အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဓားထိုးမှုတစ်ခု ဖြစ်ပွားပြီး လူ ၅ ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၇ ရက်နေ့က မြို့ရဲ့ အဓိက ရထားဘူတာကြီး တစ်ခုဖြစ်တဲ့ ပန်စတေရှင်အနီးမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုအတွင်း ၁ ဦးရဲ့ ဒဏ်ရာက ပြင်းထန်ကြောင်း နယူးယောက် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်မှု အပြီးမှာတော့ တာဝန်ရှိသူတွေက သံသယ တရားခံကို ဖြန့်ကျက် ရှာဖွေခဲ့ပြီး လက်ရ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ရထားရဲဌာန အရာရှိတွေဟာ ရှုပ်ထွေးသွားတဲ့ အခြေအနေကို မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ပြီး တိုက်ခိုက်သူကို ဝိုင်းဝန်းချုပ်နှောင် ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။
တိုက်ခိုက်မှု ကျူးလွန်တဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့်လည်း စိတ်ဂဏှာမငြိမ်တဲ့ အိမ်ခြေရာမဲ့ တစ်ဦးလို့ ယူဆရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲပါ။ ဒါပေမဲ့ ကနဦး တွေ့ရှိချက်တွေအရ အကြမ်းဖက် အစွန်းရောက် ဝါဒတစ်ခုခုနဲ့ ဆက်စပ်တဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။

Public Service Announcement
ဓားကိုင်ရမ်းကား တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ ရည်ရွယ်ချက်မဲ့ ရန်လိုခဲ့တဲ့ လုပ်ရပ်တစ်ခုလို့ပဲ ရဲတွေက လောလောဆယ် ယူဆထားပါတယ်။ ကျူးလွန်သူ ကိုင်ဆောင်ခဲ့တဲ့ ဓားကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နယူးယောက်မှာ ဇွန်လ ၈ ရက်နေ့ကျရင် ဘတ်စကက်ဘောပွဲ လာကြည့်မှာမို့ လုံခြုံရေး အထူးတင်းကျပ်ထားချိန်မှာပဲ အခုတိုက်ခိုက်မှုမျိုး ဖြစ်ပေါ်လာတာပါ။ အခင်းဖြစ်တဲ့ နေရာကလည်း ထရမ့် ဘတ်စကက်ဘောပွဲ လာကြည့်မယ့် အားကစားရုံနဲ့ သိပ်မဝေးပါဘူး။
ပွဲစဉ်မစတင်ခင် အနီးတဝိုက် နေရာတွေမှာ အာဏာပိုင်တွေက လုံခြုံရေး တင်းကျပ်ထားပြီး ဖောက်ထွင်း မမြင်ရတဲ့ အိတ်တွေနဲ့ ပစ္စည်းသယ်ယူတာကို ယာယီ တားမြစ်ထားသလို အားကစားရုံ အပြင်ဖက်မှာ ပရိသတ်တွေ စုဝေးပြီး အားပေးမယ့် အစီအစဉ် တစ်ခုကိုလည်း ဖျက်သိမ်းစေခဲ့ပါတယ်။
ဓားထိုးမှုအတွင်း ဒဏ်ရာရခဲ့သူတွေကို နယူးယောက် မီးသတ်ဌာနက ဘယ်လီဗျူး ဆေးရုံဆီ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC


















































