ပစိဖိတ် သမုဒ္ဒရာ တောင်ပိုင်းရေပြင်မှာ တရုတ်က နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့တဲ့အပေါ် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ညီလာခံ တက်ရောက်လာချိန်မှာ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက ကန့်ကွက် ပြောကြားခဲ့ပါတယ်။
ဇူလိုင် လဆန်းပိုင်းတုန်းက တရုတ်ရဲ့ ရေငုပ်သင်္ဘော တစ်စီးဟာ ထိပ်ဖူးအစစ် မပါပေမယ့် နျူကလီးယား လက်နက် တပ်ဆင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တစ်စင်းကို ပစိဖိတ် တောင်ပိုင်းဆီ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ ပုံမှန် စစ်လက်နက် စမ်းသပ်မှု တစ်ခုအဖြစ် တရုတ်က ပြောကြားခဲ့ပေမယ့် ဩစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ အမေရိကန်စတဲ့ နိုင်ငံတွေက ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်စေတဲ့ လုပ်ရပ်တစ်ခုလို့ ဝေဖန်ခဲ့ကြပါတယ်။
ဇူလိုင် ၂၂ ရက်နေ့မှာတော့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံကို တက်ရောက်ရင်း သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ တရုတ် ဒုံးကျည် စမ်းသပ်မှုဟာ ဒေသရဲ့ တည်ငြိမ်မှုကို ထိခိုက်စေခဲ့တဲ့အတွက် အထူးစိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။
တရုတ် ဒုံးကျည် စမ်းသပ်မှုနဲ့ ပတ်သက်လို့ ဩစတြေးလျရဲ့ သဘောထားကို အစောပိုင်းကတည်းက ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ဇူလိုင် ၂၁ ရက်နေ့တုန်းက တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံချိန်မှာတော့ အဲဒီကိစ္စကို တိုက်ရိုက် ရည်ညွှန်းပြီး ဩစတြေးလျရဲ့ စိုးရိမ်မှုကို အသိပေးခဲ့ကြောင်း ဝေါင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဝမ်ဟာလည်း အာဆီယံ နိုင်ငံခြားရေး ညီလာခံ တက်ရောက်ဖို့ မနီလာကို ရောက်နေတာပါ။

Public Service Announcement
လဆန်းပိုင်းတုန်းက ဒုံးကျည် စမ်းသပ်မှုနဲ့ ပတ်သက်လို့ တရုတ်ဆီက လုံလောက်တဲ့ ကြိုတင် အကြောင်းကြားမှုနဲ့ သတင်းအချက်အလက် မျှဝေမှုတွေကို မရခဲ့ကြောင်း ဩစတြေးလျ အစိုးရက ပြောကြားခဲ့ပါတယ်။ ပစိဖိတ်တောင်ပိုင်း ကျွန်းနိုင်ငံငယ်လေးတွေကလည်း ဒေသရဲ့ နျူကလီးယားလက်နက် စမ်းသပ်မှု ကင်းစင်ရေး ရည်ရွယ်ချက်ကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုကို ကန့်ကွက်ခဲ့ပါတယ်။
တရုတ်က ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ဟာ ဆိုလိုမွန်ကျွန်းစု၊ နော်ရူးန့ တူဗာလူ ကျွန်းနိုင်ငံငယ်တွေကြားက သမုဒ္ဒရာ ရေပြင်မှာ ကျရောက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
မကြာသေးခင်က တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်နဲ့ တရုတ်ရေတပ်ကြား ပဋိပက္ခတစ်ခု ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ဝေါင်က ဒေသ တည်ငြိမ်ရေးကို နှောင့်ယှက်ပြီး အန္တရာယ် ကြီးလာစေနိုင်တဲ့ ဘယ်လုပ်ရပ်ကိုမဆို ဩစတြေးလျ အနေနဲ့ အလေးအနက် စိုးရိမ်ကြောင်း ဝေါင်က ပြောကြားခဲ့ပါတယ်။
ဝေါင်ဟာ ဇူလိုင် ၂၁ ရက်နေ့တုန်းက ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ ရေယာဉ် တစ်စီးဆီ အလည်အပတ် သွားရောက်ခဲ့ပြီး ဩစတြေးလျဟာ ဒေါ်လာ ၆.၇ သန်းလောက် တန်ကြေးရှိတဲ့ အဆင့်မြင့် ဒရုန်းနည်းပညာတွေကို ဖိလစ်ပိုင်ဆီ ထောက်ပံ့ပေးပြီး ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်အတွက်လည်း စွမ်းရည်မြှင့် လေ့ကျင့်ရေး အစီအစဉ်တွေ ပံ့ပိုးသွားမယ်လို့ ပြောကြားသွားပါတယ်။
ကိုးကား: AFP


















































