နိုဝင်ဘာ-၇၊၂၀၂၆။သုည/People’s Spring
သြစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းတွေ လွတ်မြောက်ရေး Free Herကမ်ပိန်းလှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၇)က ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ကမ်ပိန်းကို Sydney Myanmar Community Organising မှ ဦးဆောင်ခဲ့ပြီး ဆရာမ မသီတာ (စမ်းချောင်း)၊ Julia Finn MP၊ Patrick Burgess၊ Dr Elizabeth Biok၊ Paul Power၊ တိဘက်လွတ်မြောက်ရေးလှုပ်ရှားမှုမှ ကိုယ်စားလှယ်များဖြစ်ကြတဲ့ Tara နဲ့ Yu၊ Patricia Garcia နဲ့ Councillor Olivia Barlow တို့က ပါဝင်တက်ရောက်ကာ အမှာစကားများ ပြောကြားခဲ့ပါတယ်။
ဟောပြောသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ အခြေအနေ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အလေးထားဆွေးနွေးခဲ့ကြပါတယ််။

Public Service Announcement
ဒါ့အပြင် အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံတွေ၊ သြစတြေးလျအစိုးရနဲ့ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံရဲ့ အာဏာကို တရားမဝင်သိမ်းယူထားတဲ့ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရေး၊ မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် ထိရောက်တဲ့ ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားရေးတို့ကို တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။
“Free Daw Aung San Suu Kyi၊ Free All Political Prisoners” စတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးကာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
ဟောပြောပွဲအပြီးမှာ တက်ရောက်လာသူတွေက လမ်းလျှောက်ဆန္ဒပြပွဲ အဖြစ် Sydney Town Hall မှ Hyde Park သို့ လူအင်အား (၂၀၀) ခန့်နဲ့စည်းကမ်းတကျ၊ ငြိမ်းချမ်းစွာ စုပေါင်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ချီတက်ဆန္ဒပြပွဲတစ်လျှောက် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် FREE HER လူထုလှုပ်ရှားမှုကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။





















































