အမေရိကန် နိုင်ငံဆီကို ပန်ဒါဝက်ဝံနှစ်ကောင်ကို တရုတ် အစိုးရက အငှားပေးပို့ခဲ့ကြောင်း သိရပါတယ်။
တရုတ် အစိုးရ မီဒီယာဌာန ရှင်ဟွာက ပန်ဒါတွေ အမေရိကန်ဆီ ပို့ဆောင်လိုက်တဲ့ အကြောင်းကို စက်တင်ဘာ ၂၇ ရက်နေ့မှာ အတည်ပြု ဖော်ပြခဲ့ပါတယ်။ ရင်းနှီးတဲ့ မိတ်ဖက် နိုင်ငံတွေဆီ ပန်ဒါဝက်ဝံတွေ ငှားရမ်းပေးတာဟာ တရုတ်ရဲ့ ပန်ဒါ ဒစ်ပလိုမေစီလို့ လူသိများတဲ့ သံတမန်ရေး အခင်းအကျင်း တစ်ခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်ကို တရားဝင် အလည်အပတ် ခရီးစဉ် သွားရောက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ထိပ်သီးဆွေးနွေးပွဲအတွင်း တရုတ်က ပန်ဒါဝက်ဝံ စုံတွဲကို အမေရိကန်ဆီ ငှားရမ်းပေးထားမယ် အတည်ပြုခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ဂုဏ်အယူရဆုံး အထိမ်းအမှတ် တိရစ္ဆာန် မျိုးစိတ်အဖြစ် သတ်မှတ် ခံထားရတဲ့ ပန်ဒါ ဝက်ဝံတွေဟာ ကမ္ဘာအနှံ့က တိရစ္ဆာန်ရုံတွေမှာ ပြသထားတိုင်း အထူးလူကြိုက်များပြီး ပရိသတ် အချစ်တော်လေးတွေ ဖြစ်လာလေ့ ရှိပါတယ်။

Public Service Announcement
စက်တင်ဘာ ၂၇ ရက် ညနေပိုင်းမှာတော့ ပင်ပင်နဲ့ ဖူရွှမ်ဆိုတဲ့ ပန်ဒါဝက်ဝံလေး နှစ်ကောင်ဟာ ချန်ဒူမှာရှိတဲ့ ရွှမ်လျို့ လေဆိပ်ကနေ စင်းလုံးငှား လေယာဉ်တစ်စီးနဲ့ အမေရိကန်ကို ထွက်ခွာသွားကြောင်း ရှင်ဟွာက ဆိုပါတယ်။
၁၅ နာရီကြာမယ့် ခရီးစဉ်မှာ ပန်ဒါဝက်ဝံကြီးတွေ အာဟာရ ပြည့်ပြည့်ဝဝ စားသောက်နိုင်ဖို့အတွက် ပြောင်းဖူးပြုတ်တွေ၊ မျှစ်စို့ကြီးတွေနဲ့ မုန်လာဥနီတွေကို သေချာကြိုတင် ပြင်ဆင်ပြီး သယ်ဆောင်သွားတယ်လို့ နောက်ထပ် တရုတ် အစိုးရ မီဒီယာ တစ်ခုဖြစ်တဲ့ Global Timesကလည်း ဖော်ပြခဲ့ပါတယ်။
Boeing 777 လေယာဉ်ကြီးနဲ့ လိုက်ပါသွားတဲ့ ပန်ဒါဝက်ဝံတွေကို ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့က တိရစ္ဆာန် ဥယျာဉ်မှာ ၁၀ နှစ်ကြာ ထားရှိမှာ ဖြစ်ပါတယ်။ ပန်ဒါတွေအတွက် နှုတ်ဆက်ပွဲ တစ်ခုကိုလည်း ချန်ဒူ ပန်ဒါမွေးမြူရေးစခန်းမှာ ပြုလုပ်ပေးခဲ့ပါတယ်။ ပန်ဒါ ဝက်ဝံတွေရဲ့ လေကြောင်းခရီးစဉ် တလျှောက်လုံးမှာ စောင့်ရှောက်ပေးဖို့ ကျွမ်းကျင်သူတွေကိုလည်း အမေရိကန်ဖက်က ကြိုတင် ပေးပို့ထားခဲ့ကြောင်း Global Timesက ဖော်ပြခဲ့ပါတယ်။
အတ္တလန္တာမြို့က တိရစ္ဆာန်ရုံမှာလည်း အရင်က ပန်ဒါဝက်ဝံတွေကို ထားရှိဖူးတဲ့ နေရာမှာ ကြိုတင်မွမ်းမံ ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ အတ္တလန္တာရဲ့ ရာသီဥတုဟာ ချန်ဒူနဲ့ အရမ်းဆင်တူတာကြောင့် ဝက်ဝံတွေ အလွယ်တကူ နေသားကျသွားမယ်လို့ မျှော်လင့်ရပြီး ပန်ဒါတွေ နေထိုင်မယ့် နေရာအတွက် သဘာဝ ဝါးမျှစ်တွေကိုပါ စိုက်ပျိုးပေးထားပါတယ်။
အရင်ကလည်း ၁၉၉၉ ခုနှစ်ကစလို့ တရုတ်ဆီကနေ ငှားရမ်းထားတဲ့ ပန်ဒါ ဝက်ဝံတွေကို ပြသခဲ့ဖူးပေမယ့် ၂၀၂၄ နောက်ပိုင်းမှာတော့ ပန်ဒါတွေ မရှိဘဲ ဖြစ်နေခဲ့ကြောင်း သိရပါတယ်။ အတ္တလန္တာကို ရောက်လာမယ့် ပန်ဒါတွေထဲမှာ အထီးလေး ပင်ပင်က ၆ နှစ်ပြည့်ပြီဖြစ်ပြီး အမလေး ဖူရွှမ်ကတော့ နောက်လကျရင် ၆ နှစ်ပြည့်မယ်လို့ သိရပါတယ်။
လူတွေက စနစ်တကျ ထိန်းသိမ်း မွေးမြူထားတဲ့ ပန်ဒါ ဝက်ဝံတွေဟာ ပျှမ်းမျှသက်တမ်း နှစ်ပေါင်း ၃၀ လောက် အသက်ရှည်လေ့ ရှိတယ်လို့လည်း သိရပါတယ်။
ကိုးကား: AFP


















































