Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“တောင်ဘက်ခြမ်းက တောင်တန်းများ၏ အလွန်မှာ ကျနော်တို့အိမ် ရှိသည်”

အစသည် သစ်နှင့်ဝါး ရောကာ ခပ်ကျဲကျဲ စိုက်ထူထားသော ခြံစည်းရိုးပေါ်တွင်ထိုင်ရင်း အဝေးကို ငေးကြည့်ရန်သာဖြစ်သည်။

▪️ပေး

အစသည် သစ်နှင့်ဝါး ရောကာ ခပ်ကျဲကျဲ စိုက်ထူထားသော ခြံစည်းရိုးပေါ်တွင်ထိုင်ရင်း အဝေးကို ငေးကြည့်ရန်သာဖြစ်သည်။

ခြံစည်းရိုးမှာ မည်ကာမတ္တမျှသာဖြစ်သည်ဟု ဆိုနိုင်၏။ ခြံစည်းရိုးကျဲပုံသည် ခွေးကလေး၊ ကြောင်ကလေးတွေ မဆိုထားနှင့် စားကျက်လွတ်ထားသော မြင်းတို့၊ နွားတို့ပင် အလွယ်တကူ ဝင်ရောက်နိုင်ပုံပါ။ လူတယောက်အတွက်ဆိုလျှင် ကျော်ခွလို့ဖြစ်စေ၊ တိုးလျှိုလို့ဖြစ်စေ အပွန်းအပဲ့ အနာတရများမရနိုင် ဘဲ အလွယ်တကူဝင်ရောက်နိုင်မှာ အသေအချာပါပဲ။ မြက်ပင် ပေါင်းပင်တို့သည်လည်း ခြံစည်းရိုးအောက်ခြေတွင် လွတ်လပ်စွာ ရှင်သန်နေကြသည်။ ခြံစည်းရိုးသည် လုံခြုံရေးအတွက်ဖြစ်သည်ဆိုသော အချက်ကို ထိုခြံစည်းရိုးကိုယ်တိုင်ကပင် ငြင်းဆိုလျက်ရှိ၏။ ဆိုလျှင် ခြံစည်းရိုးမှာ အဘယ်တွက်ရှိနေရသလဲ။ ပွင့်လင်းရလျှင် ကျနော်လည်းမသိပါ။ ကျနော် ဒီကိုမရောက်ခင်ကပင် ရှိနှင့်ပြီးဖြစ်သည်။

ခြံဝင်းအတွင်းတွင် ကျနော်တို့နေထိုင်ပြီး အလုပ်လုပ်ရသော အဆောက်အအုံ သုံးခုရှိပြီး အအောက်အအုံများ၏ အရှေ့တွင် ကျစ်လစ်သိပ်သည်းသော မြေနီကွက်လပ်လေးတခုရှိ၏။ ထိုမြေကွက်လပ်လေးသည် နေသာပြီး ခြောက်သွေ့သောနေ့များတွင် ချောမွေ့သော မြေပြင်လေးဖြစ်၍ မိုးရွာပြီး စိုစွတ်သောနေ့များတွင် လမ်းပင် အလွယ်တကူ လျှောက်လို့မရတော့သော ဗွက်ပြင်လေးအဖြစ် ပြောင်းလဲသွားတတ်သည်။ ရာသီဥတုကိုလိုက်ပြီး ပြောင်းလဲလေ့ရှိသော ထို မြေနီကွက်လပ်လေးသည်ပင် ကျနော်တို့အားလုံးအတွက် အပန်းဖြေအနားယူရန်၊ ကစားရန် အကောင်းဆုံးသော နေရာလေးတခုဖြစ်ခဲ့၏။ မြေနီကွက် လပ်ကဲ့သို့ပင် မြေနီကွက်လပ်လေးနှင့် လမ်းကိုခြားထားသော ခြံစည်းရိုးမှာလည်း ကျနော်တို့၏ အနားယူရာနေရာတခု ဖြစ်လာခဲ့သည်။ မရတချက်၊ ရတချက်ဖြင့် အင်တာနက်လိုင်းမိရန် ခက်ခဲသော ဝင်းတခုလုံးတွင် ခြံစည်းရိုးနေရာသည် အင်တာနက်လိုင်းဆွဲအား အကောင်းဆုံးနေရာ ဖြစ်သောကြောင့်ပါ။ ကျနော်တို့ အားလပ်သည့်အချိန်များတွင် ခြံစည်းရိုးရှေ့ ခုံတွေချထိုင်ပြီး ဖုန်းကိုယ်စီဖြင့် အလုပ်ရှုပ်နေသူများ၊ ဂိမ်းဆော့နေသူများကို တွေ့နိုင်သကဲ့သို့ တချို့က ခြံစည်းရိုးကိုမှီပြီး မတ်တပ်ရပ်သူက ရပ်၊ တချို့က ခြံစည်းရိုးဘေး ရှင်သန်နေကြသည့် မြက်ပင်ပေါင်းပင်တွေအပေါ် ပုံ့ပုံ့ကလေးထိုင်သူက ထိုင်ဖြင့် ဖုန်းသုံးနေကြသူတွေကိုလည်း တွေ့ရပါလိမ့်မည်။

Public Service Announcement

Public Service Announcement

ကျနော့်ကို ခြံစည်းရိုးပေါ် တက်ထိုင်ဖြစ်စေရန် ဘယ်အတွေးများက စေ့ဆော်ခဲ့သလဲမသိပါ။ ကျနော် ကိုယ့်ကိုယ်ကို အာရုံစိုက်မိသည့်အချိန်မှာ ကျနော်သည် ခြံစည်းရိုးပေါ် နေသားတကျ အဆင်ပြေပြေ ထိုင်နေပြီ။ ခြံစည်းရိုးသည် အလုံအလောက် ခိုင်ခံ့ပုံမပေါက်သောကြောင့် တခြားသူများအနေဖြင့် ‘ဘာတွေ အဆန်းထွင်ပြန်ပြီလဲ၊ ပြုတ်ကျမှဖြင့်၊ မိုက်ရူးရဲဆန်တာလား၊ ကလေးဆန်တာလား’ စသဖြင့် တွေးကောင်း တွေးနိုင်ပါလိမ့်မည်။

‘ကလေးဆန်တာလား’ ဟူသော စကားလုံးက ကျနော့်၏အတွေးများကို ကျနော့်ငယ်ဘဝ ပုံရိပ်တချို့ဆီ ခေါ်ဆောင်သွား၏။ ကျနော်ငယ်ငယ်က ခြံစည်းရိုးပေါ်ခွထိုင်ပြီး တစုံတယောက်ကို မျှော်နေတတ်သည့် အလေ့အကျင့်တခု ရှိခဲ့ဖူးသည်ကို ပြန်တွေးမိစေသည်။ တခါတလေ ကျနော့်မေမေ ညနေ စျေးမှပြန်လာမှာကို ခြံစည်းရိုးပေါ်ထိုင်ပြီး ကျနော်စောင့်မျှော်နေတတ်သလို တခါတခါ ဖေဖေ ခရီးမှပြန်လာမှာကို သို့မဟုတ် အဖိုး အလုပ်မှပြန်လာသည်ကို ကျနော် စောင့်မျှော်နေလေ့ရှိသည်။ မှတ်မှတ်ရရဆိုလျှင် ခြောက်သွေ့ပြီး ကြည်လင်သော ရာသီဥတုရှိသည့် ညနေခင်းများမှာ ကျနော် ထိုကဲ့သို့ စောင့်မျှော် နေတတ်သည်။ အချိန်အားဖြင့် ဝေးကွာသွားပြီဖြစ်သလို လျော့ပါးစပြုနေပြီဖြစ်သည့် မှတ်ဉာဏ်ထဲမှ ထိုအလေ့အကျင့်တခုကပင် ကျနော့်ကို ခြံစည်းရိုးပေါ် တက်ထိုင်ရန် ဖြစ်စေခဲ့သလားဟု စဉ်းစားမိ၏။

ဒီကိုရောက်လာသည်မှာ လအနည်းငယ်ကြာပြီဖြစ်သော်လည်း ခြံစည်းရိုးရှေ့မြင်ကွင်းကို ကျနော် ခပ်ကြာကြာ မငေးကြည့်ဖူးပါ။ တောင်တန်းအထပ်ထပ် ကိုကျော်ပြီး ဝင်သွားတဲ့နေကို မကြာခဏဆိုသလို စောင့်ကြည့်ဖူးသည်။ စိတ်လိုလက်ရရှိသော မနက်ခင်းတွေမှာလည်း နေထွက်ခြင်းတွေကို စောင့်ကြည့်ဖူးပါသည်။ ဒီနေရာ၏ ရှေ့ဘက်ကို မြင့်မားတဲ့ တောင်တန်းကြီးများက ကာရံထားသောကြောင့် နေကို နောက်ကျမှ မြင်ရလေ့ရှိသလို မနက်ခင်းများဟာ တိမ်မြူတွေ အုံ့ဆိုင်းနေလေ့ရှိသည့်အတွက် မနက်ခင်းနေကို မြင်ရခဲသည်ဟု ဆိုနိုင်၏။ ကြည်လင်သော မနက်ခင်းများမှာဆို တောင်တွေကြားက လှလှပပထွက်လာသည့် နေကို စောင့်ပြီး တမေ့တမော ငေးကြည့်ရသည်မှာ နွေးထွေးလှသည်။

ကျနော့်၏ ဝဲဘက်ပါးပြင်ဘေးကို ပွတ်သပ်ပြီး သွယ်တန်းနိမ့်ဆင်းသွားသလားဟု ထင်မှတ်ရလောက်အောင် အရှေ့ဘက်တောင်တန်းကြီးသည် နီးနီးကပ် ကပ် တည်ရှိနေသည်။ တောင်တန်းကြီးသည် တဖြည်းဖြည်းနိမ့််ဆင်းသွားပြီး အနောက်ဘက်ကနေ သွယ်တန်းပြီး ပြေလျော့ဆင်းလာသည့် တောင်စဉ်တန်းနှင့် တွေ့ဆုံကာ ဗွီပုံသဏ္ဌာန် တောင်ကြားလေးတခုအဖြစ် အဆုံးသတ်သွား၏။ ဗွီပုံသဏ္ဌာန် တောင်ကြားလေးသည် ကျနော့်၏ မြင်ကွင်းရှေ့တည့်တည့်တွင် ရှိနေသည်။ ကျနော့်မြင်ကွင်း၏ အနီးဆုံးတွင် တောင်ကြားလေး၏ အနိမ့်ပိုင်းကိုတွေ့ရပြီး မြင်ကွင်း၏ ဆန့်ကျင်ဘက်အတိုင်း တောင်ကြားလေးသည် တဖြည်းဖြည်း စိမ်းညို့ညို့တောင်တန်းတွေဆီ မြင့်တက်သွား၏။ တိမ်တွေကြားကနေ ဖြာဆင်းလာသည့် ခပ်စောင်းစောင်းအကျနေသည် တောင်ကြားလေး၏ တဘက်ကို ကွက်တိကွက်ကျားလင်းနေစေ၍ တောင်ကြားလေး၏ အခြားတဘက်မှာ တောင်အရိပ်များဖြင့်ကွယ်ကာ အုံ့မှိုင်း၍နေသည်။

တောင်တန်းအထပ်ထပ်ရှိသော ဒီနေရာသည် တိမ်တို့လည်း အထပ်ထပ်ပါပဲ။ တောင်တို့သည် တိမ်တို့နှင့် မကင်းကွာနိုင်။ တိမ်တို့ဆီမှ ဆီးနှင်း၊ မိုး စသဖြင့် ရွာကျလာသည့် ရေတွေကို တောင်တို့က စုပ်ယူ၍ ပြန်လည်အငွေ့ပြန်စေပြီး တိမ်အသစ်များကို ပြန်လည်ဖန်တီးပေးကြသည် မဟုတ်ပါလား။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ငါးထောင်ကျော်ရှိသည့် ဒီတောင်ပေါ်ဒေသတွင် နေရောင်ခြည်သည် ပိုတောက်ပသည်ဟု ထင်ရသော်လည်း တိမ်ထူသောကြောင့် နေရောင်ခြည်ကို ကွက်တိကွက်ကျားသာ ရလေ့ရှိသည်။

အခုလည်း ကြည့်လေ။ ဗွီပုံသဏ္ဌာန်တောင်ကြားလေး တဖြည်းဖြည်းမြင့်တက်သွားသော တောင်တန်း၏ တောင်ထိပ်များအပေါ်တွင် တိမ်လိပ်များသည် ကျနော့်မြင်ကွင်းအပြည့် တတန်းတည်း သွယ်တန်းကာ ရှိနေသည်။ ပုံစံမှာ ဇာတ်ပွဲ၏ ကန့်လန့်ကာအလိပ်ကြီး တညီတညာတည်း ခေါက်တင်ချိတ်ဆွဲထားသလိုပါပဲ။ အနောက်ရပ်က တိမ်များနှင့် အောက်ဘက်က တောင်များပေါ် ကျနေသည့် ညနေခင်းနေရောင်၏ အရောင်ပြန်မှုက ထိုတိမ်လိပ်များဆီ ဟပ်နေပြီး သူတို့ကို ပိုပြီး တောက်ပနေစေသည်။

မြင်ကွင်းအတွင်း ထူးခြားသည်က အရောင်များဟု ဆိုနိုင်၏။ မြင်ကွင်း၏ နီးခြင်းဝေးခြင်း၊ အချိုးစားမတူညီသည့် ရေငွေ့များ၏ သိပ်သည်းဆနှင့် နေရောင် ကို ကွယ်လိုက်ပေါ်လိုက်ဖြင့် မျောနေသော တိမ်များ၏ ကစားကွက်တို့က တောင်တန်းကြီးများကို မတူညီသည့် အရောင်များဖြင့် ခြယ်သပေးထားသည်။ တိမ်လိပ်များသည် တောက်ပနေသော်လည်း သူတို့အောက် သွယ်တန်းနေသည့် တောင်တန်းသည် ညို့မှောင်ကာနေသည်။ ညို့မှောင်နေသော တောင်တန်း၏ အနောက်မှာ သူတို့ထက်နိမ့်သည့် တောင်တချို့သည် နေရောင်ကြောင့် ကွက်တိကွက်ကျား စိမ်းစိုတောက်ပနေပြန်၏။ နေရောင်ကွက်တိကွက် ကျား ဖြာကျနေသော တောင်စဉ်တန်းများ၏ အနောက်မှာ မှိုင်းပြပြတောင်တန်းများကို တွေ့ရသည်။ ထိုမှိုင်းပြပြတောင်တန်းများ၏ အနောက်မှာ ရေငွေ့တို့ကြောင့် မထင်မရှားမြင်ရသည့် တောင်တန်းများသည် မဆုံးနိုင် ထပ်ရှိနေသေးသည်။

ထိုမဆုံးနိုင်သည့် တောင်တန်းများ၏ အနောက်မှာ ဘာတွေရှိမလဲ။

မြို့များ၊ ရွာများရှိမှာ အသေအချာပါ။ ဘယ်မြို့၊ ဘယ်ရွာများ ရှိနေမလဲဟု စဉ်းစားရင်း နေထွက်သည့် တောင်ရှိသောဘက်ကို မသိမသာလေး လှည့်ကာ ညာလက်နှင့် ဘယ်လက်ကို သေချာအောင် ခွဲခြားလိုက်ပြီး အရပ်လေးမျက်နှာကို တွက်ချက်မိသည်။ ကျနော့် မြင်ကွင်းတည့်တည့်ရှိ မဆုံးနိုင်သော တောင် တန်းများရှိသည့် အရပ်သည် တောင်ဘက်အရပ်ဟု သိလိုက်သည်။ ရှမ်းကုန်းမြင့်တောင်တန်းများ၏ မြောက်ပိုင်းတနေရာမှာ ရောက်နေသည့် ကျနော့်၏ တောင်ဘက်ခြမ်းသည် နိုင်ငံ၏ တောင်ဘက်ခြမ်းလည်းဖြစ်သည်။ ထိုသို့ဆိုလျှင် ကျနော့်ငေးမျှော်ကြည့်နေသော တောင်တန်းများ၏ အလွန် တနေရာမှာ ကျနော်တို့အိမ်ရှိမည်။ အိမ်ရှိရာအရပ်ဆိုသည့် အတွေးက အိမ်ကိုပြန်ချင်သည် ဆိုသည့် ခံစားမှုတခုကို ရသွားစေသည်။

“ငါတို့ အိမ်ကိုပြန်ရောက်ရင်တော့ ပန်းပင်တွေ အများကြီးစိုက်မှာ၊ ပျားလည်းမွေးချင်တယ်။ မှိုလည်းစိုက်ချင်တယ်။ ဒါကြီးပြီးရင်တော့ ငါတို့ရွာကိုလာလည်ကြနော်၊ ကမ်းခြေလည်းရှိတယ် သိလား” ဟု ကျနော်နှင့်အတူ အလုပ်လုပ်နေသောသူတွေကို အမြဲပြောလေ့ရှိသည်။ “အကိုပြောတဲ့ ငါတို့ We ဆိုတဲ့ စကားက ကွန်မြူနစ် သိပ်ဆန်တာပဲ” ဟု အလုပ်အတူတူ လုပ်နေသော ရန်ကုန်တက္ကသိုလ်ကျောင်းသူတယောက်က စနောက်သောအခါ ဘုန်းကြီးလူထွက် တယောက်က “ ပါဠိစာမှာဆိုရင် ငါတို့ဆိုတဲ့ အဓိပ္ပာယ်ကို တန်ဖိုးထား မြတ်နိုးရတဲ့အရာတွေမှာ သုံးပါတယ်၊ အကိုက အဲဒီအဓိပ္ပာယ်နဲ့ ပြောတာနေမှာ” ဟု ကျနော့်၏ “ငါတို့” ဆိုသည့် စကားကို ထပ်ပြီးတော့ အဓိပ္ပာယ်ဖွင့်ပြန်၏။ “ငါတို့တနယ်လုံးကတော့ မိသားစုဝင်တွေရယ်၊ အိမ်ရယ်၊ အများနဲ့ဆိုင်တဲ့ အရာတော်တော်များများကို ငါတို့လို့သုံးလေ့ရှိတာ။ အကိုလည်း အကျင့်ပါနေပြီ။ ဒေသိယအသုံးတခုပဲလေ ထူးခြားတဲ့အဓိပ္ပာယ် ရှိချင်မှ ရှိမှာ” ဟု ကျနော်က ပြန်တုန့်ပြန်ခဲ့သည်။

ကျနော်တို့သည် ‘အိမ်’ ဆိုသော စကားလမ်းကြောင်းမရောက်အောင် တတ်နိုင်သမျှ ထိန်းပြောလေ့ရှိကြသည်။ အိမ်ဟုဆိုလိုက်လျှင် ပြန်ချင်သည်ဆိုသော ဝေဒနာတခု အားလုံးတွင် ဖြစ်ပေါ်လေ့ရှိသောကြောင့်ပါ။ အလွမ်းသည် ကြုံတွေ့ခံစားခဲ့ရပြီးသော အရာတွေကို ထပ်လိုချင်နေခြင်း သို့မဟုတ် မဆုံးရှုံးသေးမီက အခြေအနတွေကို ပြန်လိုချင်ခြင်းဖြစ်သည်။ အခုတကြိမ်မှာတော့ ကျနော်တို့အားလုံးအတွက် အိမ်သည် အလွမ်းမဟုတ်တော့ပါ။ အိမ်သည် မျှော်လင့်ချက်ဖြစ်၏။ အသစ်ဖြစ်လာမည့် တစုံတရာ သို့မဟုတ် အခြေအနေကို လိုလားတောင့်တခြင်းသည် မျှော်လင့်ချက်ဖြစ်သည်။ ဟိုတုန်းက ကျနော်တို့ အိမ်မှာ ဘယ်လိုနေခဲ့ရသလဲ၊ မိသားစုဝင် ဘယ်လိုဆံဆက်ရေးမျိုးရှိခဲ့သလဲ ဆိုသည့် အမှတ်တရတွေကို ပြန်လည်လွမ်းဆွတ်ခြင်းထက် ကျနော်တို့ အိမ်ကို ပြန်ရောက်လျှင် ဘာလုပ်မှာလဲ၊ ဘယ်လိုနေမှာလဲ၊ ချစ်ရသောသူတွေကို ဘယ်လိုဂရုစိုက်မလဲ ဆိုသည်ကို မျှော်လင့်ခြင်းဖြစ်သည်။

အိမ်သည် မျှော်လင့်ခြင်းဆိုလျှင် မျှော်လင့်ခြင်းမှာ စောင့်ဆိုင်းရန်ဖြစ်သည်။

ကျနော်တို့အားလုံး အိမ်ပြန်ဖို့ စောင့်နေကြသည်။ ကျနော်တို့ငယ်ငယ်က တစုံတယောက် သို့မဟုတ် လူကြီးတယောက် အိမ်ပြန်လာမှာကို စောင့်မျှော်နေသကဲ့သို့ အခုချိန်မှာ ကျနော်တို့ကိုယ်တိုင် အိမ်ပြန်ဖို့ကို ကျနော်တို့ စောင့်ဆိုင်းနေရ၏။

အဆုံးသည် ငေးကြည့်နေသော တောင်တန်းများ၏ အလွန်တွင်ရှိသည့် အိမ်ကိုပြန်ရန် ကျနော် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘ ပေး’ ​ရေးဖွဲ့တဲ့ “တောင်ဘက်ခြမ်းက တောင်တန်းများ၏ အလွန်မှာ ကျနော်တို့အိမ် ရှိသည်” ရသစာတမ်းငယ် People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...