စက်တင်ဘာ ၂၈၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ် Application ဖြစ်တဲ့ TikTok ကို VPN အသုံးပြုမှသာ ဝင်ရောက်နိုင်တော့ကြောင်း သုံးစွဲသူတွေက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းကစပြီး မြန်မာနိုင်ငံအတွင်းက TikTok သုံးစွဲသူတွေဟာ ဗွီဒီယိုတွေ ကြည့်လို့မရတော့တာအပါအဝင် TikTok လုပ်ဆောင်ချက်တွေ တစ်ခုမှ လုပ်ဆောင်လို့မရတော့ဘဲ VPN ခံမှသာ ပြန်လည်အသုံးပြုလို့ရကြောင်း သုံးစွဲသူတွေက ပြောပါတယ်။
“အခုနေ့လယ်ခင်းမှ ဖြစ်သွားတာ။ မနက်ကထိ vpnမခံလည်း ရတယ်”လို့ TikTok သုံးစွဲသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီကတော့ TikTok app ဖြစ်စဥ်နဲ့ပတ်သက်ပြီး တစုံတရာ အသိပေးတာ မရှိသေးပါဘူး။
အဲဒီ ကန့်သတ်ချက်ကြောင့် ပုံမှန်အသုံးပြုသူတွေ အဆင်မပြေမှုတွေ ရှိလာတဲ့အပြင် TikTok ကို အခြေပြုပြီး စီးပွားရေးလုပ်ကိုင်နေကြတဲ့ Content Creator တွေ၊ အွန်လိုင်းဈေးရောင်းသူတွေအတွက် ရိုက်ခတ်မှုတွေ ကြုံတွေ့နေရကြောင်း သိရပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း Facebook အပါအဝင် လူမှုကွန်ရက် Application တွေ၊ သတင်းဌာနတွေရဲ့ Website တွေကို ပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက် VPN ခံစရာမလိုတဲ့ TikTok မှာ သုံးစွဲသူတွေ များပြားလာပြီးနောက် တော်လှန်ရေးသမားတွေ၊ သတင်းဌာနတွေပါ TikTok သုံးလာကြတဲ့အချိန် TikTok ကိုပါ ထပ်မံပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ကရင်၊ ရခိုင် စတဲ့ တော်လှန်ရေးအားကောင်းတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ်တွေမှာ မိုဘိုင်းဒေတာနဲ့ အင်တာနက်လိုင်းတွေကိုပါ ကာလရှည်ကြာ ဖြတ်တောက်ထားဆဲ ဖြစ်ပါတယ်။


















































