ဟောမုဇ် ရေလက်ကြားကို တစ်ပတ်အတွင်း ပြန်ဖွင့်ပေးမယ့် ကမ်းလှမ်းမှု တစ်ခုကို အမေရိကန်ဆီ ပေးပို့ထားကြောင်း အီရန် အစိုးရက ပြောပါတယ်။
နယူးယောက်မှာ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် ကိုယ်စားလှယ် အဖွဲ့နဲ့ ဦးဆောင် ဆွေးနွေးခဲ့သူ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက UN ဌာနချုပ်ရှေ့မှာ သတင်းထောက်တွေဆီ အခုလို အသိပေးခဲ့တာပါ။
တကယ်လို့ လိုအပ်တဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ တုံ့ပြန်မှုမျိုး အမေရိကန်ဖက်က ပြသရင် ဟောမုဇ် ရေလက်ကြားကို အီရန်က ၇ ရက်အတွင်း ပြန်ဖွင့်ပေးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ပြီးတော့ အီရန် တောင်းဆိုထားတဲ့ ကိစ္စတိုင်းဟာ ဇွန်လတုန်းက နှစ်ဖက် လက်မှတ်ရေးထိုးပြီးမှ ပြန်လည် ပျက်ပြယ်သွားတဲ့ နားလည်မှု စာချွန်လွှာ (MoU)ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေချည်း ဖြစ်တယ်လို့လည်း အာရက်ချီက မှတ်ချက်ပေးခဲ့ပါတယ်။
အခုတော့ ဘာဆက်လုပ်မလဲ ရွေးဖို့က အမေရိကန် အပေါ်မှာပဲ မူတည်တော့တယ်လို့လည်း သူက ဆိုပါတယ်။ အာရက်ချီက ကြားဝင်ညှိနှိုင်းပေးတဲ့ ကာတာနိုင်ငံကနေတဆင့် အီရန်ရဲ့ အဆိုပြုချက်ကို အမေရိကန်ဆီ ပေးပို့ထားကြောင်း ပြောပါတယ်။ အမေရိကန် အစိုးရ အရာရှိ တစ်ဦးကလည်း အီရန်နဲ့ အမေရိကန်တို့ကြား ကြားခံနိုင်ငံ တချို့ရဲ့ အကူအညီနဲ့ ညှိနှိုင်းမှုတွေ ဆက်လုပ်နေကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement
အီရန်က အမေရိကန်ဆီ ဘာတွေ တောင်းဆိုသလဲ ဆိုတာကိုတော့ အာရက်ချီက ထုတ်မပြောခဲ့ပါဘူး။ လောလောဆယ်တော့ ဟောမုဇ်ရေလက်ကြား ပြန်ဖွင့်ပေးဖို့ကို အမေရိကန်က ဘယ်လောက် အလေးအနက် ထားသလဲ ဆိုတာကို စောင့်ကြည့်ရုံပဲလို့ သူက ဆိုပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းကတော့ UN ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ဟာ အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခု မရယူနိုင်ဘူးဆိုရင် အဆုံးစွန် ဖျက်ဆီးချေမှုန်း ခံရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပါသေးတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်မှာ စစ်ပွဲစတင်ခဲ့ပြီး အဲဒီနောက်ပိုင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ဟာ အမေရိကန်ကို ဖိအားပေးဖို့အတွက် နိုင်ငံတောင်ပိုင်းက အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ချခဲ့ပါတယ်။ အီရန်ရဲ့ ခွင့်ပြုချက် မရဘဲ ဖြတ်သန်းတဲ့ အရပ်ဖက် ရေယာဉ်တွေလည်း တိုက်ခိုက် ခံခဲ့ရပါတယ်။
ဟောမုဇ်ဟာ ပုံမှန် အခြေအနေမှာတော့ ရေလမ်းကြောင်းကနေ နိုင်ငံတကာဆီ ရေနံတင်ပို့မှုတွေရဲ့ ငါးပုံတစ်ပုံလောက် နေ့စဉ်ဖြတ်သန်းတဲ့ ရေပြင်ဖြစ်ပါတယ်။ ဟောမုဇ် ပိတ်ဆို့ခံရခြင်းက နိုင်ငံတကာ လောင်စာဆီစျေးတွေ မြင့်တက်လာစေသလို စွမ်းအင်ဆိုင်ရာ အကျပ်အတည်းတွေကိုလည်း ပေါ်ပေါက်လာစေခဲ့ပါတယ်။
ကိုးကား: BBC


















































