ပါကစ္စတန် နိုင်ငံရဲ့ မြို့တော်မှာ အသေခံ ဗုံးခွဲမှု တစ်ခုကြောင့် လူ ၃၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့တုန်းက သောကြာနေ့ ဝတ်ပြုသူတွေ စည်ကားနေတဲ့အချိန် အစ္စလာမ်မာဘတ် မြို့တော်ထဲက ဗလီတစ်ခုကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှု ဖြစ်ခဲ့တာပါ။
ဒါဟာ ၂၀၂၃ ခုနှစ်တုန်းက နိုင်ငံ အနောက်မြောက်ပိုင်း ပီရှာဝါမြို့မှာ ဗလီတစ်ခု ဗုံးခွဲခံရလို့ လူ ၁၀၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ပါကစ္စတန်မှာ ကြုံဖူးတဲ့ အဆိုးဆုံး အကြမ်းဖက် တိုက်ခိုက်မှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အစ္စလာမ်မာဘတ် မြို့တော်က ဗုံးပေါက်ကွဲမှုအတွင်း ၃၁ ဦးထက်မနည်း သေပြီး ၁၆၉ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဝတ်ပြုနေတဲ့အချိန် သေနတ်သံတွေ ကြားခဲ့ပြီး အဲဒီနောက် ကျယ်လောင်လှတဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ကြောင်း အဲဒီတုန်းက ဗလီမှာ ရှိနေခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသား ဆိုင်ယိဒ် အမီ ဟူစိန် ရှားဟ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
ကိုယ်တိုင်လည်း ဒဏ်ရာရခဲ့တဲ့ ရှားဟ်က ဗုံးကွဲမှု ဖြစ်ခဲ့တဲ့အချိန် ဗလီ ခန်းမဆောင်ထဲမှာ လူ ၄၀၀ ကျော်လောက် ရှိနေခဲ့တယ်လို့ ပြောပါတယ်။
ပါကစ္စတန်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း စစ်သွေးကြွတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပိုမိုကြုံတွေ့လာနေပေမယ့် အစောင့်အကြပ် အရမ်းတင်းကျပ်ထားတဲ့ မြို့တော် အစ္စလာမ်မာဘတ်မှာတော့ အဲဒီလို အခြေအနေမျိုးတွေက ရှားပါတယ်။ နိုဝင်ဘာလတုန်းကတော့ မြို့တော်ထဲမှာ ဗုံးခွဲမှုတစ်ခုကြောင့် လူ ၁၂ ဦး သေခဲ့ပြီး အစ္စလာမ်မာဘတ်မှာ နှစ်ပေါင်း ၂၀ လောက်အတွင်း အဆိုးဆုံး အကြမ်းဖက်မှု ဖြစ်ခဲ့ပါတယ်။
အခုနောက်ဆုံး တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ကျူးလွန်သလဲဆိုတာကို မကြေညာသေးပေမယ့် ကနဦး စုံစမ်းမှုတွေအရ ပါကစ္စတန် တာလီဘန် (TTP)က လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ TTPဟာ အရင်ကလည်း ပါကစ္စတန်မှာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ TTPကတော့ ဒီဖြစ်ရပ်နဲ့ ဆက်စပ်မှု မရှိကြောင်း ငြင်းဆိုထားပြီး သူတို့ရဲ့ ပစ်မှတ်ဟာ ပါကစ္စတန် လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ အပေါင်းအပါ အလိုတော်ရိတွေသာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
ပါကစ္စတန် သမ္မတ အဆစ်ဖ် အလီ ဇာဒါရီက ဒီတိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တစ်ခုလို့ စွပ်စွဲခဲ့ပါတယ်။ ပြီးတော့ ထိခိုက်နစ်နာခဲ့သူတွေ၊ မိသားစုတွေနဲ့အတူ တစ်နိုင်ငံလုံးက တစ်သားတည်း ရပ်တည်ကြောင်း သူက ပြောကြားသွားပါတယ်။
ကိုးကား: CNN

















































