Connect with us

Hi, what are you looking for?

ဆောင်းပါး

အမေရိကန်ပြည်သူတွေက ရီပတ်ဘလစ်ကန်ပါတီကို အပြတ်အသတ် ကျောခိုင်းလိုက်တဲ့ ၂၀၂၆ သက်တမ်းဝက် ရွေးကောက်ပွဲ

“အစိုးရတစ်ရပ်၏ အာဏာသည် ပြည်သူ့သဘောဆန္ဒအောက်တွင်သာ တည်ရှိပြီး လွတ်လပ်သော နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်ရှင်အစစ်မှာ ပြည်သူများပင် ဖြစ်သည်။”

  • ခါကာဘို ရေးသားသည်။

“အစိုးရတစ်ရပ်၏ အာဏာသည် ပြည်သူ့သဘောဆန္ဒအောက်တွင်သာ တည်ရှိပြီး လွတ်လပ်သော နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်ရှင်အစစ်မှာ ပြည်သူများပင် ဖြစ်သည်။”

အမေရိကန်နိုင်ငံရဲ့ သက်တမ်းဝက်ရွေးကောက်ပွဲဟာ ဂျိမ်းစ်မက်ဒီဆင် (James Madison) ပြောခဲ့တဲ့ ဒီစကားအတိုင်း သက်သေပြခဲ့ကြပါပြီ။

ဒါဟာ ရီပတ်ဘလစ်ကန်ပါတီအတွက် ငလျင်လှုပ်ခတ်သလို ပြင်းထန်တဲ့ ရှုံးနိမ့်မှုတစ်ခုပါပဲ။

တကယ်တော့ ဒီတစ်ကြိမ် အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်နိုင်တယ်ဆိုတာကို ပါတီအတွင်းက ခေါင်းဆောင်တွေ၊ မဲဆွယ်စည်းရုံးရေးအဖွဲ့တွေ ကြိုတင်တွက်ဆထားခဲ့ကြပါတယ်။ အာဏာရပါတီဟာ သမ္မတသက်တမ်းရဲ့ အလယ်ကာလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေရဲ့ မကျေနပ်မှုကို ရင်ဆိုင်ရလေ့ရှိတာကြောင့် အမတ်နေရာအချို့ ဆုံးရှုံးနိုင်တယ်ဆိုတာလည်း နိုင်ငံရေးသမားတိုင်း သိထားကြတဲ့ အချက်ပါ။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ဖြစ်သွားတာက အမတ်နေရာအနည်းငယ် ဆုံးရှုံးရုံလောက် မဟုတ်တော့ပါဘူး။ အောက်လွှတ်တော် (House of Representatives) နဲ့ အထက်လွှတ်တော် (Senate) နှစ်ရပ်စလုံးမှာ ရီပတ်ဘလစ်ကန်ပါတီရဲ့ ထိန်းချုပ်ခွင့် ဆုံးရှုံးသွားပြီး ဒီမိုကရက်ပါတီက လွှတ်တော်နှစ်ရပ်စလုံးကို ပြန်လည်ထိန်းချုပ်နိုင်တဲ့အထိ အနိုင်ရရှိသွားခဲ့တာပါ။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ဒီမိုကရက်တွေ အနိုင်ရခဲ့တဲ့ ပြည်နယ်တွေဟာ ပုံမှန်အားဖြင့် ဒီမိုကရက်တွေ အနိုင်ရဖို့ မျှော်လင့်ရခက်တဲ့ ရီပတ်ဘလစ်ကန်တွေရဲ့ ဆယ်စုနှစ်နဲ့ချီတဲ့ အမာခံနယ်မြေတွေ ဖြစ်နေတာပါပဲ။

အမေရိကန်ပြည်သူတွေဟာ မဲပေးတဲ့အခါ လွှတ်တော်အမတ်တစ်ယောက်ချင်းစီကိုသာ ရွေးချယ်ခဲ့ကြတာလား၊ ဒါမှမဟုတ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အုပ်ချုပ်ရေးပုံစံတစ်ခုလုံးကိုပါ မဲပေးဆုံးဖြတ်ခဲ့ကြတာလားဆိုတဲ့ မေးခွန်းက ဒီရွေးကောက်ပွဲရဲ့ အဓိက နိုင်ငံရေးအဓိပ္ပာယ် ဖြစ်လာခဲ့ပါတယ်။

အဲဒီမေးခွန်းကို ဖြေဖို့ဆိုရင် ဒီရွေးကောက်ပွဲ မတိုင်ခင် အမေရိကန်နိုင်ငံရေးမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကို ပြန်ကြည့်ဖို့ လိုပါတယ်။

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့စဉ်က သူ့ရဲ့ နိုင်ငံရေးအောင်မြင်မှုဟာ အဓိကအားဖြင့် အမေရိကန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကတိကဝတ်တွေကြောင့်လည်း ဖြစ်ပါတယ်။

အမေရိကန်နယ်စပ်ကို ထိန်းချုပ်မယ်၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုကို တားဆီးမယ်၊ ကုန်ဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှုကို လျှော့ချမယ်၊ အမေရိကန်ကို နိုင်ငံခြားစစ်ပွဲတွေထဲ မဆွဲသွင်းဘူးဆိုတဲ့ ကတိတွေဟာ ထရမ့်ကို မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေအတွက် အရေးကြီးတဲ့ အကြောင်းရင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အာဏာရလာပြီးနောက်မှာတော့ ရွေးကောက်ပွဲကာလက ပေးခဲ့တဲ့ ကတိကဝတ်တွေနဲ့ လက်တွေ့အုပ်ချုပ်ရေး လုပ်ဆောင်ချက်တွေကြား ကွာဟချက်တွေ ပိုမိုထင်ရှားလာခဲ့ပြီး ပြည်သူတွေရဲ့ စိတ်ပျက်မှုနဲ့ မကြေနပ်မှုတွေပါ တိုးပွားလာခဲ့ပါတယ်။

အထူးသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လောင်စာဆီဈေးနှုန်း၊ အီရန်နဲ့ပတ်သက်တဲ့ စစ်ရေးပဋိပက္ခ၊ ကုန်သွယ်ရေးအခွန် (Tariffs) တွေရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုတွေက မဲဆန္ဒရှင်တွေရဲ့ မကျေနပ်မှုကို ပိုမိုကြီးထွားစေခဲ့ပါတယ်။

သာမန်အမေရိကန်မိသားစုတစ်စုအတွက် နိုင်ငံရေးဆိုတာ ဝါဒရေးရာ ဆွေးနွေးမှုသက်သက် မဟုတ်ပါဘူး။ စူပါမားကတ်မှာ စားသောက်ကုန်ဝယ်တဲ့အခါ ဘယ်လောက်ကုန်သလဲ၊ ကားဆီဖြည့်တဲ့အခါ ဘယ်လောက်ပေးရသလဲ၊ အိမ်ငှားခနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေကို ဘယ်လိုပေးနိုင်မလဲဆိုတာက ပိုပြီးလက်တွေ့ကျတဲ့ ကိစ္စတွေပါ။

ထရမ့်အစိုးရရဲ့ မူဝါဒတွေကြောင့် စီးပွားရေးအခြေအနေ ပိုမိုခက်ခဲလာတယ်လို့ ယူဆသူတွေ တိုးလာခဲ့တာဟာ ရီပတ်ဘလစ်ကန်ပါတီအတွက် ကြီးမားတဲ့ နိုင်ငံရေးပြဿနာတစ်ခု ဖြစ်လာခဲ့ပါတယ်။

Associated Press ရဲ့ AP Voter Poll စစ်တမ်းအရလည်း မဲဆန္ဒရှင်အများအပြားဟာ ထရမ့်နဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ စီးပွားရေးဆိုင်ရာ ကတိကဝတ်တွေကို မကျေနပ်ကြောင်း၊ ကုန်ဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှုဟာ မဲပေးဆုံးဖြတ်ရာမှာ အရေးကြီးတဲ့ အချက်တွေ ဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အစိုးရအတွင်း အကျင့်ပျက်ခြစားမှုနဲ့ သမ္မတအာဏာကို ထိန်းကျောင်းစောင့်ကြည့်မှု အားနည်းနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။

မဲဆန္ဒရှင်တွေရဲ့ မကျေနပ်မှုဟာ ရွေးကောက်ပွဲရလဒ်အပေါ် အလွန်ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တယ်ဆိုတာကိုတော့ စစ်တမ်းနဲ့ ရလဒ်တွေကို မြင်ရချိန်ကထဲက သိနေကြပါတယ်။

ထူးခြားတာက ထရမ့်ကိုယ်တိုင်လည်း ဒီရွေးကောက်ပွဲကို သူ့ရဲ့နိုင်ငံရေးအင်အားကို စမ်းသပ်မယ့် ပွဲတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့တာပါ။

ရွေးကောက်ပွဲမတိုင်ခင် သူက မဲဆန္ဒရှင်တွေကို သူကိုယ်တိုင် မဲစာရင်းထဲ ပါဝင်နေသလို သဘောထားပြီး မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဒီရွေးကောက်ပွဲဟာ ရီပတ်ဘလစ်ကန်ပါတီအတွက်သာမက ထရမ့်ရဲ့ နိုင်ငံရေးဩဇာအတွက်ပါ အရေးကြီးတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။

ဒီအခြေအနေမှာ ရီပတ်ဘလစ်ကန်ပါတီကို မဲမပေးဖို့ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ ထရမ့်ရဲ့ မူဝါဒတွေအပေါ် ဆက်လက်ထောက်ခံလိုစိတ် မရှိကြောင်း ဖော်ပြတဲ့ နိုင်ငံရေးသဘောထား တစ်ရပ်အဖြစ် ပိုမိုထင်ရှားလာပါတယ်။

NBC News ရဲ့ ရွေးကောက်ပွဲထွက်ပေါက်စစ်တမ်း (Exit Poll) အရ မဲပေးခဲ့သူ ၄၃ ရာခိုင်နှုန်းက ထရမ့်ကို ဆန့်ကျင်ကြောင်း ပြသလိုတဲ့ ရည်ရွယ်ချက်ဟာ သူတို့ မဲပေးဆုံးဖြတ်မှုရဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ ဒါ့အပြင် မဲဆန္ဒရှင် ၇၁ ရာခိုင်နှုန်းက သမ္မတထရမ့်အပေါ် ကွန်ဂရက်လွှတ်တော်ရဲ့ ကြီးကြပ်စစ်ဆေးမှု မလုံလောက်ဘူးလို့ ယူဆခဲ့ကြပြီး အဲဒီထဲမှာ ရီပတ်ဘလစ်ကန်ပါတီကို ထောက်ခံသူ ၄၁ ရာခိုင်နှုန်းတောင် ပါဝင်ခဲ့ပါတယ်။

ဒီကိန်းဂဏန်းတွေက ပြောပြနေတာက ရီပတ်ဘလစ်ကန်ပါတီအပေါ် မကျေနပ်မှုဟာ ဒီမိုကရက်ပါတီကို အားပေးသူတွေအတွင်းမှာပဲ ရှိနေတာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။

ရွေးကောက်ပွဲရလဒ်တွေ စတင်ထွက်ပေါ်လာတဲ့အခါ ရီပတ်ဘလစ်ကန်ပါတီအတွက် ပထမဆုံး ထိတ်လန့်စရာဖြစ်လာတာက ဒီမိုကရက်တွေဟာ ပုံမှန်ယှဉ်ပြိုင်နေကျ မဲဆန္ဒနယ်တွေမှာပဲ အနိုင်ရနေတာ မဟုတ်ဘဲ ရီပတ်ဘလစ်ကန်တွေ အမြဲနိုင်နေကြ သူတို့ရဲ့ အမာခံနယ်မြေတွေထဲအထိ ထိုးဖောက်အနိုင်ရလာတာပါပဲ။

ဥပမာအားဖြင့် ကန်ဆက်စ်ပြည်နယ်ဟာ ရီပတ်ဘလစ်ကန်တွေရဲ့ အစဉ်အလာအားကောင်းတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် အထက်လွှတ်တော်ရွေးကောက်ပွဲမှာ ဒီမိုကရက်ကိုယ်စားလှယ် အဒမ်ဟဲမီလ်တန်က ရီပတ်ဘလစ်ကန် လက်ရှိအထက်လွှတ်တော်အမတ် ရော်ဂျာမာရှယ်လ်ကို အနိုင်ရရှိခဲ့ပါတယ်။

ဒီအနိုင်ရလဒ်ဟာ သာမန်အနိုင်ရမှုတစ်ခု မဟုတ်ပါဘူး။ ကန်ဆက်စ်ပြည်နယ်က ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်တစ်ဦးကို နောက်ဆုံးအကြိမ် ရွေးချယ်ခဲ့တာ ၁၉၃၂ ခုနှစ်က ဖြစ်ပါတယ်။ အခုဆိုရင် ၉၄ နှစ်နီးပါးကြာမှ ဒီမိုကရက်တစ်ပါတီက အဲဒီပြည်နယ်မှာ အထက်လွှတ်တော်နေရာကို ပြန်လည်ရယူနိုင်ခဲ့တာပါ။

တောင်ကယ်ရိုလိုင်းနား ပြည်နယ်မှာလည်း အလားတူဖြစ်ခဲ့ပါတယ်။ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထရမ့်က အဲဒီပြည်နယ်ကို ၁၈ ရာခိုင်နှုန်းနီးပါး အသာစီးနဲ့ အနိုင်ရခဲ့တာပါ။ ဒါပေမဲ့ ဒီတစ်ကြိမ် အထက်လွှတ်တော်ရွေးကောက်ပွဲမှာ ဒီမိုကရက် အင်နီအင်ဒရူးက ရီပတ်ဘလစ်ကန်ကို အနိုင်ရရှိခဲ့ပါတယ်။ တောင်ကယ်ရိုလိုင်းနားမှာ ရီပတ်ဘလစ်ကန်တို့ အထက်လွှတ်တော်နေရာ ဆုံးရှုံးခဲ့တာဟာ ဆယ်စုနှစ်သုံးခုနီးပါးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်မှာလည်း ရလဒ်က အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ တက္ကဆက်ဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ အရေးအကြီးဆုံး အမာခံပြည်နယ်တွေထဲက တစ်ခုပါ။ ဒီပြည်နယ်မှာ ရီပတ်ဘလစ်ကန်တွေက အထက်လွှတ်တော်နေရာကို ဆယ်စုနှစ်များစွာ ထိန်းထားနိုင်ခဲ့ကြတာပါ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ဒီမိုကရက် ဂျိမ်းစ်တာလာရီကိုက ထရမ့်ရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ ရီပတ်ဘလစ်ကန် ကင်ပက်စ်တန်ကို အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ဟာ ရီပတ်ဘလစ်ကန်ပါတီအတွက် မဲဆန္ဒနယ်တစ်ခု လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းထက် များစွာပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးအဓိပ္ပာယ်ကို ဖြစ်ပါတယ်။

အထူးသဖြင့် ထရမ့်ရဲ့ ထောက်ခံမှုကိုပင် ရရှိထားတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး ရှုံးနိမ့်ခဲ့ခြင်းဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ နိုင်ငံရေးဩဇာ၊ လူထုထောက်ခံမှုနဲ့ လာမယ့်ရွေးကောက်ပွဲတွေအပေါ် သက်ရောက်မှုရှိနိုင်တဲ့ အရေးပါသော နိုင်ငံရေးဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အလားတူ မြောက်ကာရိုလိုင်းနား၊ အိုဟိုင်းယိုး၊ အိုင်အိုဝါ ပြည်နယ်တွေမှာလည်း ဒီမိုကရက်တွေက ရီပတ်ဘလစ်ကန်အမတ်နေရာတွေကို သိမ်းယူနိုင်ခဲ့ပါတယ်။

တကယ်တော့ ဒီပြည်နယ်အများစုဟာ ထရမ့်ကို ၂၀၂၄ ခုနှစ်တုန်းက ရွေးချယ်ခဲ့ကြတာပါ။ ဒါပေမယ့် သမ္မတရွေးကောက်ပွဲမှာ ထရမ့်ကို ထောက်ခံခဲ့ကြတဲ့ မဲဆန္ဒနယ်တွေထဲက မဲဆန္ဒရှင် တစ်စိတ်တစ်ပိုင်းဟာ ၂၀၂၆ သက်တမ်းဝက်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းတွေကို မဲမပေးတော့ဘဲ ဒီမိုကရက်တွေဘက်ကို ပြောင်းလဲမဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

Reuters ရဲ့ နိုဝင်ဘာ ၄ ရက် ရွေးကောက်ပွဲသုံးသပ်ချက်အရ မဲရလဒ် ၉၀ ရာခိုင်နှုန်းကျော် ထွက်ပေါ်ပြီးသားဖြစ်တဲ့ အမေရိကန်တစ်ဝန်းက ခရိုင် ၂,၂၀၀ ခန့်ကို နှိုင်းယှဉ်လေ့လာခဲ့ရာမှာ ရီပတ်ဘလစ်ကန်ပါတီဟာ ခရိုင် ၁၀၀ မှာ ၉၉ ခုအထိ မဲထောက်ခံမှု ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲရလဒ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရီပတ်ဘလစ်ကန်ပါတီရဲ့ မဲဝေစုဟာ ပျမ်းမျှအားဖြင့် ၈ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့တယ်လို့ က ဖော်ပြထားပါတယ်။

အမေရိကန်လွှတ်တော်မှာ အထက်လွှတ်တော် (Senate) နဲ့ အောက်လွှတ်တော် (House of Representatives) ဆိုပြီး လွှတ်တော် နှစ်ရပ်ရှိပါတယ်။ အထက်လွှတ်တော်မှာ ပြည်နယ်တစ်ခုစီက အထက်လွှတ်တော်အမတ် နှစ်ဦးစီ ရွေးချယ်တာကြောင့် စုစုပေါင်း ၁၀၀ ဦးရှိပြီး အောက်လွှတ်တော်မှာတော့ လူဦးရေအလိုက် မဲဆန္ဒနယ်တွေ ခွဲခြားပြီး အမတ် ၄၃၅ ဦး ရွေးချယ်ပါတယ်။

ဒီတစ်ကြိမ် ရွေးကောက်ပွဲမှာ အောက်လွှတ်တော်နေရာအားလုံးဖြစ်တဲ့ ၄၃၅ နေရာနဲ့ အထက်လွှတ်တော်နေရာ ၃၅ နေရာအတွက် ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။

ရွေးကောက်ပွဲမတိုင်ခင်မှာ အထက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေက ၅၃ နေရာ၊ ဒီမိုကရက်နဲ့ ဒီမိုကရက်ဘက်က မဲပေးလေ့ရှိတဲ့ တစ်သီးပုဂ္ဂလတွေက ၄၇ နေရာနဲ့ ထိန်းချုပ်ထားခဲ့ပါတယ်။ အောက်လွှတ်တော်မှာလည်း ရီပတ်ဘလစ်ကန်တွေက ၂၁၉ နေရာနဲ့ ဒီမိုကရက်တွေက ၂၁၄ နေရာ အသီးသီး ထိန်းချုပ်ထားခဲ့ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲပြီးတဲ့အခါ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်စုစည်းရာ ဝက်ဘ်ဆိုက် ဘောလ်လော့ပ်ပီဒီယာ (Ballotpedia) ရဲ့ နိုဝင်ဘာ ၄ ရက် ရလဒ်အရ ဒီမိုကရက်တွေဟာ အထက်လွှတ်တော်မှာ အနည်းဆုံး ၅၄ နေရာနဲ့ ရီပတ်ဘလစ်ကန်တွေက ၄၄ နေရာ ရရှိထားကြောင်း ဖော်ပြခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်တွေဆီက အထက်လွှတ်တော်နေရာ အနည်းဆုံး ၇ နေရာကို ဒီမိုကရက်တွေက ပြန်လည်သိမ်းယူနိုင်ခဲ့တာပါ။

အောက်လွှတ်တော်မှာလည်း ဒီမိုကရက်တွေက အနည်းဆုံး ၂၃၁ နေရာနဲ့ အများစုအာဏာကို ပြန်လည်ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ မဲရေတွက်မှုနဲ့ နေရာအချို့ရဲ့ နောက်ဆုံးအတည်ပြုချက်တွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

အဲဒီတော့ လွှတ်တော်နှစ်ရပ်စလုံးကို ဒီမိုကရက်တွေက ထိန်းချုပ်နိုင်သွားတာဟာ ထရမ့်အစိုးရအတွက် ဘယ်လိုသက်ရောက်သွားမလဲဆိုရင် အရင်က ထရမ့်အစိုးရဟာ လွှတ်တော်နှစ်ရပ်စလုံးမှာ သူ့ပါတီက အများစုဖြစ်နေတာကြောင့် သူ့ရဲ့ဥပဒေပြုရေးအစီအစဉ်တွေကို အတော်အတန် လွယ်ကူစွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး အစိုးရရဲ့ ခန့်အပ်မှုတွေ၊ ဘတ်ဂျက်နဲ့ ဥပဒေပြုရေးကိစ္စတွေမှာလည်း ပါတီတွင်းထောက်ခံမှု ရရှိထားခဲ့ပါတယ်။ အခုတော့ အခြေအနေ ပြောင်းသွားပါပြီ။

ဒီမိုကရက်တွေက လွှတ်တော်နှစ်ရပ်စလုံးမှာ အများစုဖြစ်လာတဲ့အတွက် ထရမ့်ရဲ့ ဥပဒေကြမ်းတွေကို ပယ်ချနိုင်တယ်၊ အစိုးရအရာရှိတွေကို ခေါ်ယူစစ်ဆေးနိုင်တယ်၊ အုပ်ချုပ်ရေးအာဏာကို အသုံးပြုပုံနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်တယ်၊ သမ္မတက အဆိုပြုတဲ့ အရေးကြီးရာထူးခန့်အပ်မှုတွေကိုလည်း အထက်လွှတ်တော်က ပိတ်ဆို့နိုင်ပါတယ်။

အထူးသဖြင့် လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးရေးအာဏာနဲ့ ကြားနာစစ်ဆေးရေးတွေဟာ ထရမ့်အစိုးရအတွက် နောက်ထပ် ၂ နှစ်အတွင်း ကြီးမားတဲ့ နိုင်ငံရေးဖိအားတစ်ခု ဖြစ်လာနိုင်ပါတယ်။

တချို့နိုင်ငံရေးသုံးသပ်သူတွေက ဒီရလဒ်ဟာ အမေရိကန်နိုင်ငံရေးမှာ အာဏာချိန်ခွင်လျှာ ပြန်လည်ပြောင်းလဲသွားခြင်းဖြစ်ပြီး ထရမ့်ရဲ့ နောက်ဆုံး ၂ နှစ်တာ သမ္မတသက်တမ်းကို ပိုမိုခက်ခဲစေမယ်လို့ သုံးသပ်နေကြပါတယ်။

ဒါပေမဲ့ ဒီရွေးကောက်ပွဲရဲ့ အကျိုးဆက်ဟာ လွှတ်တော်အာဏာ ဆုံးရှုံးသွားတာတစ်ခုတည်းနဲ့ မပြီးသေးပါဘူး။ ရီပတ်ဘလစ်ကန်ပါတီအတွင်းမှာပဲ အနာဂတ်နိုင်ငံရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး အကြီးအကျယ် သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။

တကယ်တော့ ထရမ့်လက်ထက်မှာ ရီပတ်ဘလစ်ကန်ပါတီဟာ တဖြည်းဖြည်းနဲ့ ထရမ့်ဗဟိုပြုပါတီ တစ်ခုလို ဖြစ်လာခဲ့တာပါ။ ပါတီရဲ့ နိုင်ငံရေးဦးတည်ချက်၊ မဲဆွယ်စည်းရုံးရေး၊ ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပါတီအတွင်း ဦးဆောင်မှုတွေမှာ ထရမ့်ရဲ့ သဘောထားဟာ အလွန်အရေးပါလာခဲ့ပါတယ်။

ထရမ့်ကို ထောက်ခံသူတွေက သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို MAGA (Make America Great Again) လို့ ခေါ်ကြပါတယ်။ ဒီလှုပ်ရှားမှုဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ အရေးအကြီးဆုံး နိုင်ငံရေးအင်အားစုတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ အခုလို ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်သွားတဲ့အခါ အမေရိကန်ပြည်သူတွေသာမက ပါတီကိုယ်တိုင်က ထရမ့်နဲ့ ဆက်လက်လက်တွဲပြီး သူ့ရဲ့နိုင်ငံရေးလမ်းကြောင်းအတိုင်းပဲ ဆက်သွားသင့်သလား ဆိုတဲ့ မေးခွန်း ပေါ်လာပါပြီ။ ဒါမှမဟုတ် ထရမ့်ရဲ့ ဩဇာလွှမ်းမိုးမှုကနေ တဖြည်းဖြည်းခွဲထွက်ပြီး ရိုးရာကွန်ဆာဗေးတစ်ဝါဒဘက်ကို ပြန်လည်ဦးတည်သင့်သလား။

ဒီမေးခွန်းဟာ ရီပတ်ဘလစ်ကန်ပါတီအတွက် အနာဂတ် ၂၀၂၈ သမ္မတရွေးကောက်ပွဲအထိ သက်ရောက်မှုရှိလာနိုင်ပါတယ်။

NPR ရဲ့ နိုဝင်ဘာ ၄ ရက် သုံးသပ်ခန်းကတော့ ရီပတ်ဘလစ်ကန်ပါတီဟာ ထရမ့်နဲ့ ဘယ်လောက်အထိ နီးကပ်နေသင့်သလဲဆိုတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ရင်ဆိုင်နေရပြီလို့ ဆိုထားပါတယ်။

ဒီသုံးသပ်ချက်အရ ထရမ့်က ပါတီအတွင်း အခြားသူတွေရဲ့ သဘောထားကွဲလွဲမှုနဲ့ ဆွေးနွေးငြင်းခုံမှုတွေကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့တဲ့အတွက် အခုအချိန်မှာတော့ ထရမ့်နောက်ပိုင်း ရီပတ်ဘလစ်ကန်ပါတီဟာ ဘယ်လိုပါတီမျိုး ဖြစ်သင့်သလဲဆိုတဲ့ ဆွေးနွေးမှုကြီး ပြန်လည်ပေါ်ပေါက် လာတော့မယ်လို့ ဆိုပါတယ်။

တစ်နည်းပြောရရင် ထရမ့်ကို ဆက်လက်ထောက်ခံသူတွေ၊ ထရမ့်ရဲ့ မူဝါဒတချို့ကိုသာ လက်ခံပြီး အခြားကိစ္စတွေမှာ သီးခြားရပ်တည်လိုသူတွေ၊ ထရမ့်ရဲ့ နိုင်ငံရေးဦးဆောင်မှုကနေ လုံးဝခွဲထွက်လိုသူတွေဆိုပြီး ပါတီအတွင်း အုပ်စုသုံးခုလောက်အထိ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒီနေရာမှာ ဒုတိယသမ္မတ ဂျေဒီဗန့်စ်ရဲ့ အနာဂတ်နိုင်ငံရေးအခန်းကဏ္ဍကလည်း စိတ်ဝင်စားစရာပါ။ ထရမ့်နောက်ပိုင်း ရီပတ်ဘလစ်ကန်ပါတီကို ဘယ်သူက ဦးဆောင်မလဲဆိုတဲ့ မေးခွန်းမှာ သူ့နာမည်ဟာ အရေးပါလာနိုင်ပါတယ်။ ဒါပေမဲ့ ပါတီရဲ့ နောက်ဆုံးဦးဆောင်သူ ဘယ်သူဖြစ်လာမလဲဆိုတာကတော့ အခုချိန်မှာ အတည်မပြုနိုင်သေးပါဘူး။

ထူးခြားတာက ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာပြီးနောက် ထရမ့်ဟာ ရှုံးနိမ့်မှုအတွက် နိုင်ငံရေးတာဝန်ယူမှုကို လက်ခံဖို့ထက် သူ့အပေါ် ကျရောက်လာနိုင်တဲ့ ဝေဖန်မှုတွေကို ရှောင်လွှဲပြီး အကြောင်းပြချက်ပေးဖို့သာ ကြိုးစားခဲ့တာဖြစ်ပါတယ်။

သူက လူမှုကွန်ရက်ပေါ်မှာ သူကိုယ်တိုင် မဲစာရင်းထဲ မပါဝင်ခဲ့တာကြောင့် ရီပတ်ဘလစ်ကန်တွေ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး သူသာ မဲစာရင်းထဲ ပါဝင်ခဲ့ရင် အပြတ်အသတ် အနိုင်ရမှာဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာတော့ သူကိုယ်တိုင် မဲဆွယ်စည်းရုံးရေးတွေ လုပ်ခဲ့ပြီး ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ တိုက်တွန်းခဲ့သူပါ။

သူ မဲစာရင်းထဲ ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ သူ့အတွက် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ သမ္မတရာထူး ဆုံးရှုံးသွားတာမျိုး မဟုတ်ပေမယ့် သူ့ရဲ့ နိုင်ငံရေးဩဇာကို လွှတ်တော်နှစ်ရပ်စလုံးက အရင်လို အလိုအလျောက် လက်ခံပေးတော့မှာ မဟုတ်ဘူးဆိုတဲ့ အခြေအနေကို ရောက်ရှိသွားစေခဲ့ပါပြီ။

အဆုံးမှာတော့ ဒီရွေးကောက်ပွဲက အမေရိကန်နိုင်ငံရေးသမားအားလုံးကို သင်ခန်းစာတစ်ခု ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။

ပြည်သူတွေဟာ မဲပေးတဲ့အခါ ပါတီတံဆိပ်တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်ကြတာ မဟုတ်သလို၊ ထရမ့်ရဲ့ ပြင်းထန်တဲ့ မဲဆွယ်စည်းရုံးမှုတွေ၊ ကြီးမားတဲ့ ငွေကြေးအသုံးပြုမှုတွေ၊ ပြောဆိုကတိပေးမှုတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ငွေကြေးနဲ့ ဩဇာအင်အားတွေထက် သူတို့ရဲ့ စားဝတ်နေရေး၊ လုံခြုံရေး၊ အစိုးရရဲ့ တာဝန်ခံမှုနဲ့ နိုင်ငံရဲ့ အနာဂတ်အတွက် ဘယ်သူက ပိုမိုထိရောက်တဲ့ ဦးဆောင်မှုနဲ့ ဖြေရှင်းဆောင်ရွက်နိုင်မလဲဆိုတဲ့ အချက်တွေအပေါ်မှာသာ အခြေခံပြီး ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ဟာ အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ နေ့ဟာ အမေရိကန်နိုင်ငံရေးသမိုင်းမှာတော့ ထရမ့်ခေတ် ရီပတ်ဘလစ်ကန်ပါတီရဲ့ အင်အား၊ အနာဂတ်နဲ့ ဦးဆောင်မှုအလားအလာကို အဆုံးအဖြတ်ပေးနိုင်မယ့် နိုင်ငံရေးအလှည့်အပြောင်းတစ်ခုအဖြစ် မှတ်တမ်းဝင်သွားနိုင်ပါတယ်။

လက်ရှိအာဏာရှိနေခြင်းနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုရရှိနေခြင်းဟာ အမြဲတမ်း တစ်ထပ်တည်းမကျဘူး ဆိုတာကို ဒီတစ်ကြိမ် အမေရိကန်မဲဆန္ဒရှင်တွေက ပြသလိုက်တာဖြစ်သလို အာဏာဟာ အမြဲတမ်း တည်မြဲနေတာမဟုတ်ဘဲ ပြည်သူတွေရဲ့ ထောက်ခံမှု ဆုတ်ယုတ်လာတဲ့အခါ အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ခွင့်လည်း ဆုံးရှုံးသွားနိုင်တယ်ဆိုတာကို ဒီရလဒ်က မီးမောင်းထိုးပြလိုက်ပါတယ်။

မှတ်ချက် — ၂၀၂၆ နိုဝင်ဘာ ၅ ရက်အထိ ရရှိထားသော သတင်းနှင့် မဲရလဒ်များအပေါ် အခြေခံထားသည်။

ကိုးကား – NBC, Reuters, Associated Press, NPR, Al Jazeera, Ballotpedia

ဆက်စပ်သတင်းများ

Facebook