Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆူဒန် ပြည်တွင်းစစ်အတွင်း လူမျိုးသုဉ်း သတ်ဖြတ်မှု လက္ခဏာတွေ တွေ့ရှိခဲ့တယ်လို့ဆို

ဆူဒန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက် သတ်ဖြတ်မှု တစ်ခုမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်တဲ့ ဝိသေသ လက္ခဏာတွေ တွေ့မြင်ခဲ့ရကြောင်း ကုလသမဂ္ဂ (UN)ရဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင်တစ်ခုက ပြောကြားခဲ့ပါတယ်။

ဆူဒန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက် သတ်ဖြတ်မှု တစ်ခုမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်တဲ့ ဝိသေသ လက္ခဏာတွေ တွေ့မြင်ခဲ့ရကြောင်း ကုလသမဂ္ဂ (UN)ရဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင်တစ်ခုက ပြောကြားခဲ့ပါတယ်။

ဆူဒန်ပြည်တွင်းစစ်မှာ အစိုးရ စစ်တပ်နဲ့ စစ်ခင်းတိုက်ခိုက်နေတဲ့ RSF တပ်တွေက အယ်လ်ဖာရှာမြို့ကို သိမ်းယူချိန်မှာ ဆိုးရွားတဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအနောက်ပိုင်း၊ ဒါဖာဒေသမှာရှိတဲ့ မြို့ကို RSFက ၁၈ လကြာ ဝန်းရံပိတ်ဆို့ခဲ့တဲ့နောက် အောက်တိုဘာ လကုန်ပိုင်းမှာ ဝင်ရောက် သိမ်းယူခဲ့ပါတယ်။

RSFဟာ ဆူဒန်ရဲ့ အင်အားတောင့်တင်းတဲ့ အရန်စစ်တပ် ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ မဟာမိတ် အစိုးရစစ်တပ်နဲ့ ဆက်ဆံရေး ပျက်သုဉ်းသွားပြီး ၃ နှစ် ကြာမြင့်လာပြီဖြစ်တဲ့ ပြည်တွင်းစစ်မီး စတင်ခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဖာရှာမြို့က လူသတ်ပွဲတွေဟာ ဆူဒန် ပြည်တွင်းစစ် ကာလတလျှောက်မှာ အကြမ်းကြုတ်ဆုံး လုပ်ရပ်တွေ ဖြစ်လာကြောင်း UNရဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင်က သုံးသပ်ခဲ့ပါတယ်။

အစောပိုင်းမှာတော့ RSFက တပ်ဖွဲ့ဝင်တွေ အနေနဲ့ အခုလို လုပ်ရပ်တွေ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေကို ငြင်းဆိုထားခဲ့ဖူးပါတယ်။ UN အချက်အလက် ရှာဖွေရေး မစ်ရှင်ရဲ့ မှုခင်းပညာရှင် တစ်ဦးဖြစ်သူ မိုနာ ရစ်ရှ်မာဝီက စုဆောင်းရရှိထားတဲ့ အထောက်အထားတွေအရ RSFဟာ မြို့ကို ကာလရှည်ကြာ ပိတ်ဆို့ပြီး လူသားချင်း စာနာမှု အကူအညီတွေ ဝင်ရောက်ခွင့်ကိုလည်း ငြင်းဆန်ခဲ့ပြီး ဒေသခံတွေကို အငတ်ဘေးဆိုက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း၊ မြို့ကို သိမ်းယူပြီးတဲ့ အချိန်မှာလည်း အစုလိုက် သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ အဓမ္မ ဖိအားပေးပြီး ပျောက်ကွယ်စေတာ၊ စနစ်တကျ သိက္ခာချ အရှက်ခွဲတာမျိုး လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

RSFရဲ့ လုပ်ဆောင်ချက်တွေဟာ မြို့ထဲမှာရှိတဲ့ ဇာဟာဝါနဲ့ ဖားရ်လူ့အဖွဲ့အစည်းတွေကို အားလုံးဖြစ်စေ၊ အစိတ်အပိုင်း တစ်ခုလောက်ကိုဖြစ်စေ ပျက်စီးသွားအောင်၊ ပျောက်ကွယ်သွားအောင် ရည်ရွယ် ကြံဆောင်သလို ဖြစ်နေကြောင်း၊ ဒီအချက်တွေဟာ လူမျိုးသုဉ်း သတ်ဖြတ်မှု ဝိသေသတွေနဲ့ ကိုက်ညီနေကြောင်းလည်း သူက ဆိုပါတယ်။

မစ်ရှင်ရဲ့ အစီရင်ခံစာထဲမှာတော့ လူမျိုးစု တစ်ခုကို ပစ်မှတ်ထား သတ်ဖြတ်မှု၊ စိတ်ပိုင်းရုပ်ပိုင်း အကြီးအကျယ် ထိခိုက်အောင် ပြုမူမှု၊ ပစ်မှတ်ထားခံရတဲ့ လူ့အဖွဲ့အစည်းရဲ့ ပိုင်ဆိုင်မှုနဲ့ အသိုက်အမြုံတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုစတဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု ဝိသေသ အနည်းဆုံး ၃ ခုလောက်နဲ့ RSFရဲ့ လုပ်ရပ်တွေက ငြိစွန်းနေတယ်လို့ ဖော်ပြထားပါတယ်။

အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့ဝင်တွေဟာ အယ်လ်ဖာရှာမြို့ထဲကို ကိုယ်တိုင် သွားရောက် စစ်ဆေးခွင့် မရခဲ့ပေမယ့် မျက်မြင်သက်သေတွေ၊ အသက်ရှင် ကျန်သူတွေ အပါအဝင် လူပေါင်း ၃၂၀ ကျော်လောက်ကို အင်တာဗျူး ပြုလုပ်ခဲ့သလို မှန်ကန်ကြောင်း အတည်ပြုထားတဲ့ ဗီဒီယိုတွေ၊ ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံတွေကိုပါ အသုံးပြုပြီး အခု တွေ့ရှိချက်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဆူဒန်မှာ အစိုးရစစ်တပ်နဲ့ RSFတို့ကြား အာဏာလွန်ဆွဲမှုတွေကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းက အစပြုခဲ့ပြီး အဲဒီနောက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်အဖြစ် ကျယ်ပြန့်လာခဲ့တာပါ။ စစ်ပွဲ ကာလတလျှောက် စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ကြောင်း နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – The New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုက်ဂျီးရီးယား နိုင်ငံ ပိုင်နက်ထဲမှာ ခရစ်ယာန်တွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိနေပြီး အမေရိကန်ကိုယ်တိုင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်လာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ နိုက်ဂျီးရီးယား အစိုးရကတော့ ပြည်တွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိနေတယ် ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်တဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ အစ္စရေး လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကိုယ်တိုင်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တောင်အာဖရိက သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာကို လက်ခံ တွေ့ဆုံချိန်မှာ လူမျိုးသုဉ်း သတ်ဖြတ်မှု အပါအဝင် ရန်လိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဆူဒန် ပြည်တွင်းစစ်မှာ လက်နက်ကိုင် အင်အားစုတွေက ကလေးတွေ၊ အသက်မပြည့်သေးတဲ့ လူငယ်တွေအပေါ် မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုတွေ အမြောက်အမြား ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာ အေဂျင်စီ (ယူနီဆက်ဖ်)က ထုတ်ပြန်ခဲ့ပါတယ်။