Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူ ၄၀ သေဆုံးခဲ့တဲ့ ရထားချင်းတိုက်မှုကို ထိထိရောက်ရောက် စုံစမ်းစေမယ်လို့ စပိန်ဝန်ကြီးချုပ် ကတိပေး

လူ ၄၀ ထက်မနည်း သေဆုံးခဲ့တဲ့ ရထားနှစ်စီး တိုက်မိမှု ဖြစ်စဉ်ကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးစေမယ်လို့ စပိန် ဝန်ကြီးချုပ်က ကတိပြု ပြောကြားလိုက်ပါတယ်။

လူ ၄၀ ထက်မနည်း သေဆုံးခဲ့တဲ့ ရထားနှစ်စီး တိုက်မိမှု ဖြစ်စဉ်ကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးစေမယ်လို့ စပိန် ဝန်ကြီးချုပ်က ကတိပြု ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၁၈ ရက် ညပိုင်းတုန်းက နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ မက်ဒရစ် မြို့တော်နဲ့ တောင်ဖက်စွန်းက မာလာဂါမြို့ကြား ဆက်သွယ်ထားရာ အမြန်ရထား လမ်းပိုင်းမှာ ရထားနှစ်စီး တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ဇန်နဝါရီ ၂၀ မနက်ပိုင်းထိ အခြေအနေအရ သေဆုံးသူ ၄၀ ထိ ရှိလာပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ စပိန်နိုင်ငံ သမိုင်းမှာ ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဆုံး ရထား မတော်တဆမှု အဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။

မာလာဂါကနေ ထွက်ခွာလာပြီး မက်ဒရစ်ကို ဦးတည်နေတဲ့ အမြန်ရထားဟာ သံလမ်းကနေ ချော်ထွက်ပြီး အပြိုင်လမ်းကြောင်းပေါ်မှာ မျက်နှာချင်းဆိုင် ခုတ်မောင်းလာတဲ့ တခြားရထားကို အရှိန်နဲ့ ဝင်ဆောင့်ခဲ့တာ ဖြစ်ပါတယ်။ ရထားချင်း တိုက်မိတဲ့ အရှိန်က ပြင်းလွန်းတာကြောင့် ရထားတွဲတွေ တွန့်လိမ်သွားပြီး ဒဏ်ရာရသူတွေနဲ့ ရုပ်အလောင်းတွေပါ ပိတ်မိနေခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ စပိန် ဝန်ကြီးချုပ် ပက်ဒရို ဟွမ်းချက်ဇ်ဟာ အဒါမူဇ် မြို့နားမှာရှိတဲ့ ရထားချင်းတိုက်မိတဲ့ နေရာကို ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။ တခြား အရာရှိတွေနဲ့အတူ အဒါမူဇ်ကို ရောက်လာချိန်မှာ ဟွမ်းချက်ဇ်က ဒါဟာ တစ်နိုင်ငံလုံးအတွက် ကြေကွဲစရာ နေ့တစ်နေ့လို့ ပြောကြားခဲ့ပါတယ်။ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို မှန်မှန်ကန်ကန် ဖော်ထုတ်ဖို့ အစိုးရမှာ တာဝန်ရှိကြောင်း၊ အဲဒီအတွက်လည်း အဖြေရှာသွားမှာ ဖြစ်ကြောင်း၊ ဘာကြောင့် ဒီလောက် ဆိုးရွားတဲ့ ကိစ္စကြီး ဖြစ်ခဲ့သလဲ ဆိုတာကို ဇစ်မြစ်သေချာ ရှာဖွေဖို့ လိုအပ်ကြောင်း၊ စုံစမ်းမှုတွေကလည်း ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှု ရှိစေမယ်လို့ အာမခံကြောင်း ဟွမ်းချက်ဇ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပို့ဆောင်ရေးဝန်ကြီး အော်စကာ ပူယန်တေးက ဖြစ်စဉ်ကို စုံစမ်းဖို့အတွက် အချိန်တစ်လလောက် ယူရနိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။ ထားလမ်းချော်ခဲ့တဲ့ အပိုင်းဟာ သံလမ်းကို အဖြောင့်အတိုင်း ဖောက်လုပ်ထားပြီး အကွေ့နေရာ မဟုတ်ကြောင်း၊ ဒီဖြစ်ရပ်မျိုးက အရမ်းထူးဆန်းနေကြောင်း ဝန်ကြီး ပူယန်တေးက ဆိုပါတယ်။ ပြီးတော့ ရထားလမ်းကို ပြီးခဲ့တဲ့နှစ် မေလကမှ ပြန်လည် ပြင်ဆင် မွမ်းမံမှုတွေ လုပ်ထားခဲ့တာ ဖြစ်ပါတယ်။

ကနဦး စစ်ဆေးမှုတွေမှာတော့ သံလမ်းရဲ့ ဆက်ကြောင်းနေရာတစ်ခုမှာ အပြစ်ဖြစ်နေပြီး အကျိုးဆက်အဖြစ် သံလမ်းတွေ ဆက်ထားတဲ့ နေရာမှာ ဟနေတာကို ရှာတွေ့ထားတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ အဲဒီပြဿနာကြောင့်ပဲ ရထားက လမ်းချော်ထွက်သွားသလား ဆိုတာကို အတည်မပြုနိုင်သေးပေမယ့် လက်ရှိမှာတော့ သံသယ အဖြစ်သင့်ဆုံး အကြောင်းတရားလို့ ယူဆထားပါတယ်။

ရထားနှစ်စီးပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း ၄၀၀ ကျော်လောက် စီးနင်းလိုက်ပါခဲ့ကြတာ ဖြစ်ပါတယ်။ ဒဏ်ရာရထားသူ ၁၂၂ ဦးအနက် ကလေးတွေ အပါအဝင် ၄၁ ဦးကတော့ ဆေးရုံတက်နေရဆဲဖြစ်ပြီး လူနာ ၁၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရကြောင်း ပူယန်တေးက ဆိုပါတယ်။ သူက သေဆုံးစာရင်းကို မပိတ်သိမ်းနိုင်သေးကြောင်း ဝန်ခံထားပြီး ထပ်တိုးလာနိုင်ခြေရှိကြောင်း ဖွင့်ဟထားပါတယ်။

တချို့ရုပ်အလောင်းတွေက အတော်ကြီး အခြေအနေ ဆိုးနေတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားသိနိုင်ဖို့လည်း တာဝန်ရှိသူတွေက ကြိုးစားနေပါတယ်။ ရထားချင်း တိုက်မိမှုမှာ ပါဝင်ခဲ့တဲ့ တစ်စီးက Freccia 1000 အမျိုးအစား ကျည်ဆန်ရထားဖြစ်ပြီး တစ်နာရီ ကီလိုမီတာ ၄၀၀ နှုန်းထိ ခုတ်မောင်းနိုင်တယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – The New York Times, Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အာဖရိကမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေလေး တစ်ခုဆီ မော်ရိုကို နိုင်ငံကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်း ရုတ်တရက် ဝင်ရောက်လာတာကြောင့် စပိန်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပူတပြင်း စေလွှတ်နေရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။