အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေကို တရားဝင် နေထိုင်ရေး အသိအမှတ်ပြုမယ့် အစီအစဉ် တစ်ခုကို စပိန်အစိုးရက ကြေညာခဲ့ပါတယ်။
အဲဒီ အစီအစဉ်ရဲ့ အကျိုးကျေးဇူးကို လူပေါင်း ၅ သိန်းလောက် ခံစားခွင့် ရမယ်လို့ ယူဆရပါတယ်။ ပြန်လည်ပြင်ဆင်သွားမယ့် စည်းမျဉ်းအရ စပိန်ကို ရောက်နေတဲ့ အထောက်အထားမဲ့ အခြေချသူတွေဟာ ပြစ်မှုမှတ်တမ်း မရှိကြောင်းနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် အနည်းဆုံး ၅ လကတည်းက စပိန်မှာ ရောက်ရှိ နေထိုင်နေကြောင်း ပြသနိုင်ရင် နေထိုင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေ ရရှိလာမှာ ဖြစ်ပါတယ်။
ဒါဟာ စပိန်နိုင်ငံအတွက် သမိုင်းဝင် နေ့တစ်နေ့ ဖြစ်လာစေတယ်လို့ အစိုးရရဲ့ ပေါင်းစည်းရေး၊ လူမှုဖူလုံရေးနဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဝန်ကြီး အယ်လ်မာဆိုင်းဇ်က ပြောကြားခဲ့ပါတယ်။
စည်းမျဉ်းသစ်အရ နေထိုင်ခွင့် အသိအမှတ်ပြုမှု ခံစားရရှိသူတွေဟာ စပိန်မှာ ပထမဆုံး တစ်နှစ်ကြာ နေထိုင်ခွင့် ရရှိမှာဖြစ်ပြီး နောက်ပိုင်းမှာ ဆက်လက် သက်တမ်းတိုးသွားနိုင်မယ်လို့ ဆိုပါတယ်။

Public Service Announcement
အထောက်အထားမဲ့ ရောက်ရှိနေသူတွေ အနေနဲ့ အဲဒီပါမစ် လျှောက်ထားခွင့်ကို ဧပြီလမှာ စတင် တင်သွင်းနိုင်ပြီး ဇွန်လထိ လျှောက်လွှာတင်ခွင့် ပြုထားမယ်လို့ ယူဆရပါတယ်။ အဲဒီ စည်းမျဉ်း အပြောင်းအလဲကိုတော့ လူ့အခွင့်အရေး၊ မတူကွဲပြားမှုတွေကို ပေါင်းစည်းရေး၊ သဟမျှတစွာ နေထိုင်ရေး ခံယူချက်မျိုးတွေအပေါ် အခြေခံ ရေးဆွဲခဲ့တယ်လို့ ဆိုင်းဇ်က ပြောကြားသွားပါတယ်။
စပိန်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရွှေ့ပြောင်းအခြေချသူတွေ၊ အထူးသဖြင့် လက်တင်အမေရိက ဒေသတွင်း နိုင်ငံတွေနေ ပြောင်းရွှေ့လာသူတွေ အလုံးအရင်း ဝင်ရောက်မှုကို ကြုံနေရပါတယ်။
သုတေသန ဌာနတစ်ခုဖြစ်တဲ့ Funcasရဲ့ အဆိုအရ ၂၀၁၇ တုန်းက စပိန်ကို အထောက်အထားမဲ့ ဝင်ရောက်သူ ၁၁၀၀၀၀ နီးပါး ရှိခဲ့ရာကနေ ၂၀၂၅ မှာတော့ ၈၄၀၀၀၀ နီးပါး၊ တစ်နည်းအားဖြင့် ၈ ဆနီးပါးလောက် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
စပိန်ကို အများဆုံး ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအခြေချသူတွေကတော့ ကိုလံဘီယာ၊ ပီရူးနဲ့ ဟွန်းဒူးရပ်စ် နိုင်ငံသားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆိုရှယ်လစ် အင်အားစုတွေ ဦးဆောင်တဲ့ စပိန်ညွန့်ပေါင်း အစိုးရဟာ ဥရောပ နိုင်ငံကြီးတွေရဲ့ စီးပွားရေး တိုးတက်မှုအတွက် ရွှေ့ပြောင်းအခြေချသူတွေရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြဖို့ အစဉ်တစိုက် ကြိုးစားနေခဲ့ပါတယ်။
စပိန်ဟာ စီးပွားရေး တိုးတက်မှုနှုန်းအရ တခြား ဥရောပ အင်အားကြီး နိုင်ငံတွေထက် အသာစီး ရနေပြီး ၂၀၂၅ မှာလည်း နှစ်အလိုက် စီးပွားရေး တိုးတက်နှုန်း ၃ ရာခိုင်နှုန်းနီးပါးထိ ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ စပိန်ရဲ့ နှစ်ရှည်လများ ခေါင်းခဲစရာ ဖြစ်ခဲ့ဖူးတဲ့ အလုပ်လက်မဲ့ ပြဿနာဟာလည်း ၂၀၀၈ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ၁၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းသွားကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – The New York Times


















































