Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“ရန်ကုန်လေယာဉ်များလည်း ကြောက်ရသည်”

သူ့ အသက် ၃၅ နှစ်ရှိပြီ။ သူငယ်ချင်းများကတော့ အားပေးသည်။ စစ်မှုထမ်းအသက် ကျော်သွားပြီဖြစ်၍ အေးဆေးသွားဟု ဆိုကြသည်။ တချို့ကလည်း အားပေးသည်။ မျက်မှန်နှင့် ပေါင် ၂၀၀ ကျော်ရှိသည့်အတွက် ခေါ်ချင်စရာ မဟုတ်ဟု ဆိုသည်။ တချို့ကလည်း ခြိမ်းခြောက် မြှောက်ပေးသေးသည်။ အသက်နှင့် ရုပ် မလိုက်ဟုဆိုသည်။ ဘယ်လိုပင် ပြောသော်ငြား သူ့စိုးရိမ်မှုသည် တိုးသထက် တိုးလာနေသည်။ သွားမည့်ရက် နီးကပ်လာလေ စိုးရိမ်မှုက ပိုတိုးလာ လေဖြစ်သည်။

◼️ဏငယ်

သူ့ အသက် ၃၅ နှစ်ရှိပြီ။ သူငယ်ချင်းများကတော့ အားပေးသည်။ စစ်မှုထမ်းအသက် ကျော်သွားပြီဖြစ်၍ အေးဆေးသွားဟု ဆိုကြသည်။ တချို့ကလည်း အားပေးသည်။ မျက်မှန်နှင့် ပေါင် ၂၀၀ ကျော်ရှိသည့်အတွက် ခေါ်ချင်စရာ မဟုတ်ဟု ဆိုသည်။ တချို့ကလည်း ခြိမ်းခြောက် မြှောက်ပေးသေးသည်။ အသက်နှင့် ရုပ် မလိုက်ဟုဆိုသည်။ ဘယ်လိုပင် ပြောသော်ငြား သူ့စိုးရိမ်မှုသည် တိုးသထက် တိုးလာနေသည်။ သွားမည့်ရက် နီးကပ်လာလေ စိုးရိမ်မှုက ပိုတိုးလာ လေဖြစ်သည်။

အသိမိတ်ဆွေ အချို့ကတော့ အားပေးသည်။ အထုပ်တွေ အများကြီး မယူသွားနှင့်ဟုဆိုသည်။ တချို့ကလည်း လူပုံစံ အကဲခတ်ကာ အခြေအနေကြည့်ကြသည်ဟု ဆိုသည်။ အလည်လား အလုပ်လားဆိုတာ ၀တ်ပုံစားပုံနဲ့ အထုပ် အရွယ်အစားကို ကြည့်သည်ဟုဆိုသည်။ အသက်ပင် ငယ်သော်ငြား လူပုံလူထည် ခန့်ထည်ထည်နှင့်ဆိုလျှင် လွတ်သည် ဟုလည်း ပြောသည်။ တချို့ကလည်း မလွတ်။ မနက်အစောကြီး သွားဟု ပြောသူများလည်း ရှိသည်။ အစောကြီးဆိုလျှင် စိတ်ကြည်နေ၍ ကံကောင်းနိုင်သည်ဟု ဆိုသည်။ ယတြာများလည်း ချေခိုင်းကြသည်။

တကယ်တော့ သူသည် လေယာဉ်များနှင့် အလွန်နီးစပ်သူဖြစ်ပြီး အစိမ်းသက်သက်တော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လေယာဉ်ပြေးလမ်းနှင့် နီးစပ်သည့် မြို့နယ်တခုတွင် နေထိုင်သောကြောင့်ဖြစ်သည်။ မည်မျှပင် နီးစပ် သည် ဆိုဦးတော့ သူ အမှန်ပင် ကြောက်မိသည်။

Public Service Announcement

Public Service Announcement

ဘေးပတ်၀န်းကျင်အိမ်က ကလေးတယောက် သွားသည်။ သိန်း ၃၀ ပေးရမည်ဟုဆိုကာ မျက်ရည်မျက်ခွက်ဖြင့် ပြန်လာခဲ့ရသည်။ လေယာဉ်စရိတ်နှင့် အထွေထွေ ကုန်ကျစရိတ်များ ရှုံးသည်သာ အဖတ်တင်ခဲ့သည်။ သူငယ်ချင်း တယောက်ကတော့ ရောက်သွားသည်။ ဘယ်လောက်ပေးရလဲ မေးတော့ ဖင်ပေးခဲ့ရသည်ဟု ပြောသည်။ အတော် နောက်တဲ့ကောင်ဟု စိတ်ထဲ ဆဲလိုက်ပြီး ထပ်မေးတော့ ပြန်မဖြေတော့။ ကိုယ့်ကို တခါတည်း ဘလော့သွားလေသည်။ နောက် အသိတယောက် သွားသည်။ ပထမတခါ မပေးနိုင်၍ ပြန်လှည့်လာခဲ့ရသည်ဟု ဆိုသည်။ ရှိသမျှ ခြစ်ကုတ်ကာ ပြန်လာခဲ့ရာ ၂ ဆ ထပ်တောင်းသည်ဟုဆိုသည်။

တောင်းနည်းများက ဆန်းသည်။ VIP, VVIP တွေ ရှိသည်ဟု ဆိုသည်။ အသက်အရွယ်အလိုက် ပေးရခြင်းဖြစ်သည်ဟု သိရသည်။ ဘဝမှာ VIP ဖြစ်ချင်လျှင် ဖြစ်ခွင့်ရမည့် အခွင့်အရေးတရပ်ပင် ဖြစ်သည်။ VIP VVIP ဆိုသော်ငြား ရိုးရိုး တန်းကသာ စီးရခြင်းဖြစ်သည်။

သတင်းများမှာ တွေ့ရသည်။ ထိုနေရာကိုရဖို့ရာ အလုအယက် တိုးဝင်နေကြသည်ဟု ဆိုသည်။ ပေးသည့်ပိုက်ဆံ ရက်ပိုင်းအတွင်း ပြန်ကြေသည်ဟု ပြောကြသေးသည်။ အောက်ခြေဝန်ထမ်းပင်လျှင် အဆင့်မြင့်ကားကြီးပေါ်မှ ဆင်းလာသည်ကို တွေ့ကြသည်ဟု လူပို့ပြီး ပြန်လာကြသူများက ပြောသည်။ အပြင်က အထုပ်ထမ်း ဝန်ထမ်းကိုလည်း ကြောက်နေရသည်။ ကဒ်ပေးသည့် ဝန်ထမ်းများနှင့်အထုပ်စစ် လုံခြုံရေးများကိုလည်း ကြောက်နေရသည်ဟု ပြောသည်။ ထို့ကြောင့် သူလည်း ကြောက်နေခြင်းဖြစ်သည်။

အစိမ်းရောင် ရာတန်လေး ၁၀ ရွက် မပြည့်တပြည့်ကို ဖင်တပြန် ခေါင်းတပြန် ကြည့်ရင်း လုံခြုံရာအိတ်လေးအတွင်း တယုတယ သိမ်းဆည်းလိုက်သည်။ ဒါသည် သူ့ဘဝဖြစ်သလို အမေ့ဘဝလည်း ဖြစ်ပေသည်။ တမိသားစုလုံးရဲ့ ဘဝလည်းဖြစ်သည်။

ထို့နောက် သိန်း ၃၀ ကျော် တန် အနီရောင်စာအုပ်လေးကို ကြည့်လိုက်သည်။ အင်္ဂလိပ်အက္ခရာ P အနောက် အက္ခရာ အပြောင်းအလဲကပင် သူ့ဘဝကို စတင် ပြောင်းလဲခဲ့ရခြင်း မဟုတ်ပါလား။ သူ အရှေ့အနောက်ကြည့်ကာ အိတ်လေး အတွင်း ထည့်လိုက်သည်။

ထို့နောက် လက်ဝါးနှစ်ဝါးစာရှိသည့် စမတ်ကတ်ကိုလည်း လိုရမယ်ရ ထည့်လိုက်သည်။ သို့သော် အပြင်ရုပ်နှင့် ကွာခြားသည်ဟုဆိုကာ ပြဿနာရှာခံရမည်ကိုလည်း စိုးရိမ်မိပြန်သည်။

အမေ့တောင်းဆုကြောင့် သူ ကံကောင်းသည်ဟု ဆိုနိုင်သည်။ အသက်ပင်မရှုနိုင်အောင် အဆင့်ဆင့် ဖြတ်ကျော်ပြီး သကာလ သူစီးရမည့် လေယာဉ်ပျံကြီးကို တွေ့မြင်နေရလေသည်။ လေယာဉ်ပျံကြီးသည် သူနှင့် လက်တကမ်း အကွာသာ ရှိတော့သည်။ သူ့ရည်မှန်းချက်များ ပြည့်တော့မည်ကို တွေးရင်း ပြုံးနေမိသည်။

သူ့အပြုံးများ ရုတ်တရက် ပျောက်ကွယ်ကုန်သည်။ လေယာဉ်ဘီးကြီးသည် တရွေ့ရွေ့ သွားနေသည်။ သူ နာရီကြည့် လိုက်သည်။ သူ နောက်ကျနေသည်လား မပြောတတ်။ သူ လက်လှမ်းပြကာ လေယာဉ်နောက် ပြေးလိုက်သည်။ သူ ကျန်ခဲ့ကြောင်း အော်သည်။ လေယာဉ်ဦးခေါင်းသည် သူနှင့် ဆန့်ကျင်ဘက်ဆီသို့ ဖြေးဖြေးချင်း … သူ အားကုန်ပြေးသည်။ ပြေးသည်။ အားကုန်ပြေးလျှင် သူ မီနိုင်သည်။ သူ မရပ်မနား ပြေးသည်။

သို့သော် …

သူ မျက်လုံးဖွင့်လိုက်သည်။ ပတ်၀န်းကျင်တခုလုံး ပိန်းပိတ် မှောင်နေသည်။ ရင်ဘတ်တခုလုံး လှုပ်ခါနေသည်။ ချွေးစေးများ ထွက်နေသည်။ သူ ဘယ်ရောက်နေသည်လည်း ရုတ်တရက် စဉ်းစားမရ။ သူ နိုင်ငံခြားရောက်သွားသည်လား … သို့တည်းမဟုတ် …

ထိုစဉ် ဝေါကနဲ လေယာဉ်တစင်း သူ့ အိမ်ခေါင်မိုးပေါ်မှ ဖြတ်သန်းသွားသည်။ သူ သက်ပြင်း ခပ်ဖွဖွချကာ ရင်ဘတ်ကို ဖိကာ မျက်လုံး ပြန်ပိတ်လိုက်သည်။

ရန်ကုန်လေယာဉ်များကိုလည်း ကြောက်ရသည်။

အသက်တော့ မသေ … ဘဝတော့ သေနိုင်သည်။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘ဏငယ်’ ရဲ့ “ရန်ကုန်လေယာဉ်များလည်း ကြောက်ရသည်” ရသစာတမ်းငယ် ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...