Connect with us

Hi, what are you looking for?

ဝတ္ထုတို

“အသဲကွဲတော်လှန်ရေးသမား ၃ ယောက်”

တလမ်းလုံး စကားတခွန်းမှမပြောပဲ မှိုင်လာတဲ့ ကိုလင်း။ အဖွဲ့စည်းကိစ္စတွေ ခေါင်းထဲမရှိ။ သူပြောပြောလာတာ “ငါ ပြန်အဆင်ပြေပါ့မလားကွာ”တဲ့။

◾မောင်သစ်အောင်

တလမ်းလုံး စကားတခွန်းမှမပြောပဲ မှိုင်လာတဲ့ ကိုလင်း။ အဖွဲ့စည်းကိစ္စတွေ ခေါင်းထဲမရှိ။ သူပြောပြောလာတာ “ငါ ပြန်အဆင်ပြေပါ့မလားကွာ”တဲ့။

ကိုယ့်ဒုက္ခနဲ့ကိုယ် အဆင်မပြေရတဲ့ကြားထဲ သူဒုက္ခက ကိုယ့်ထက် ပိုဆိုးနေတယ်။ လမ်းကကြမ်းရတဲ့ကြားထဲ ဘယ်သူမှ ကိုယ့်ဘာကိုယ် မလှုပ်မယှက်နဲ့။ ကြမ်းလို့ကြမ်းမှန်းလဲမသိကြ။

မနေ့ကသောက်ထားတဲ့ ဂရမ်းပြာအရက်တွေကလည်း ခေါင်းထဲမှာ တရိပ်ရိပ်။ ကားသမားက သူတို့သောက်လက်စ ဘီယာဖာထဲက ဘီယာ‌တဗူးစီတိုက်တော့ အနည်းငယ်အဆင်ပြေသွားတယ်။ ဗိုက်ကလည်း ဆာတာလိုလို မဆာတာလိုလို၊ တကယ်တော့ စားချင်စိတ်မရှိဖြစ်နေတာ။

Public Service Announcement

Public Service Announcement

ကိုစိန်ကတော့ မျက်နှာကြီးရှုံ့မဲ့လို့၊ သူက အသဲကွဲတဲ့ဒဏ်ကို မခံစားဖူးတာ။ “ကိုလင်း ကျနော်က မိန်းမပဲရှုပ်တာ၊ အဲ့လိုမျိုး ဘဲရှိရင် ရှောင်တယ်ဗျ” ‌ကိုစိန်ပြောတဲ့စကားကို ကိုလင်းကအေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ပဲ ‌နားထောင်နေတယ်။ “ဒါပေမဲ့ ကျနော်ရှောင်တာက သူ့ဘဲနဲ့မတွေ့အောင်ဗျ။ ကောင်မလေးနဲ့ကတော့ လစ်ရင်လစ်သလိုပေါ့” ဆိုတဲ့ နောက်တခွန်းဆက်ပြောမှ ကျနော်တို့မျက်နှာတွေ ပြုံးရိပ် သန်းလာနိုင်တယ်။

ကိုစိန်တယောက်ကတော့ဘဝကို အပူပင်မရှိ အေးဆေးဖြတ်သန်းနိုင်ရဲ့။ လမ်းမှာလဲ သူတို့တပ်က ဗိုလ်မှူးနဲ့တွေ့တော့ ကာဘိုင်တလက်နဲ့ AK – 47 တလက် ထည့်ပေးလိုက်တယ်။

ကာဘိုင်ကတော့ ကျနော်ကိုင်ပြီး ယူခဲ့တယ်။ AK ကတော့ သူလက်နက် သူကိုင်ပေါ့။ တလမ်းလုံးမှိုင်လာပြီး နောက်က ကားသမားအစ်ကိုတွေကို စကားတွေဘာတွေပြော။

“လမ်းကနှစ်လမ်းရှိတယ်၊ အပေါ်လမ်းကမပြန်ဘူး ဝေးတယ်။အောက်လမ်းကပဲပြန်မယ် ခွေးနဲ့တော့နီးတယ်။ အဲ့လမ်းမှာ ကားမောင်းတဲ့ကောင်ရဲ့ ကောင်မလေးရှိတယ်လေ” ကားစပယ်ယာအစ်ကိုရဲ့ ပြောတဲ့စကားသံကြားတော့ ခေါင်းထဲမှာတွေးမိတာ အချစ်ဒုက္ခ တော်တော်ဆိုးပါလား။ ဪ အချစ်ဒုက္ခ အချစ်ဒုက္ခ။ ကားက တအိအိနဲ့မောင်းလာပြီး အကုန်လုံး ကိုယ့်အတွေးကိုယ်စီနဲ့။ လမ်းဆုံတခုရောက်တော့ ကားဆရာက ဘရိတ်အုပ်ပြီး နောက်ကိုလှမ်းပြောတဲ့ စကားက ကျက်သီးထစရာ။

“ငါညီတို့ အပေါ်ဘက်နဲ့ အောက်ဘက်ကို တချက်သတိထားနော် ခွေးနဲ့တအားနီးလို့” စကားဆုံးရင်ဆုံးချင်း သေနတ်မောင်းဆွဲသံတွေ ထွက်ပေါ်လာပြီး လုံခြုံရေးခလုပ် ပိတ်သူပိတ်ပေါ့။ ကျနော်ကိုင်ထားတဲ့ ကာဘိုင်က လုံခြုံရေးခလုပ်မပါတော့ ဒီတိုင်းပဲကိုင်ထားရတယ်။

ခုဏက တလမ်းလုံးမှိုင်လာတဲ့ ကိုလင်းတောင် ခေါင်းလေးတထောင်ထောင်နဲ့။ သေနတ်ကလည်း AK မောင်းပြန်နှစ်လက်နဲ့ ကာဘိုင် တလက်ပါတာ။ လူက ၈ ယောက်လောက်နဲ့ တကယ်ဖက်ဆစ်တပ်နဲ့တိုးရင် ကားနောက်ပြန်ဆုတ်ပြီး ပြေးမရ။

ဒီဘက်ဒေသမှာလဲ မိရင် ရှေ့မှာ ကားလိုက်မီးရိူ့သတ်တာတွေကကြုံဖူးတော့ လန့်နေရတယ်။တခါတည်းသေသွားရင် သက်သာချည်သေးရဲ့။ ကားပေါ်မီးရိူ့ခံရရင်ဆိုတဲ့အတွေးက လူကို ကျက်သီးဖြန်းဖြန်းထစေတယ်။

“ကားဆရာကတော့ နောက်ပြီ” ဆိုတဲ့စကားနဲ့ “ဖမ်းမိရင်တော့ အဖွဲ့စည်းက တော်လှန်ရေးတာဝန်တွေထမ်းဆောင်ဖို့ လွတ်လိုက်တာ လမ်းမှာတင်ကိစ္စပြတ်ပြီထင်တယ်” ဆိုတဲ့စကားကလွဲရင် ကားသမားလဲ အပြစ်မမြင်မိ။ သူလည်း သူရဲ့ကောင်မလေးအတွက် စွန့်စားခန်းဖွင့်ရသည်မလား။ အချစ်ကြောင့် ဘူနေတဲ့သူဆိုတော့လဲ အချစ်အတွက် စွန့်စားမယ့်သူကို နားလည်ပေးလိုက်ရတာပေါ့။

ဪအချစ် အချစ်၊ တယ်လဲဒုက္ခရောက်ပါပေလား။

အိမ်ကမိဘကိုပစ်ပြီး တော်လှန်ရေးလုပ်တုန်းက မာမာချာချာ‌ ရဲဘော်ကြီးတွေ ခုကြတော့လဲ ငေးလို့ မှိုင်လို့ ကုပ်လို့ပါလား။ ဪ ချစ်ဒုက္ခ ချစ်ဒုက္ခ။

ဒီလိုနဲ့ လမ်းခရီးမှာ ကံကောင်းထောက်မစွာ ဘာမှမဖြစ်ခဲ့ကြ။ တည်းမယ့်နေရာရောက်တော့ ကြက်သားဟင်းချက်ပြီး ဧည့်ခံလေတော့ တော်ပါသေးသည်။ မဟုတ်ရင် ကျနော်တို့သုံးယောက်ငတ်တော့မည့်အဖြစ်ပင်။

ခရီးစထွက်ထဲက ရဲဘော်ကြီးတယောက်က သုံးယောက် ၅ သောင်းပေးလိုက်တာကို မှေးသုံးလာကြတာ။ လမ်းခရီး သွားရလာရဝေးသည့်နေရာမှာ သုံးယောက် ထမင်းတနပ်စာပင်ရှိသည့် ၅ သောင်းကို ကျနော်လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားရသည်။

စားလို့ သောက်လို့ပြီးတော့ ထမင်းဖိုး သုံးယောက်စာ တသောင်းခွဲပေး၍ ထထွက်လာရသည်။ မဟုတ်ရင် ဟင်းဖိုးနှင့် အနည်းဆုံး ၄၅၀၀၀ လောက်ရှိမည့်အဖြစ်။ နောက်ရက် မနက်ထဲက ဗိုက်မှောက်ပြီး ခရီးထွက်ရမယ့်ကိန်း ဆိုက်နေတော့သည်။

ဒီလိုနဲ့ မနက်စာကိုမစားပဲ နေ့လည်စာမှပေါင်းစားမည်ဆိုပြီးတင်းခံကာ ခရီးတခေါက် ထပ်ထွက်ရသည်။

ကျနော် ပြဿနာကား အဲ့မှာစလေသည်။

ကရင်နီဆိုသည့် ဒေသတခွင်လုံးသည် သူမ၏ပုံရိပ်များသာပြည့်နှက်နေ၏။ ကျနော်တို့ မသွားဖူးသည့်နေရာဟူ၍မရှိ။ စဝင်ထဲက အလွမ်းသည် ခန္ဓာကိုယ်နဲ့ကပ်၍ ပါလာသည်။

ကိုလင်းမှာ နီးလေ ဒုက္ခရောက်မည်စိုးလေ။ ကျနော်မှာ နီးလေ ချစ်ရသူနဲ့ဝေးရပြီဆိုတဲ့ အသိက နှိပ်စက်လေသာ ဖြစ်နေသည်။ အပျော်ဆုံးကတော့ ကိုစိန် တယောက်သာ။

ကျနော့်ဇာတ်ကြောင်း နောက်ပြန်ရမည်ဆိုလျှင် ချစ်ရသူလေးနဲ့ သက်တန်းတခု အတူတတ်ခဲ့ကြသည်။ ထိုသင်တန်းအပြီးမှာ သူရဲ့ဘဝအတွက် အသက်မွေးဝမ်းကြောင်းတခုနဲ့ တော်လှန်ရေးတာဝန်တွေမပျက်အောင် ထားခဲ့ရဖို့ အကြောင်းဖန်လာသည်။

ကျနော်တို့ မခွဲရမီ တပတ်လုံး အလွမ်းသယ်ကြသည်။ တကယ်ခွဲရတော့ ကျနော့်မျက်ရည်တွေကို သူ မမြင်အောင် ကြိတ်ရှိုက်ခဲ့ရသည်။ ကားပေါ်က အရမ်းပြန်ချင်သူ ကိုလင်းရဲ့ “ဒီလိုကျတော့လဲ စိတ်မကောင်းဘူးကွာ”ဆိုတဲ့စကား ကျနော်မှာ မျက်ရည်တွေကို ကြိတ်ရှိုက်ခဲ့ရသည်။

သူမကိုထားခဲ့ခြင်းသည် ကျနော်အတွက်တော့ စွန့်စားခန်းတခုပင်ဖြစ်သည်။ အမြဲတမ်း ဘယ်သွားသွား ဘယ်ရောက်ရောက် ဘေးကနေကပ်ပါတတ်တဲ့သူမ။ ကျနော်အပေါ်အရာရာ မှီခိုအားထားတဲ့သူမ။

တော်လှန်ရေးဆိုတာ တကယ်မလွယ်မှန်း သူမနဲ့ခွဲခွာရမှ ကျနော်ရိပ်စားမိရဲ့။ ကျဉ်တုပ် ခံဝံ မခံဝံ ဆိုတဲ့ မောင်သာရရဲ့ စာအုပ်ထဲက မိန်းမရှိတဲ့သူ အရင်ဖောက်ပြန်သွားတဲ့အဖြစ်မျိုးမဖြစ်အောင် မနည်းထိန်းနေရတယ်။

ဪ အချစ်ဒုက္ခ၊ နဖူးတွေ့ ဒူးတွေ့ကြုံမှ တကယ်ကြီးကျယ်လှပါလား။ ပြန်ချင်ပါသည်ဆိုမှ ပို၍ ကွေ့ကောက်တတ် သလို ကားဆရာရဲ့ပို၍ ကွေ့ကောက်နေမှုကလဲ တော်တော်နဲ့မပြီး။ တယောက်မှာ ဒီလမ်းမကြီးကိုကြည့်ပြီး လွမ်းလို့၊ တစ်ယောက်မှာ ဒီလမ်းမကြီးကိုကြည့်ပြီး ကြောက်လို့။

နောက်‌ဆုံးတော့လည်း ကျနော့်ရဲဘော်နေတဲ့နေရာစီရောက်တော့ အထုတ်တွေချ နေ့လည်စာစားလို့မှမပြီးခင် ကိုလင်းက အင်တာနက်ပေါ်တက်ပြီး သူ့ဆိုင်ကယ်ထားခဲ့တဲ့ဘော်ဒါဆီက ဆိုင်ကယ်ပြန်တောင်း။ ကျနော်ကလည်း ကျနော် ကျောင်းတုန်းကသူငယ်ချင်း ဘော်ဒါတကောင်ကို ထိုင်စောင့်နေ။

ဆိုင်ကယ်ရပြီဆိုတာနဲ့ ကိုလင်း ကောက်ထွက်သွားတာ နောက်ကနေငေးကြည့်ပြီး ကျနော်နဲ့ကိုစိန် နှစ်ယောက်တည်း ကျန်ခဲ့သည်။ ကိုလင်း အဆင်ပြေပါလေစွ။

ဒီလိုနဲ့ တရက်ကုန်သွားသည်။ မနေ့က ကျနော်ကျောင်းနေဖက်သူငယ်ချင်းနဲ့တွေ့ပြီး စကားပြောကြသည်။

သူ့ဆီမှာပဲသောက်ပြီး သူ့ဆီမှာပဲ ညအိပ်လိုက်သည်။ မနက်ထိ ကိုလင်း ပြန်ရောက်မလာသေး။ ဒေသဆိုင်ရာ အချုပ်ထဲမှာပဲ လိုက်ထုတ်ရတော့မည်လား။သူ့‌ကောင်မလေးရွာကိုပဲ လိုက်သွားရလေတော့မည်လား။ ဘယ်ကို လိုက်လို့လိုက်ရမှန်းလည်း မသိ။

လက်ဖက်ရည်ဆိုင်ထိုင်နေရင်း ဆိုင်ကယ်တစီး ဘေးလွယ်အိတ်တလုံးနဲ့ လူတယောက် လက်ဖက်ရည်ဆိုင်ရှေ့ ဟိုကြည့်ဒီကြည့် လာလုပ်သည်။ သေချာကြည့်လိုက်တော့မှ ကိုလင်း။

“ဟေ့လူ အဆင်ပြေခဲ့လား” ဆိုတော့ မျက်နှာကြီးက ပြုံးစိစိ၊ အေးဆေးပါကွာဆိုတဲ့ အထာနဲ့။ ကျနော်တို့မှာ သူ့ကိုမြင်မှ စိတ်အေးရတော့သည်။

တမှုမပြီးခင် နောက်တမှုတက်မည့်အရေးကို ကိုလင်းမသိ။ ကျနော်လဲ မသိ။ ကိုစိန်လဲမသိ။ နေမည့်နေရာကိုသာ အေးဆေးပြန်ပြီး နှပ်နေကြသည်။ ညရောက်မှ အားလုံး‌သောက်နေကြတဲ့အရက်ဝိုင်းကို ကိုလင်းတယောက် တောက် တခတ်ခတ်နဲ့ ပေါက်ချလာသည်။

“ဘာဖြစ်လို့လဲ” မေးတော့ နောက်လဲမလာနဲ့ လာလဲမနောက်နဲ့တဲ့။ ကောင်မလေးက ဖြစ်တာတော့မဟုတ် ကောင်မလေးအိမ်က ဖြစ်ခြင်းသာ။

ကိုလင်းတယောက်ဝေခွဲမရ ဒုက္ခရောက်နေပုံက ရီရခက်ငိုရခက်။ “ငါ့သားကို အဘဘုရားသခင် စောင့်ရှောက်ပါလိမ့်မယ်” တဲ့။ တခြားဟာပြောရင်ခံနိုင်ဦးမယ်။

သေသွားတဲ့ဘိုးဘေးတွေက မထောက်ခံဘူး။ ဘုရားကလည်း အိမ်မက်ထဲ လာတားသည်။ အင်း ဒုက္ခ ဒုက္ခ။ သိသိကြီးနဲ့ မျက်နှာပြောင်တိုက် ဂျင်းထည့်တယ်ဆိုတာ ဒါမျိုးပဲထင်ပါတယ်။

ခုတော့ ကိုစိန်လဲမရှိတော့။ ကျနော်ရဲ့ ၁၀ ပေ ၁၂ ပေ အခန်းထဲမှာ နှစ်ယောက်တည်းအထီးကျန်နေတာ။ သူလည်း သူ့ဒုက္ခနဲ့သူ၊ ကိုယ်လည်း ကိုယ့်ဒုက္ခနဲ့ကိုယ် ဖြစ်နေတုန်း။ ဒုက္ခတူတဲ့တူတွေ လာစုဆိုသလို ကျနော်တို့စီရောက်လာတဲ့နောက်တယောက်ကကိုစိုးကြီး။

သူရဲ့ဒုက္ခကလည်း တမျိုးတဖုံ ထူးဆန်းနေပါလေရော။

ကိုစိုးကြီးဆိုတဲ့လူက ထောင်ထွက်။ သူထောင်ထွက်ဆိုတာ ခိုးမှု၊ လုမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးသုံးမှုတွေနဲ့မဟုတ်။ စစ်အစိုးရကို ဆန့်ကျင်ရင်း ကိုယ်ယုံကြည်ရာကို အပင်ပန်းခံ၊ အဆင်းရဲခံလုပ်ပြီး ထောင်ကထွက်လာတာ။

ကျနော်တို့ထဲမှာ စာဖတ်အားကောင်းသည်။ စည်းရုံးရေးဆန်သည်။ နိုင်ငံရေးထဲက သတ္တဝါတဦးဆိုလည်း မှားမယ်မထင်။ထောင်ကထွက်ပြီးတော့လည်း ကိုယ်ယုံကြည်တဲ့ နိုင်ငံရေးအလုပ်ကို ဆက်လုပ်ဖို့ လွတ်မြောက်ဒေသကို ရောက်လာတဲ့သူ။ သူ့ကို ဒီတသက် မိန်းမ မရနိုင်ဘူးထင်ပေမယ့် မိန်းမတယောက် ရအောင် ကောက်ယူသွားပြခဲ့သူ။

ခုတော့ သူလည်း အကြောင်းအမျိုးမျိုးကြောင့် မိန်းမနဲ့ ဝေးကွာနေရသည်။ ကျနော်တို့ရဲ့ ဒုက္ခတွေစီကို သူရောက်လာတာကလည်း မလာလို့ ခေါ် ဆိုသလို လာပါလို့ ခေါ်ထားရတာပဲ။

ဘဝတူ အသည်းကွဲနေတဲ့ လူအချင်းချင်းဆိုတော့ စာနာရတာပေါ့။ အဂ္ဂစနိုးရေးပြီး ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ‘မီးလောင်မြေ’ စာအုပ်ထဲကလို နိုင်ငံရေးအရ တက်ကြွလွန်နေရင် မိန်းမပေးစားလိုက် ဆိုသလိုမျိုး။

အိမ်က မွေးမိခင်တွေကိုပစ်ပြီး ထွက်လာတုန်းကအကောင်း၊ ခုတော့ အခန်းထဲမှာ သုံးယောက်သား ကြောင်တောင်တောင်နဲ့။ သတိရလိုက်တာဗျာလို့ ခဏခဏအော်နေတဲ့ ကိုစိုးကြီး။

သူဒုက္ခနဲ့သူ မှိုင်နေရတဲ့ ကိုလင်း။ လွမ်းတဲ့စိတ်နဲ့ ဆွေးနေရတဲ့ ကျနော်။ မိုးလင်း ထမင်းထချက်ထဲက မိန်းကလေးသုံး ယောက်အကြောင်းက မိုးချုပ်အိပ်တဲ့အထိ မိန်းကလေးသုံးယောက်အကြောင်းနဲ့အဆုံးသတ်။

ခုတော့လည်း တော်လှန်ရေးကြီးက ကြာကြာဆွေးခွင့်မပေးပါဘူး။ ကိုယ့်တာဝန်နဲ့ကိုယ် အသီးသီး ထမ်းဆောင်နေရကြရဲ့။ ကျနော်တို့ ဆုံဖြစ်ရင်တော့ မိန်းကလေးသုံးယောက်အကြောင်း ထပ်ခါတလဲလဲ ဒီအကြောင်းရာတွေပဲ ထပ်ပြောနေမိကြသည်။

ကြောင်တောင်တောင် အသဲကွဲတော်လှန်ရေးသမားသုံးယောက် အခန်းတခုထဲမှာ ပဲ့ထွက်နေတဲ့ ဖန်ကွဲစတွေလို နှလုံးသားတွေ ကွဲကြေနေတဲ့လူသုံးယောက်။ ခုတော့ သုံးယောက်စလုံး တာဝန်တွေကိုယ်စီနဲ့ ကျနော်တို့ရဲ့ဒဏ်ရာတွေ ကုစားနေဆဲ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​မောင်သစ်​အောင်’ရေးဖွဲ့တဲ့ “အသဲကွဲတော်လှန်ရေးသမား ၃ ယောက်” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

■ ​နေကြာ (၁)မောင်ရေ…တော်လှန်ရေးသမားတယောက်ရဲ့ခြေထောက်တွေက အသုံးမဝင်ဘူးလို့ဘယ်သူပြောရဲလဲ။အဲ့ဒီခြေထောက်တွေကြောင့်ပဲမောင်ဟာမီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။ရွာပျက်တွေကို ဖြတ်ခဲ့တာ။လူတချို့ရဲ့ မျှော်လင့်ချက်ကိုပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။မောင့်ခြေထောက်တွေဟာအိမ်ပြန်လမ်းကို မေ့မထားတဲ့သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။ (၂)မောင်ကစိတ်ညစ်စရာရှိတိုင်းမမနီကို တိုင်ပင်ချင်တယ်ဆိုတော့မမနီလည်း ဒီလိုပါပဲ မောင်။ညဘက်တွေမှာဖုန်းသံလေးတချက်ကို စောင့်ရင်း“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။မောင်တို့ခေတ်ကအချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။ဒါပေမယ့်မောင်အသက်ရှင်နေသရွေ့မမနီရဲ့ နှလုံးသားထဲမှာအိမ်တလုံးစာ နွေးထွေးမှုတော့အမြဲရှိနေမယ်။ (၃)မောင်ရေ…တနေ့နေ့တော့မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။သေနတ်သံတွေ ငြိမ်သွားမယ်။ညမထွက်ရအမိန့်တွေ...

ရသစာတမ်းငယ်

စစ်ရှောင်ခဲ့ကြပြီးသည့်နောက်” ■ ထွင် “သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း” (အနန္တသူရိယ- မျက်ဖြေလင်္ကာ) Public Service Announcement ‘မေ’ လသည် မြန်မာနိုင်ငံတွင် အပူဆုံးလ ဖြစ်သည်။ သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးရုပ်ရှင်ကို ထုတ်လွှင့်ပြသသကဲ့သို့ ‘မေ’ လ ရောက်တိုင်းလည်း ဆရာဝင်းဖေ၏ ‘မေလလယ်’ ဝတ္ထုတိုလေးကို ဖေ့ဘွတ်တွင်...

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ရသစာတမ်းငယ်

လက်ထဲမှာ ၁၇၀၀ရှိတယ်။ ဒါပေမယ့် အဲ့အကြွေအတိုအစလေးတွေက အခုအချိန်မှာ ဘာမှအသုံးမ၀င်နေခဲ့ပါဘူး။ အိမ်မှာသာဆို ရေခဲမုန့် (၅) ခွက်လောက်၀ယ်စားမိမယ် ထင်တယ်။ ဒါမှမဟုတ် အာလူးကြော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ၀က်သားဒုတ်ထိုးလေးပဲဖြစ်ဖြစ်ပေါ့။