ဝက်ဘ်ဆိုက်တွေ ရေးဆွဲတည်ဆောက်တဲ့ PHP language modelမှာ ဆိုးရွားတဲ့ ယိုပေါက်တွေ ရှာတွေ့ခဲ့တဲ့နောက် ဥရောပ နိုင်ငံတွေရဲ့ အစိုးရ ဝက်ဘ်ဆိုက်တွေကို ယာယီ ပိတ်ထားလိုက်ကြောင်း သိရပါတယ်။
PHPဟာ ကမ္ဘာပေါ်မှာ ဝက်ဘ်ဆိုက်တွေ ရေးဆွဲတည်ဆောက်မှုအတွက် လူသုံးအများဆုံး နည်းပညာ ပလက်ဖောင်း တစ်ခုဖြစ်ပြီး ဆိုးရွားတဲ့ အားနည်းချက် နှစ်ခုကို ဉာဏ်ရည်တု နည်းပညာ (AI)က ထောက်လှမ်း တွေ့ရှိခဲ့တာပါ။ PHPမှာ အခုလို ပြဿနာမျိုးတွေ ရှိနိုင်တာကို ကြိုတင် နားလည်ထားပေမယ့် ဟက်ကာတွေက အမြတ်ထုတ်နိုင်ဖို့ ခက်ခဲလွန်းလိမ့်မယ်လို့ ယူဆထားပေမယ့် အခုတော့ AI အကူအညီနဲ့ ရှာတွေ့လာတာ ဖြစ်ပါတယ်။
ဒီသတင်းကို ကမ္ဘာသိ မထုတ်ပြန်ခင်မှာ ကတည်းက တချို့ဝက်ဘ်ဆိုက်တွေကို ဟက်ကာတွေက ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။ PHPရဲ့ လုံခြုံရေးယိုပေါက် ပြဿနာဟာ ကမ္ဘာတလွှားက ဝက်ဘ်ဆိုက် သန်း ၂၀ လောက်ကို သက်ရောက်မှု ရှိနိုင်ပြီး အဲဒီထဲမှာ Amazon၊ Wikipediaတို့လို ဝက်ဘ်ဆိုက်တွေလည်း ပါဝင်နေပါတယ်။ Amazonကတော့ ဟက်ကာတွေရဲ့ တိုက်ခိုက်မှု တချို့ကို ကြုံခဲ့ပေမယ့် ဝက်ဘ်ဆိုက်က ပုံမှန် လည်ပတ်နေဆဲလို့ ပြောပါတယ်။ Wikipediaကလည်း ဝက်ဘ်ဆိုက်တဲ့ တချို့သော အပိုင်းတွေကို ကန့်သတ်ပြီး ပိတ်ချထားလိုက်ပါတယ်။
ဒီပြဿနာကို တရားဝင် ထုတ်ပြန်ပြီးတဲ့နောက် နယ်သာလန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဖင်လန်စတဲ့ ဥရောပ နိုင်ငံတွေဟာ ကြိုတင်သတိထား ကာကွယ်တဲ့ အနေနဲ့ အစိုးရ ဝက်ဘ်ဆိုက်တွေကို ယာယီ ပိတ်ထားလိုက်ပါတယ်။ PHPရဲ့ developer အဖွဲ့ကလည်း ပြဿနာကို ဖြေရှင်းဖို့အတွက် အရေးပေါ် updateတွေ ထုတ်ပြန်ပေးနေပါတယ်။ PHPရဲ့ အကျုံးဝင် ပတ်သက်မှုဟာ အင်တာနက် ဝက်ဘ်ဆိုက် အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်နဲ့ ဆက်စပ်နိုင်ပါတယ်။

Public Service Announcement
အခုတွေ့ရှိထားတဲ့ ယိုပေါက် နှစ်ခုစလုံးဟာ ဟက်ကာတွေ အနေနဲ့ လုံခြုံမှု အားနည်းတဲ့ ဆာဗာတွေထဲကို အဖျက်အမှောင့် ကုတ်ဒ်တွေ ထည့်သွင်းလို့ ရသွားစေနိုင်ပါတယ်။ နည်းပညာ လုံခြုံရေး ရှုထောင့်ကကြည့်ရင် အရမ်းအန္တရာယ်များတဲ့ အခြေအနေ ဖြစ်တာကြောင့် ဒီကိစ္စကို ဖြေရှင်းလို့ မပြီးမချင်း အစိုးရနဲ့ အဖွဲ့အစည်းကြီးတွေရဲ့ ဝက်ဘ်ဆိုက်တွေဟာ offlineအဖြစ် ဆက်ရှိနေသင့်တယ်လို့ အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ (NSA)က တိုက်တွန်းထားပါတယ်။
ယုံကြည်စိတ်ချရတဲ့ updateပေးမှုမျိုး ထွက်ပေါ်မလာသေးဘူးဆိုရင် ဝက်ဘ်ဆိုက်တွေကို အင်တာနက်ပေါ် တင်မထားတာ အကောင်းဆုံးပဲလို့ NSAက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
PHPဟာ အခမဲ့၊ open-source programming language တစ်ခုဖြစ်ပြီး ကမ္ဘာတလွှားက web developerတွေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ ကတည်းက ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေခဲ့ပါတယ်။ စနစ်ရဲ့ ချွတ်ယွင်းချက်တွေကို ဆယ်စုနှစ်တွေနဲ့ချီ တိမ်မြုပ်နေခဲ့ပေမယ့် AIကို အသုံးပြု လေ့လာတဲ့ ဆိုက်ဘာလုံခြုံရေး သုတေသီတွေက ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
ဒီပြဿနာတွေကို ဩဂုတ် ၁ ရက်နေ့ကတည်းက ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Califက ပြောကြားခဲ့ပြီး အဲဒီ အချိန်ကတည်းက မွမ်းမံပြင်ဆင်ဖို့ ကိစ္စတွေကို အားထည့် လုပ်ဆောင်နေခဲ့ကြောင်း ဆိုပါတယ်။
Googleရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet လက်အောက်ခံ ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီ Wizကလည်း ကိုယ်ပိုင် Wiz Atlas AI မော်ဒယ်ကို သုံးပြီး အလားတူ ယိုပေါက်တွေကို ရှာတွေ့ခဲ့ပါတယ်။
လက်ရှိမှာတော့ ကမ္ဘာတလွှားက ကုမ္ပဏီကြီးတွေကလည်း ဝက်ဘ်ဆိုက်တွေရဲ့ ဆိုက်ဘာလုံခြုံရေး အစီအမံတွေကို အားဖြည့်ဖို့ အပူတပြင်း လုပ်ဆောင်နေကြောင်း သိရပါတယ်။
ကိုးကား: BBC




















































