Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥရောပရဲ့ မျိုးဆက်သစ် တိုက်လေယာဉ် ထုတ်လုပ်ရေး စီမံကိန်း ပျက်ပြယ်

ဥရောပ နိုင်ငံတွေအတွက် နည်းပညာမြင့် မျိုးဆက်သစ် တိုက်လေယာဉ်တစ်စီး ထုတ်လုပ်ဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြင်သစ်နဲ့ ဂျာမနီတို့က ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

ဥရောပ နိုင်ငံတွေအတွက် နည်းပညာမြင့် မျိုးဆက်သစ် တိုက်လေယာဉ်တစ်စီး ထုတ်လုပ်ဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြင်သစ်နဲ့ ဂျာမနီတို့က ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

FCASလို့ အတိုကောက် ခေါ်ဝေါ်တဲ့ အနာဂတ် ဝေဟင်တိုက်ခိုက်ရေး စနစ်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ဘယ်လိုမှ ညှိနှိုင်းလို့ မရတော့တဲ့အတွက် ပြင်သစ်နဲ့ ဂျာမနီတို့ဟာ စီမံကိန်း ဆက်လက် အကောင်အထည် မဖော်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ ဒါဟာ ဥရောပ နိုင်ငံတွေရဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက် အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ရော၊ ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်ပါ FCASရဲ့ စီမံကိန်း အကောင်အထည် ဖော်မှုတွေကို သေချာ ပြန်လည် ဆန်းစစ် လေ့လာခဲ့တဲ့နောက် ဆက်လက် ဆောင်ရွက်ဖို့ မသင့်တော့ဘူးလို့ ပူးပေါင်း ဆုံးဖြတ်ခဲ့ကြောင်း ဂျာမနီ အစိုးရ သတင်းရင်းမြစ် တချို့က ပြောပါတယ်။

မားဇ်မတိုင်ခင် ဂျာမန် အဓိပတိ အန်ဂျလာ မာကယ်လ် လက်ထက်၊ ၂၀၁၇ တုန်းက FCAS စီမံကိန်းကို စတင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြင်သစ် လေတပ်က အသုံးပြုနေတဲ့ Rafale တိုက်လေယာဉ်တွေ၊ ဂျာမနီနဲ့ စပိန်တို့မှာ အသုံးပြုနေတဲ့ Eurofighterတွေအစား နည်းပညာပိုင်း အထူးသာလွန် ကောင်းမွန်တဲ့ မျိုးဆက်သစ် ဥရောပ တိုက်လေယာဉ် တစ်မျိုးကို ၂၀၄၀ မှာ အစားထိုးဖို့ ဖြစ်ပါတယ်။ နောက်တော့ စပိန်ကလည်း စီမံကိန်းမှာ ပူးပေါင်းလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်လာ ၁၀၀ ဘီလီယံတန် စီမံကိန်းကို ရည်မှန်းချက် ကြီးကြီးမားမားနဲ့ စတင်ခဲ့ပြီး ဥရောပ နိုင်ငံတွေရဲ့ လေကြောင်းနဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစုတွေ ပူးပေါင်း ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ ကုမ္ပဏီတွေကြား သဘောထား ကွဲလွဲမှုတွေ စတင်ဖြစ်ပေါ်လာရာက ပြဿနာတွေ စတင်လာခဲ့ပါတယ်။ အထူးသဖြင့် ပြင်သစ်ရဲ့ Dassault Aviation ကုမ္ပဏီနဲ့ ဂျာမနီ၊ စပိန်တို့ကို ကိုယ်စားပြုတဲ့ Airbusကြားမှာ ပရောဂျက်ရဲ့ ခေါင်းဆောင်မှု နေရာလုပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။

Dassaultက FCAS စီမံကိန်းရဲ့ ဦးဆောင်နေရာကို ထိန်းသိမ်းထားလိုပြီး ကုမ္ပဏီရဲ့ နည်းပညာတွေကိုလည်း မူပိုင်ခွင့် တင်းကျပ် ကာကွယ်ထားလိုပါတယ်။ Airbusက ပိုမို ဟန်ချက်ညီတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးကို တောင်းဆိုခဲ့ရာက နှစ်ဖက်ကြား ကာလရှည်ကြာ အငြင်းပွားမှုတွေ ရှိလာခဲ့တာပါ။ ဒါပေမဲ့ အခုတော့ FCAS စီမံကိန်းကို ရပ်နားသင့်ပြီဆိုတဲ့ ခါးသီးတဲ့ အရှိတရားကို ဥရောပ အင်အားကြီး နှစ်နိုင်ငံက လက်ခံလိုက်ကြတာ ဖြစ်ပါတယ်။

စစ်လက်နက် ကဏ္ဍအတွက် အမေရိကန်အပေါ် မှီခိုနေရတဲ့ အခြေအနေကို လျှော့ချဖို့၊ ဥရောပ နိုင်ငံတွေကြား ကာကွယ်ရေး နည်းပညာ ကဏ္ဍမှာ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ ရည်မှန်းချက်တွေ အတွက်တော့ ဒီကိစ္စဟာ အကြီးအကျယ် စိတ်ပျက်စရာ ဖြစ်လာပါတယ်။ အစဉ်အလာ မဟာမိတ် အမေရိကန်အပေါ် မယုံကြည်ရတော့သလို ရုရှားရဲ့ ခြိမ်းခြောက်မှုက ပိုမို ကြီးထွားလာနေချိန်မှာ FCAS စီမံကိန်း ရပ်နားသွားရတာ ဖြစ်ပါတယ်။

FCASဟာ လက်ရှိ ကမ္ဘာပေါ်မှာ နည်းပညာပိုင်း ခေတ်ရှေ့အပြေးဆုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေထက် ပိုမိုထူးကဲ သာလွန်တဲ့ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်လေယာဉ်တွေမှာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) စွမ်းရည်၊ ဒရုန်းတွေနဲ့ တွဲဖက်ပျံသန်းရင်း စစ်ဆင်ရေးတွေမှာ ကွပ်ကဲနိုင်မှုစွမ်းရည်၊ ခေတ်ရှေ့အပြေးဆုံး စစ်လက်နက်နဲ့ လေကြောင်း နည်းပညာ ပေါင်းစပ်မှုတွေ ထည့်သွင်းဖို့ စီစဉ်ထားခဲ့ဖူးပြီး အခုတော့ စီမံကိန်း ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ မရိန်းတပ်ဖွဲ့ဟာ နောက်ဆုံးလက်ကျန် AV-8B Harrier II တိုက်လေယာဉ်တွေကို တရားဝင် အနားပေးလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဆွီဒင်လုပ် တိုက်လေယာဉ်အသစ် အစီး ၂၀ ကို ယူကရိန်းက ဝယ်ယူသွားမှာဖြစ်ပြီး နောက်ထပ် အဟောင်း ၁၆ စီးကိုတော့ ဆွီဒင်က ထောက်ပံ့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်ဒေသ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ကြောင်း RCSSက ဒီကနေ့ မေလ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။