နိုင်ငံပိုင်နက်ထဲကို ကျူးကျော်ပြီး ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေက ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ တိုက်ခိုက်မှုမှာတော့ အာဖဂန် တောင်ပိုင်းမှာ တည်ရှိပြီး ပါကစ္စတန်နဲ့ ထိစပ်နေရာ ကန်ဒါဟာနဲ့ တခြားဒေသ တချို့ကို ပါကစ္စတန်က ပစ်မှတ်ထားခဲ့ကြောင်း သိရပါတယ်။ ပါကစ္စတန် ပြန်ကြားရေး ဝန်ကြီးဌာနကတော့ အာဖဂန်မှာရှိတဲ့ နေရာပေါင်း ၁၀ ခုကို တိုက်ခိုက်ခဲ့တဲ့အကြောင်း အတည်ပြု ကြေညာပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။
အိမ်နီးချင်း အာဖဂန်ဟာ အကြမ်းဖက် အဖွဲ့အစည်းတွေကို ခိုလှုံခွင့် ပေးထားတယ်လို့လည်း ပါကစ္စတန်က စွပ်စွဲခဲ့ပါတယ်။
တာလီဘန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဇူဘီဟူလာ မူဂျာဟစ်က ပါကစ္စတန် စစ်အစိုးရဟာ နောက်တစ်ကြိမ် ရန်လို ကျူးကျော်မှုတွေ ပြသခဲ့ပြီး အာဖဂန်ရဲ့ ကန်ဒါဟာ၊ ပက်ခ်တီယာနဲ့ ခေါ့စ် ဒေသတွေမှာ ဗုံးကြဲခဲ့တယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။ မူဂျာဟစ်က ပါကစ္စတန် အစိုးရကို စစ်အစိုးရ (military regime)လို့ သုံးနှုန်းထားခဲ့ပါတယ်။

Public Service Announcement
ရာဇဝတ်မှုမြောက်တဲ့ ကျူးကျော်ရန်စ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း၊ အာဖဂန်ဟာ ဒီလုပ်ရပ်အတွက် သင့်တော်သလို လက်တုံ့ပြန်မှာဖြစ်ကြောင်းလည်း မူဂျာဟစ်က ဆိုပါတယ်။ တာလီဘန်တွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကဘူးလ်မှာရှိတဲ့ ပါကစ္စတန် သံရုံး တာဝန်ခံ အကြီးအကဲကို ဆင့်ခေါ်ပြီး နိုင်ငံရဲ့ ဝေဟင်နဲ့ မြေပြင်ပိုင်နက်တွေကို ထိပါးကျူးကျော်တဲ့ လုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း အာဖဂန်နဲ့ နယ်စပ်နားမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အာဖဂန် တာလီဘန်တွေနဲ့ အကြမ်းဖက် စစ်သွေးကြွ ၃၀ နီးပါးလောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ပါကစ္စတန်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ မတိုင်ခင်တုန်းက ပါကစ္စတန် မြောက်ပိုင်းက ရဲစခန်းတစ်ခုကို အသေခံ ဗုံးခွဲပြီး လက်နက်ကိုင်တွေက စီးနင်းတိုက်ခိုက်တဲ့ ဖြစ်စဉ်ကြောင့် ၃၁ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ ဗုံးကြဲမှုတွေနဲ့ ပတ်သက်လို့တော့ ကန်ဒါဟာ ဒေသခံ တစ်ဦးက ဂျက်လေယာဉ် ပျံသန်းလာတဲ့ အသံကို ကြားလိုက်ရတဲ့နောက် ကန်ဒါဟာ မြို့လယ်လောက်မှာ ပေါက်ကွဲသံတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ပါကစ္စတန် ပြန်ကြားရေး ဝန်ကြီး အတူလာ တာရားက ပါကစ္စတန် စစ်တပ်ဟာ တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေ အသုံးပြုပြီး သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို တိတိကျကျ ချေမှုန်း ဖျက်ဆီးပစ်ခဲ့တာလို့ ပြောကြားသွားပါတယ်။
ပါကစ္စတန် အစိုးရကို တိုက်ခိုက်နေတဲ့ ပါကစ္စတန် တာလီဘန်တွေကို အာဖဂန် တာလီဘန် အစိုးရက လက်ခံ ခိုလှုံခွင့် ပြုထားကြောင်း ပါကစ္စတန်က စွပ်စွဲနေပြီး အာဖဂန် တာလီဘန်တွေကတော့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။
ကိုးကား: AFP



















































