သက်တမ်းဝက် ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့ပြီး ရက်ပိုင်း အကြာမှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ စတီဖန်မီလာကို အိမ်ဖြူတော် ဝန်ထမ်းရေးရာ အကြီးအကဲအဖြစ် ရွေးချယ်ခန့်အပ်လိုက်ပါတယ်။
အိမ်ဖြူတော် ဝန်ထမ်းရေးရာ အကြီးအကဲ ဆိုတာဟာ သမ္မတရဲ့ အနီးကပ်ဆုံး အကြံပေး၊ သမ္မတ ရုံးအဖွဲ့ရဲ့ ခေါင်းဆောင်၊ သမ္မတရဲ့ လက်ရုံးရာထူး ဖြစ်ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက အောင်ပွဲခံခဲ့သလို ရီပတ်ဘလစ်ကန် ပါတီဟာ လွှတ်တော် နှစ်ခုစလုံးကို အင်အား အသာစီးနဲ့ ထိန်းချုပ်ခွင့် ဆုံးရှုံးသွားတဲ့နောက် အဲဒီ ရာထူးကနေ ဆူဆီဝိုင်းလ်စ်က နုတ်ထွက်စာ တင်သွားပါတယ်။
နိုဝင်ဘာ ၆ ရက်မှာတော့ ထရမ့်က ဝိုင်းလ်စ်ရဲ့ နေရာမှာ ဆက်ခံဖို့ မီလာကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ မီလာဟာ ရွှေ့ပြောင်း ဒုက္ခသည်တွေအပေါ် အပြင်းအထန် ဖိနှိပ် ဖြိုခွင်းတဲ့ ထရမ့်ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေရဲ့ နောက်ကွယ်က အဓိက ဗိသုကာလို့လည်း သတ်မှတ် ခံရပါတယ်။
ဝိုင်းလ်စ်ဟာ သူ့အလုပ်တာဝန်တွေကို ကောင်းကောင်းကြီး ထမ်းဆောင်ပေးခဲ့ပေမယ့် တစ်ခါတလေတော့ အပြောင်းအလဲတွေ လိုအပ်တယ်လို့ ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် မီလာကတော့ ထရမ့်ရဲ့ အမာခံ သစ္စာစောင့်သိသူ တစ်ဦးဖြစ်ပြီး ဝိုင်းလ်စ်ရဲ့ လက်ထောက်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ပြီးတော့ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းမှာလည်း အကြီးတန်း အကြံပေးတစ်ဦး ဖြစ်ခဲ့ပါတယ်။

Public Service Announcement
မီလာဟာ အိမ်ဖြူတော် ဝန်ထမ်းရေးရာ အကြီးအကဲ တာဝန်ကို နိုဝင်ဘာ ၉ ရက်မှာ စတင် ထမ်းဆောင်မှာပါ။ နိုဝင်ဘာ ၆ ရက်နေ့မှာ မီလာက ထရမ့်ဟာ အမေရိကန် သမိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ အကြီးကျယ်ဆုံး စွမ်းဆောင်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်တစ်ဦးလို့ လူမှုကွန်ရက်မှာ ချီးကျူး ရေးသားခဲ့ပါတယ်။ ပြီးတော့ အမေရိကန်ကို ဖျက်ဆီးမယ့်သူတွေ လက်ထဲကနေ ထရမ့်က တစ်ကိုယ်တော် ကယ်တင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ထရမ့်ရဲ့ အစိုးရ အဖွဲ့ထဲမှာ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဝိုင်းလ်စ်ကိုလည်း မီလာက သူ့ရဲ့ တာဝန်ကျေပြွန်မှုတွေ အတွက်ရော၊ ခင်မင်ရတဲ့ မိတ်ဆွေကောင်း တစ်ဦးအနေနဲ့ပါ ကျေးဇူးတင်နေမယ်လို့ မီလာက ရေးသားထားပါတယ်။
သက်တမ်းဝက် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ အခြေမလှ ဖြစ်ခဲ့တဲ့နောက် အိမ်ဖြူတော်မှာ ရာထူးနေရာ အပြောင်းအလဲတွေ ကြုံလာရလိမ့်မယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေချိန်မှာပဲ ဝိုင်းလ်စ်က နုတ်ထွက်သွားခဲ့တာပါ။ ထရမ့်ရဲ့ အစိုးရ အဖွဲ့မှာ အလုပ်လုပ်ခွင့် ရခဲ့တာဟာ သူ့ဘဝရဲ့ ဂုဏ်အယူရဆုံး အမှတ်တရ တစ်ခုလို့ ဝိုင်းလ်စ်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အသက် ၆၉ နှစ်အရွယ် ဝိုင်းလ်စ်ဟာ ကင်ဆာရောဂါ စွဲကပ် ခံခဲ့ရဖူးပေမယ့် နောက်ပိုင်းမှာ ရောဂါ ပျောက်ကင်းအောင် ကုသနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက ဝိုင်းလ်စ်ရဲ့ ရာထူးနေရာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ထရမ့်က ဝိုင်းလ်စ်ဟာ အိမ်ဖြူတော်မှာ သူနဲ့အတူ အကြာကြီး ဆက်ရှိနေဦးမှာလို့ ပြန်ဖြေခဲ့ဖူးပါတယ်။
ကိုးကား: BBC





















































