Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘နေပူ၍ပင်လန့်ရသည်’

တောင်ပေါ်ဒေသကား မိုးရာသီသည် စိတ်ပျက် ငြီးငြူဖွယ်ရာ အလွန်ကောင်း၏။ မိုးရွာလို့ မြေပြို၊ တောင်ပြိုဖြစ်ကာ လမ်းများပျက်သည်ကလည်း တော်တော်ပင် ဆိုးရွား၏။ တချို့ရွာတွေဆို ရွှံ့ဗွက်များ အိုင်ထကာ ဆိုင်ကယ်ပင်သွားစရာ လမ်းမရှိ။ ထို့ကြောင့် ကျနော်တို့သည် မိုးတွင်းကို အနားရသည့် ရာသီတခုပင် သဘောထားလေသည်။

◼️​မောင်သစ်​အောင်

တောင်ပေါ်ဒေသကား မိုးရာသီသည် စိတ်ပျက် ငြီးငြူဖွယ်ရာ အလွန်ကောင်း၏။ မိုးရွာလို့ မြေပြို၊ တောင်ပြိုဖြစ်ကာ လမ်းများပျက်သည်ကလည်း တော်တော်ပင် ဆိုးရွား၏။ တချို့ရွာတွေဆို ရွှံ့ဗွက်များ အိုင်ထကာ ဆိုင်ကယ်ပင်သွားစရာ လမ်းမရှိ။ ထို့ကြောင့် ကျနော်တို့သည် မိုးတွင်းကို အနားရသည့် ရာသီတခုပင် သဘောထားလေသည်။ (တောင်ပေါ်မိုးသည် မစဲဘဲ နည်းနည်းရွာသဖြင့် မည်သည့်အလုပ်မျှ ဟုတ်တိပတိမလုပ်ကြရ။)

မိုးတွင်း၌ မဖြစ်မနေကိစ္စများသာ လုပ်ကြသည်။ တချို့အရေးမကြီးသည့် အရာများကားနေပူမှပင် သွား၍ လုပ်ကြသည်။ ဒီလိုနဲ့ မိုးတွင်းကုန် ဆောင်းတွင်းရောက်ကာမှ အေးအေးချမ်းချမ်းနေရတော့သည်။ သို့သော် ယနေ့တွင် ထိုသို့မဟုတ်တော့ပါ။

ကျနော်တို့သည် နေပူပြီဆိုလျင် လန့်နေကြရသည်ဖြစ်သည်။ မလန့်လို့၍မဖြစ် ဖိုက်တာလို့ခေါ်တဲ့ ဂျက်လေယာဉ်တွေသည် ကောင်းကင်၌ဝဲကာ လူစည်ကားရာဈေးများ၊ ရပ်ကွက်များသို့ အမြဲတစေ ဗုံးကြဲနေခြင်းကြောင့်ပင်ဖြစ်သည်။ တခါက ကျနော်တို့သည် ဆိုင်ကယ်ဖြင့် ဈေးသွားဝယ်ရင်း ဈေးတဖက်သို့ ခရီးဆက်ခဲ့သည်။ ဈေးအလွန်တွင် လမ်းအဆင်းကလေးရှိသဖြင့် ကျနော်သည် အေးဆေးပင်ထိုလမ်းအတိုင်း ဆိုင်ကယ်ဖြင့်ဆင်းခဲ့သည်။

Public Service Announcement

Public Service Announcement

နောက်မှ တဝူးဝူးဖြင့်အသံကိုကြားသော်လည်း ကားသံထင်သဖြင့် နောက်ကြည့်ဘက်မှန်ထဲက ကြည့်လိုက်သည်တွင် ကားတစီးမျှမမြင်ရ။ ထိုအချိန်တွင် နောက်မှပါလာသည့် ကျနော်၏ ကောင်မလေးမှ “ဟဲ့ လေယာဉ် လေယာဉ် ဆိုင်ကယ်ရပ်”ဟု ပြာပြာသလဲပြောမှ လေယာဉ်အသံမှန်းသဲကွဲတော့သည်။ ဒီလောက်ကျယ်လောက်စွာ ဝဲနေပုံထောက်လျှင် ကြဲတော့မည်ကိုလည်း သိလိုက်ပါသည်။ ဆိုင်ကယ်ကား အဆင်း၌ရပ်၍မဖြစ်သဖြင့် အောက်ထိလှိမ့်ဆင်းခဲ့သည်။ ထိုအချိန်မှာပင် နောက်မှ ကျယ်လောင်သောအသံတခု ကြားလိုက်ရပြီး ဆိုင်ကယ်ကိုစက်သတ်ကာ ဘေးရှိမြောင်းအတွင်းသို့ ဝင်ပုန်းခဲ့ကြသည်။

ထိုထဲတွင် ကျနော်တို့နှင့် ဘဝတူ ခရီးသွားဖော်များနှင့် ဘေးပတ်ဝန်းကျင်ရှိ လူများရောက်နေလေသည်။‌ ကလေးတယောက်ကို ရင်မှာပိုက်၍ချီထားသော မိခင်တဦးနှင့် ၎င်းအနီးတွင် သူ၏ဖခင်ဖြစ်ဟန်တူသော လူတယောက်ကိုတွေ့ရသည်။

“ငါ့ကလေးတွေ အဲ့မှာကျန်ခဲ့တယ် ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ”လို့ သူ၏အ‌ဖော်အားပြောနေသည့် ညီအစ်မနှစ်ယောက်ဖြစ်ဟန်တူသည့် မိန်းမသားနှစ်ဦး ထိုအဖြစ်အပျက်များသည် ကျနော်တို့ခိုအောင်းရာ မြောင်းက​လေးတခုထဲတွင်ဖြစ်သည်။ ထိုသို့နေ့ခင်းကြောင်တောင်၌ သေနတ်သံ၊ အမြောက်သံမကြားဘဲ စစ်ပွဲဖြစ်နေသည့် ဝေးရာထိုဈေးသို့ မည်သူကဗုံးကြဲမည်ထင်လိမ့်မည်နည်း။ ထို့အတူ ဤနေရာအနီးတဝိုက်တွင် ကျနော်တို့လိုလူများ ဘယ်လောက်အထိရှိကြမည်နည်း။

သို့သော် ထိုသို့ဗုံးကြဲမှုများကာ ဤတကြိမ်မှမဟုတ်။ ရှေ့တွင်လည်း ထိုကဲ့သို့ဗုံးကြဲမှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်ပင်ဖြစ်သည်။

ခုတော့ ကျနော်တို့သည် ဗုံးခိုကျင်းလို့မခေါ်ဝေါ်ရသော်လည်း ခဏတာလုံခြုံအောင်လုပ်ပေးနိုင်သည့် မြောင်းလေးထဲတွင် စိုးရွှံ့သော မျက်နှာများဖြင့်နေကြရလေသည်။ “အရင်တခါတုန်းကလည်း ကျနော်တို့ ဒီထဲပဲဝင်ပုန်းကြရတယ်။ တော်တော်ယုတ်မာတဲ့ကောင်တွေပဲ စစ်ပွဲဖြစ်တဲ့‌ နေရာလည်းမဟုတ်ဘဲနဲ့ ဗုံးလာကြဲတယ်” အနီးအနားတွင်နေသည့် ဦးလေးကြီးတဦးမှ ရင်တွင်းမကျေနပ်မှုကို ထုတ်ဖော် ပြောကြား လာသည်။ လေယာဉ်အသံ တော်တော်ငြိမ်သက်မှ ကျနော်တို့ ခိုအောင်းရာတွင်းထဲမှ ထွက်ခဲ့ကြသည်။ ဆက်၍သွားစရာရှိသည့် ခရီးကိုမသွားတော့ဘဲ နေရပ်သို့အလျင်အမြန် အပြေးပြန်ခဲ့သည်။

နောက်သို့ပြန်လှည့်ရင်‌ ဈေးသို့တခေါက်ထပ်ဖြတ်ရဦးမည်ဖြစ်သဖြင့် ကျနော်စိတ်ထဲတွင် စိုးရိမ်စိတ်တို့ကားဝင်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ကျနော့်အတွက်ပင်မဟုတ် ကျနော်နောက်မှ ကောင်မလေးအတွက်လည်း စိုးရိမ်ပူပန်ရသည်။ သူမ၏မျက်နှာတွင်လည်း ကျနော့်လိုမျိုး စိုးရွှံ့ခြင်းများစွာဖြင့်သာရှိနေသည်။ ကျနော်တို့နဲ့အတူ မြောင်းထဲမှ ပြန်ထွက်လာသောအခါ ကလေးဇောနဲ့ဖြစ်နေသော အမျိုးသမီးနှစ်ဦးသည် ကျနော်တို့ရှေ့မှ ဆိုင်ကယ်ဖြင့် လျှင်မြန်စွာ ထွက်ခွာ‌သွားသည်။

ထိုနောက်ကျနော်တို့သည် ဈေးထိပ်သို့ရောက်သောအခါ ကားသံ၊ ဆိုင်ကယ်သံများဖြင့် ဆူညံနေသဖြင့် အပေါ်မှ လေယာဉ်အသံကိုမကြားရ။ တချို့က ခုနက လေယာဉ်ကြဲသည့်အဖြစ်အား ပြောနေသည်ကို သူတို့၏ လက်ဟန်ခြေဟန်များကို ကြည့်ခြင်းဖြင့် သိရှိနိုင်သည်။ ဤအချိန်တွင်ပင် တချို့ဆိုင်ကယ်များကရပ်ကြ၊ တချို့ကလည်း ပြေးကြနှင့် ကျနော်ကောင်မလေးသည်လည်း ကျနော်အား ဆိုင်ကယ်အတင်းရပ်ခိုင်းသည်။ ဒီတခါမြေပြန့်ဖြစ်သော်လည်း လေယာဉ်အသံအား သဲသဲကွဲကွဲလည်းမကြားရသဖြင့် ဆိုင်ကယ်အားမရပ်ဘဲ ဆက်၍မောင်းနေသည်။

အနောက်မှ လေယာဉ် ထိုးဆင်းလာသောအသံနဲ့အတူ ဝုန်းခနဲကျယ်လောင်သောအသံကြားမှ ဆိုင်ကယ်ရပ်ကာ ဘေးမှ မြောင်းထဲသို့ အပြေးဆင်းခဲ့ကြသည်။ သည်တချိန်တွင် လေယာဉ်ပေါ်ကကြဲချသည့် ဗုံးသည် ကျနော်တို့အနောက် မလှမ်းမကမ်းတွင် ကျရောက်ပေါက်ကွဲသည်။ ပေါင်ချိန်နည်းသဖြင့် ကျနော်တို့ထံအထိ ဗုံးစများ လွှင့်ပျံမလာခြင်းဖြစ်သည်။ လေယာဉ်ကျဲပြီးကာစ ပြန်အတက်ဖြစ်သဖြင့် လေယာဉ် ကိုယ်ထည်အား ကောင်းစွာမြင်တွေ့ခဲ့ရသည်။ ထိုနောက် လေယာဉ်ထပ်မဝဲတော့သည်နှင့် ထပ်၍ စောင့်မနေဘဲ ဆိုင်ကယ်ပေါ်တက်ကာ အားကုန်နှင်ခဲ့ကြသည်။ လမ်းတွင် ဈေးသူဈေးသားများသည် ဆိုင်အပြင်ဘက်ထွက်ကာ စကားပြောသူပြော၊ တချို့က လေယာဉ်ကိုမော့ကြည့်နေကြသည်။

သူတို့ကိုမြင်ခြင်း တရုတ်ပြည်ကို ဂျပန်လေယာဉ်များဗုံးစကြဲတော့ တရုတ်ပြည်သူများအထူးအဆန်းသဖွယ် ထွက်ကြည့်သဖြင့် သေခဲ့ကြပုံကို ကျနော်သည် မြင်ယောင်မိသည်။ ထို့အတူ ဂျပန်လေယာဉ်များ မြန်မာပြည်ကို ဗုံးစကြဲတော့ အထူးဆန်းသဖွယ်ထွက်ကြည့်ကာ ကယ်တင်ရှင်များလာပြီအထင်နှင့် အတုန်းအရုန်းသေခဲ့ကြသည့် မြန်မာပြည်သူများကိုလည်း မြင်ယောင်မိပြန်သည်။ သူတို့သည် ပြေးစရာမြေမရှိသဖြင့် ထိုဈေး၌ တွယ်ကပ်နေကြသည်လား သို့မဟုတ် လေယာဉ်ဤကဲ့သို့ ဗုံးကြဲတာသည် သူတို့အတွက် အထူးအဆန်း မဟုတ်တော့၍လား မပြောတတ်ပါ။

ကျနော်သည် လေယာဉ်ဖြင့်ဗုံးကြဲခံရခြင်းကို တွေ့ကြုံဖူးပါသည်။ ထိုသို့ကြုံတွေ့ဖူးခဲ့ခြင်းများသည် ဤသို့ မိမိ၏ဝမ်းစာအတွက် ရှာဖွေစားသောက်နေကြရသော နောက်တန်းရှိ ပြည်သူများရှိရာတွင်မဟုတ်။ ဗုံးသံ၊ သေနတ်သံများ ဆူညံနေသည့် စစ်ပွဲဖြစ်နေသည့် နေရာအတွင်း၌ ကြုံတွေ့ဖူးခြင်းဖြစ်သည်။ ထိုတုန်းကဒီထက်ပင် ပြင်းထန်သော ဗုံးများကြဲချခြင်းကို ခံခဲ့ရဖူးပါသည်။ သို့သော် ဒီအဖြစ်အပျက်လောက် ကျနော်သည် ရင်မခုန်ခဲ့ပါ။ ထို့အတူကြောက်စိတ်လည်း မရှိခဲ့ပါ။

ခုတော့ ကြို၍ပြင်ဆင်မထား၍လားမသိ ကြောက်စိတ်ဖြစ်ပေါ်မိပါသည်။ ထိုအဖြစ်အပျက်ဖြစ်ပြီး မကြာမီအချိန်တွင် ကျနော်သည် ထိုဈေးသို့သွားတိုင်း နေပူလျင် သိပ်၍မသွားချင်ဖြစ်နေသည်။ မိုးရွာနေပါကမူ ထိုဈေး၌ မိုးရေများစိုကာ ဈေးဝယ်နေရသည်ကို စိတ်အားပို၍ထက်သန်နေသည်။ အကြောင်းမူ အပေါ်ကပြောပြခဲ့သည့် အဖြစ်အပျက်များကြောင့်ဖြစ်သည်။ မိုးတွင်းကို စိုထိုင်းထိုင်းဖြင့် စိတ်ညစ်ပေမယ့် မိုးအား အမြဲပင်ရွာစေချင်ပါသည်။ နေပူ၍ ထိုသို့ လူစည်ကားရာ ဈေးများအား ဖြတ်သန်းသွားလာသည့် အခါများတွင် ကျနော်စိတ်ထဲ၌ ကြောက်စိတ်တို့ ဝင်၍လာသည်မှာ အမှန်ပင်။ ထိုဈေးများကို ဖြတ်သန်းသွားပြီးမှ သက်ပြင်းရှည်တချက်ကို ဖြေးညှင်းစွာချနိုင်တော့သည်။

ဒီအဖြစ်အပျက်များကား လုပ်ကြံပြောဆိုနေခြင်းမဟုတ်။ မနာ၍နာအောင် ခင်းပြနေသည့် ဇာတ်လမ်းများမဟုတ်။ ကျနော်နေထိုင်ရာဒေသအတွင်းရှိ ပြည်သူအများအပြား ကြုံတွေ့ခံစားနေကြရခြင်းဖြစ်သည်။ ထိုကဲ့သို့ ကျီးလန့်အားစာ‌နေရသည့်ကြားမှပင် လှုပ်ရှားလုပ်ကိုင်နေကြရခြင်းဖြစ်သည်။

ထိုသို့ စိုးရိမ်မှုများ၊ ကြောက်ရွံ့မှုများကို ပျောက်ကင်းအောင်လုပ်နိုင်မည့်အရာသည် ငြိမ်းချမ်းရေးဆွေးနွေးဝိုင်းများ မဟုတ်၊ အတုအယောင်​ရွေးကောက်ပွဲနဲ့အတူ အစိုးရတရပ်ပေါ်ရေးမဟုတ် စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်ရေးသာ ဖြစ်ပါသည်။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်သစ်​အောင်’ရေးဖွဲ့တဲ့ “နေပူ၍ပင်လန့်ရသည်” ရသစာတမ်းငယ်-Essay ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...