Connect with us

Hi, what are you looking for?

ဘာသာပြန်ဆောင်းပါး

ထိုင်းမှာ ဝန်ကြီးချုပ်ရာထူးကို ဘယ်သူဆက်ခံမလဲ

ထိုင်းမှာ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက်နဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့နောက် သိပ်မကြာခင်မှာ နိုင်ငံခေါင်းဆောင် အသစ်ကို ရွေးချယ် တင်မြှောက်ရပါတော့မယ်။ ထိုင်းမှာတော့ ဒါဟာ တရားရုံး ဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ်တွေ ထုတ်ပယ်ခံရတာ ၁၇ နှစ်အတွင်း ၅ ကြိမ်မြောက် အနေနဲ့ မှတ်တမ်းဝင်လာခဲ့ပါတယ်။

ထိုင်းမှာ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက်နဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့နောက် သိပ်မကြာခင်မှာ နိုင်ငံခေါင်းဆောင် အသစ်ကို ရွေးချယ် တင်မြှောက်ရပါတော့မယ်။ ထိုင်းမှာတော့ ဒါဟာ တရားရုံး ဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ်တွေ ထုတ်ပယ်ခံရတာ ၁၇ နှစ်အတွင်း ၅ ကြိမ်မြောက် အနေနဲ့ မှတ်တမ်းဝင်လာခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ် ဘယ်သူဖြစ်မလဲ ဆိုတာကို လွှတ်တော်ထဲမှာ မဲပေးဆုံးဖြတ်မှု ခံယူရမှာဖြစ်ပြီး ၂၀၂၃ ရွေးကောက်ပွဲ မတိုင်ခင် ပါတီအလိုက် အဆိုတင်သွင်းထားတဲ့ လူပုဂ္ဂိုလ် ၅ ဦးထဲကနေ ရွေးချယ်သွားရမှာပါ။ အဲဒီ ပုဂ္ဂိုလ်တွေက အောက်ပါအတိုင်းပါပဲ။

ဓာတ်ပုံ – Reuters

⦿ အညူတင် ချန်ဗီရာကူလ်

အညူတင်ဟာ ဒုတိယ ဝန်ကြီးချုပ်ဟောင်း၊ ကျန်းမာရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဟောင်းတစ်ဦး ဖြစ်ပါတယ်။ ထိုင်းစစ်တပ်နဲ့ နီးစပ်တဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ အသက် ၅၈ နှစ်အရွယ် အညူတင်ဟာ ၂၀၁၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ ဆေးခြောက်သုံးစွဲမှုကို တရားဝင်စေရေးနဲ့ ဆေးဖြစ်ဝါးဖြစ် ဆေးခြောက် အသုံးပြုခွင့် ရရှိရေးတွေကို ဦးဆောင်စည်းရုံးပြီး အောင်မြင်မှုတွေ ရခဲ့ဖူးပါတယ်။ သူဟာ ကိုဗစ်ကာလမှာ ကျန်းမာရေး ဝန်ကြီးအဖြစ် တာဝန်ယူရင်း နိုင်ငံရဲ့ ကာကွယ်ဆေး ဝယ်ယူမှု၊ lockdown သတ်မှတ်မှုနဲ့ ကုသရေးဆိုင်ရာ အစီအမံတွေကို ကြီးမှူးခဲ့ပါတယ်။ သူဟာ ထိုင်းနိုင်ငံရဲ့ အဓိက ဝင်ငွေရင်းမြစ် တစ်ခုဖြစ်တဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ပြန်လည် ဖွင့်လှစ်ပေးဖို့ ဆုံးဖြတ်ချက်ကြောင့် ချီးကျူး အသိအမှတ်ပြုမှုတွေ ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကပ်ရောဂါ အစပိုင်းတုန်းကတော့ သူက ကိုဗစ်ဆိုတာ တုပ်ကွေး အဆင့်လောက်ပါဆိုတဲ့ သမိုင်းဝင် စကားအမှား တစ်ခွန်းကို ပြောခဲ့ဖူးပါတယ်။ အညူတင်ရဲ့ ပါတီဟာ ဖေထောင်ထန်ရဲ့ ဖျူထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရထဲမှာ ဒုတိယ အားအကောင်းဆုံး အစုအဖွဲ့အဖြစ် ပါဝင်ခဲ့ဖူးပေမယ့် ဖေထောင်ထန်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားခဲ့ပြီး ဖေထောင်ထန်က ထိုင်းစစ်တပ်ကို ပုတ်ခတ်ထားတာ သိရှိသွားတဲ့နောက် ညွန့်ပေါင်း အစိုးရထဲကနေ ဘွမ်ဂျိုင်ထိုင်းကို သူက နုတ်ထွက်စေခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ညွန့်ပေါင်းအစိုးရဟာ လွှတ်တော်ထဲမှာ သိသိသာသာ အားနည်းသွားပါတယ်။ အခုအခါ အညူတင်ဟာ ဖျူထိုင်းကို ဖယ်ထုတ်ပြီး ညွန့်ပေါင်း အစိုးရအသစ်ကို ကိုယ်တိုင်ဦးဆောင်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံး ရရှိခဲ့ပြီး အဓိက အတိုက်အခံ အင်အားစုအဖြစ် လောလောဆယ် ရပ်တည်နေတဲ့ ပြည်သူ့ပါတီကိုလည်း သူက စည်းရုံးထားပြီးပြီလို့ ဆိုပါတယ်။

ဓာတ်ပုံ – Reuters

⦿ ချိုင်ကာဆမ် နီတီဆီရီ

Public Service Announcement

Public Service Announcement

သူကတော့ အသက် ၇၇ နှစ်ရှိပါပြီ။ ရှေ့နေ၊ အစိုးရရှေ့နေ ဘဝတွေကို ဖြတ်သန်းခဲ့ဖူးတဲ့ ဥပဒေကြောင်းဆိုင်ရာ ရှည်လျားတဲ့ သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၃ မှာတော့ တရားရေးဝန်ကြီး ဖြစ်ခဲ့ပေမယ့် နောက်တစ်နှစ်နီးပါး အကြာမှာ ထိုင်းစစ်တပ်က အာဏာသိမ်းလို့ သူ့ရာထူးလည်း မမြဲခဲ့ပါဘူး။ ၂၀၁၉ နဲ့ ၂၀၂၃ ရွေးကောက်ပွဲတွေအတွင်း ဖျူထိုင်းပါတီက အဆိုပြုတဲ့ ဝန်ကြီးချုပ်လောင်း ၃ ဦး စာရင်းတွေမှာ ချိုင်ကာဆမ်ကို နာမည်ထည့်သွင်းခဲ့ပေမယ့် သူက အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်ပဲ နေခဲ့ပြီး လူရှေ့ သိပ်မထွက်ပါဘူး။ ဒါ့အပြင် လေဖြတ်ဝေဒနာကိုလည်း ခံစားခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေမှာတော့ ချိုင်ကာဆမ်က သူ့ရဲ့ ကျန်းမာရေး ကောင်းမွန်နေတယ် ဆိုတာကို လူတွေ လက်ခံလာမယ့် ပုံရိပ်တွေကို ဖန်တီးယူလာနေပါတယ်။ ဂေါက်ရိုက်နေတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ် မျှဝေတာ၊ မီဒီယာတွေနဲ့ တက်တက်ကြွကြွ တွေ့ဆုံတာတွေ လုပ်လာပါတယ်။ သူ့ကျန်းမာရေးက အများကြီး ပိုကောင်းလာပြီး နိုင်ငံက သူ့ကို လိုအပ်ရင် အမှုထမ်းဖို့ အသင့်ရှိနေတယ်လို့ ချိုင်ကာဆမ်က ပြောပါတယ်။

ဓာတ်ပုံ – Reuters

⦿ ပီယာပန် ဆာလီရက်သာဗီဟာဂါ

အသက် ၆၆ နှစ်အရွယ် ပီယာပန်ဟာ ကွန်ဆာဗေးတစ်ဝါဒီ ယူနိုက်တက်ထိုင်း အမျိုးသားပါတီ (UTN)ရဲ့ ခေါင်းဆောင်ပါ။ ဘွမ်ဂျိုင်ထိုင်း ပါတီ နုတ်ထွက်တဲ့အချိန်မှာ ညွန့်ပေါင်းအစိုးရက ယိုင်ထွက်သွားခဲ့ပေမယ့် ပီယာပန်ရဲ့ ပါတီက ဆက်လက် ထောက်ခံရပ်တည်ပေးထားတာကြောင့် အစိုးရ မပြိုကွဲခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အစိုးရ အဖွဲ့ထဲမှာ ဒုတိယ ဝန်ကြီးချုပ်နဲ့ စွမ်းအင် ဝန်ကြီး တာဝန်တွေကို ပီယာပန်က ရယူထားပါတယ်။ သူ့လက်အောက်မှာ ထိုင်းရဲ့ စွမ်းအင် ဝန်ကြီးဌာနဟာ လောင်စာစျေးနှုန်း သတ်မှတ်ချက်တွေကို ပွင့်လင်းမြင်သာမှုရှိအောင် မူဝါဒတွေ ပြောင်းလဲခဲ့ပြီး လူထုအတွက် အဆင်ပြေစေဖို့ ဓာတ်အားခတွေ ပြင်ဆင် လျှော့ချပေးခဲ့ပါတယ်။ တရားရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသလို ၇ ကြိမ် ရွေးကောက်ခံဖူးတဲ့ ဝါရင့် လွှတ်တော်အမတ် တစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးတော့ ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဟောင်း ပယာရွတ်သ် ချန်အိုချာရဲ့ အကြံပေးလည်း ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲမှာ သူဟာ ပယာရွတ်သ်ကို ဝန်းရံဖို့ ရည်ရွယ်ပြီး UNTကို ထူထောင်ခဲ့ပေမယ့် ပယာရွတ်သ်ကတော့ အခြေအနေ မကောင်းခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ပီယာပန်ဟာ အစဉ်အလာ ပြိုင်ဘက် ဖြစ်ခဲ့ဖူးတဲ့ ဖျူထိုင်းနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရထဲမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ သူဟာ ရေဘေးသင့် ဒုက္ခသည်တွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေကို အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်နေရပေမယ့် ယတိပြတ် ငြင်းပယ်ထားပါတယ်။

ဓာတ်ပုံ – Reuters

⦿ ပယာရွတ်သ် ချန်အိုချာ

အသက် ၇၁ နှစ်အရွယ် ပယာရွတ်သ်ကတော့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုလောက်တဲ့သူပါ။ ထိုင်းစစ်တပ် အကြီးအကဲနဲ့ ထိုင်းဝန်ကြီးချုပ် တာဝန်တွေကို ယူခဲ့ဖူးပြီး စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့မှုကြောင့် လူသိများပါတယ်။ သူဟာ နိုင်ငံရေး နယ်ပယ်ကနေ အနားယူကြောင်း ကြေညာထားပေမယ့် ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင် စာရင်းသွင်းမှုအရ ဝန်ကြီးချုပ် လျာထားစာရင်းထဲမှာ ဆက်ရှိနေဆဲပါပဲ။ ပယာရွတ်သ်ဟာ ၂၀၁၄ တုန်းက ဖျူထိုင်းပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်ရဲ့ အကြီးအကဲ ဖြစ်ခဲ့ပါတယ်။ နောက်တော့ သူကိုယ်တိုင် ဖွဲ့စည်းထားတဲ့ စစ်အစိုးရ အဖွဲ့မှာ ဝန်ကြီးချုပ် ဖြစ်လာပြီး ၂၀၁၉ ရွေးကောက်ပွဲမှာတော့ သူ့စိတ်တိုင်းကျ ခြယ်လှယ်ခန့်အပ်ထားတဲ့ လွှတ်တော် အမတ်တွေရဲ့ ထောက်ခံမှုနဲ့အတူ အရပ်သား ဝန်ကြီးချုပ်ဘဝ ပြောင်းလဲ ခံယူခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာ အခြေအနေ အတော်ဆိုးခဲ့တဲ့နောက် နိုင်ငံရေးကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ့ရဲ့ ဝန်ကြီးချုပ် ဘဝဖြတ်သန်းမှုက အတော်လေးတော့ ကြမ်းတမ်းခဲ့ပြီး ဆန္ဒပြမှုတွေ၊ အယုံအကြည်မရှိ အဆိုတင်သွင်းမှုတွေကို ဖြတ်ကျော်ခဲ့ရပါတယ်။ သူက နိုင်ငံရေး နယ်ပယ်ကို ကျောခိုင်းသွားပြီ ဆိုပေမယ့်လည်း ဩဇာလွှမ်းမိုးမှု၊ အရှိန်အဝါတွေတော့ ကြီးကြီးမားမား ကျန်နေဆဲပါ။ ၂၀၂၃ ခုနှစ်မှာ သူဟာ ထိုင်းဘုရင် မဟာဗဂျီရာလောင်ကွန်းရဲ့ မင်းတိုင်ပင် အဖွဲ့ဝင်အဖြစ် ခန့်အပ် ခံခဲ့ရပြီး တကယ်လို့ ဝန်ကြီးချုပ်အဖြစ် အရွေးချယ် ခံမယ်ဆိုရင် အဲဒီရာထူးကနေ နုတ်ထွက်ရပါမယ်။ နောက်ပြီး ထိုင်းဖွဲ့စည်းပုံ ဥပဒေပါ ဝန်ကြီးချုပ်သက်တမ်း ကန့်သတ်ချက်အရ ပယာရွတ်သ်ဟာ ၂ နှစ်ထက်ပိုပြီး ဝန်ကြီးချုပ် တာဝန် ယူလို့မရတော့ပါဘူး။

ဓာတ်ပုံ – Reuters

⦿ ဂျူရင် လက်ဆန်နာဝီဆစ်

အသက် ၆၉ နှစ်အရွယ် ဂျူရင်ကတော့ ဒီမိုကရက်ပါတီ ခေါင်းဆောင်ဟောင်း ဖြစ်ပါတယ်။ ပယာရွတ်သ် ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရလက်ထက် ၂၀၁၉ ကနေ ၂၀၂၃ ခုနှစ်ထိ အတောအတွင်း သူဟာ စီးပွားရေး ဝန်ကြီးအနေနဲ့ တာဝန်ယူခဲ့ပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်တုန်းက ဒီမိုကရက်ပါတီ ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ ကျန်းမာရေးဝန်ကြီး၊ ပညာရေးဝန်ကြီး နေရာတွေမှာ အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ အခြေမလှခဲ့တဲ့နောက် ဂျူရင်က ပါတီအကြီးအကဲ အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ သူ့ရဲ့ ပါတီဟာ ကွန်ဆာဗေးတစ်တွေနဲ့ ပူးပေါင်းခဲ့ပေမယ့် ပြုပြင်ပြောင်းလဲရေး ဝါဒယိမ်း ပါတီတွေနဲ့ ပိုပြီး နီးကပ်လာတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ဘက်ပြောင်းမှုတွေကြောင့် ကွန်ဆာဗေးတစ်တွေနဲ့ ခွာပြဲသွားခဲ့ပါတယ်။ နောက်တော့ အစဉ်အလာ ပြိုင်ဘက်ဖြစ်တဲ့ ဖျူထိုင်းပါတီနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရထဲမှာ ပါဝင်လာပါတယ်။ လေ့လာသူတွေကတော့ ဂျူရင်ဟာ ပါတီရဲ့ အစောင့်အရှောက် ပုဂ္ဂိုလ်တစ်ယောက်လို ရှုမြင်ခံထားရပြီး ဝန်ကြီးချုပ် နေရာအတွက်တော့ သူ့ပါတီ ကိုယ်တိုင်က သူ့ကို မဲပေးထောက်ခံမယ့် အလားအလာ မရှိဘူးလို့ သုံးသပ်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။