ ပစ်ခတ်ပြီး ဖျက်ဆီးခဲ့တာပါ။

ပူတင်က Oreshnikဟာ အသံရဲ့ ၁၀ ဆလောက်ထိ အရမ်းမြန်မြန် ပျံသန်းနိုင်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လေကြောင်းကာကွယ်ရေး စနစ်ကမှ ကြားဖြတ် ပစ်ချနိုင်မှာ မဟုတ်ဘူးလို့ ကြွေးကြော်ထားပါတယ်။

ရုရှား အစိုးရ မီဒီယာကလည်း အဲဒီ ဒုံးကျည်တွေဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် ပိုလန်နိုင်ငံမှာ ရှိနေတဲ့ စစ်အခြေစိုက် စခန်းတစ်ခုဆီ ၁၁ မိနစ်အတွင်း ရောက်ရှိနိုင်ပြီး ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ထဲက NATO ဌာနချုပ်ထိ ရောက်အောင် ၁၇ မိနစ်ပဲ အချိန်ယူရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီဒုံးကျည်မှာ တင်ဆောင်လာတာဟာ သမားရိုးကျ ထိပ်ဖူးလား၊ နျူကလီးယား ထိပ်ဖူးလား ဆိုတာကို မပေါက်ကွဲခင်ထိ ကြိုသိနိုင်စရာ အကြောင်းမရှိဘူးလို့လည်း ခြိမ်းခြောက်ထားပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။