ပြည်တွင်းမှာ သောင်းကျန်းနေတဲ့ ဒုစရိုက်ဂိုဏ်းတွေထဲက တစ်ခုရဲ့ ခေါင်းဆောင်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း ဟေတီ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
ဟေတီ အမျိုးသား ရဲတပ်ဖွဲ့ (PNH)က လူသိများတဲ့ ဒုစရိုက် ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သူ မက်သီးရက်စ် ဆိန်တဲလ်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
ဆိန်တဲလ်ဟာ ဟေတီနိုင်ငံ၊ ပို့တ်အူပရင့်စ် မြို့တော်မှာ အစိုးရ ဩဇာကိုပါ ခြိမ်းခြောက်နေပြီး ဒုစရိုက်မှုတွေ ကျူးလွန်နေတဲ့ ဂိုဏ်းတွေထဲကမှ ဘော်စတွန်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ သူဟာ မြို့တော်ရဲ့ ဖွံ့ဖြိုးမှု နောက်ကျတဲ့ စီတီဆိုလိုင် ဧရိယာမှာ အဓိက ဩဇာဖြန့်ကျက်ထားသူပါ။
PNHရဲ့ နိုဝင်ဘာ ၆ ရက် ထုတ်ပြန်ချက်မှာတော့ တရားဥပဒေ စိုးမိုးမှု စစ်ဆင်ရေး တစ်ခုအတွင်း ဆိန်တဲလ်ဟာ ကျည်ဆန် အချက်ရေ အတော်များများ ထိမှန်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ပါရှိခဲ့ပါတယ်။

Public Service Announcement
ဟေတီ ဝန်ကြီးချုပ် အဲလစ် ဒီဒီရာ ဖီးလ်အိုင်မီကလည်း လူမှုကွန်ရက်ပေါ်မှာ အဲဒီသတင်းကို မျှဝေပြီး အောင်ပွဲခံခဲ့ပါတယ်။ သူက ဟေတီမှာ ဒုစရိုက် ဂိုဏ်းခေါင်းဆောင် တစ်ယောက်တော့ လျော့သွားပြီလို့ ရေးသားထားခဲ့ပါတယ်။
နိုင်ငံကို ခိုးဆိုးရမ်းကားသူတွေ လက်ထဲကနေ လွတ်မြောက်စေဖို့ တိုက်ပွဲဝင်နေမှုကို အစိုးရက အားကြိုးမာန်တက် ဆက်လက် ဆောင်ရွက်နေကြောင်း၊ အခုဆိုရင် ဒုစရိုက် ဂိုဏ်းသားတွေဟာ ညမှာ ဖြောင့်ဖြောင့်တောင် အိပ်ရဲတော့မှာ မဟုတ်ကြောင်း ဝန်ကြီးချုပ်က ကြွေးကြော်ခဲ့ပါတယ်။
ဟေတီဟာ ပြည်တွင်းမှာ၊ အထူးသဖြင့် မြို့တော် နယ်နိမိတ်ထဲမှာ ပြိုင်ဘက် ဒုစရိုက်ဂိုဏ်းတွေ ကြီးစိုးပြီး မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်တွေ ကျူးလွန်နေတဲ့ဒဏ်ကို နှစ်ရှည်လများ ခံစားနေရပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက ဟေတီမှာ သမ္မတ ဂျိုဗီနဲလ် မွိုင်ဆေး လုပ်ကြံခံခဲ့ရပြီးနောက်ပိုင်း အဲဒီပြဿနာက ပိုကြီးထွားလာခဲ့ပါတယ်။
သမ္မတ လုပ်ကြံခံရချိန်မှာ နိုင်ငံဟာ အကျပ်အတည်းအောက် ကျရောက်သွားပြီး အဲဒီနောက်ပိုင်း ရွေးကောက်ပွဲတွေလည်း မလုပ်နိုင်ပါဘူး။ နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေချိန်မှာပဲ ဟေတီ ဒုစရိုက်ဂိုဏ်းတွေက တစ်စင်ထောင်လာပြီး အခုဆိုရင် နိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားကို ထိန်းချုပ်ထားပါတယ်။ ပို့တ်အူပရင့်စ် မြို့တော်ရဲ့ ၉၀ ရာခိုင်နှုန်းဟာလည်း ဂိုဏ်းတချို့ရဲ့ ဩဇာခံ နယ်မြေတွေ ဖြစ်နေပါတယ်။ အဲဒီ ဂိုဏ်းတွေဟာ အဓိကကျတဲ့ အဝေးပြေး လမ်းမတွေ၊ ဆိပ်ကမ်းတွေကိုပါ ထိန်းချုပ်ထားပါတယ်။
ကုလသမဂ္ဂဟာ ဟေတီအစိုးရကို ကူညီပြီး နိုင်ငံတကာ ရဲလုပ်ငန်းဆိုင်ရာ စစ်ဆင်ရေးတွေ ဆင်နွှဲရင်း ဟေတီက ဒုစရိုက်ဂိုဏ်းတွေကို ဟန့်တားဖို့ ကြိုးစားနေပေမယ့် အောင်မြင်မှုတွေကတော့ နှေးကွေးနေဆဲပါ။ ပို့တ်အူပရင့်စ်မှာတင် ဒုစရိုက်ဂိုဏ်း ၂၆ ခုလောက် ဖြန့်ကျက် လှုပ်ရှားနေကြောင်း ကုလသမဂ္ဂရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ အဲဒီဂိုဏ်းတွေရဲ့ ဂိုဏ်းသား စုစုပေါင်း ထက်ဝက်လောက်ဟာ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် အရွယ်တွေ ဖြစ်လိမ့်မယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
ကိုးကား: Reuters





















































