Connect with us

Hi, what are you looking for?

ဘာသာပြန်ဆောင်းပါး

စစ်သည်တွေ စွန့်ခွာလာမှုနဲ့အတူ အကြမ်းဖက်စစ်တပ် ကြုံနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်များ

ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်အတွင်းရှိ စခန်းတစ်ခုတွင် ရချိုးနေသော PDF များကို အောက်တိုဘာလက တွေ့ရစဉ် (AFP)

စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ပြန့်လာခြင်းနဲ့အတူ တပ်ထဲကနေ ထွက်ပြေးပြီး ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ စစ်သား အရေအတွက်ကလည်း စစ်တပ်ကြီး တစ်ခုလုံး ပြိုလဲသွားတာမျိုး မဟုတ်တဲ့တိုင်အောင် တရိပ်ရိပ် တိုးပွားလာနေပါတယ်။

အောင်မျိုးထက်ဟာ စစ်သားတစ်ယောက် ဖြစ်လာဖို့ အမြဲတမ်း အိပ်မက်နေခဲ့သူပါ။ လက်တွေ့မှာလည်း သူဟာ ဗိုလ်ကြီး ရာထူးထိ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်လို့ ခေါ်ဝေါ်ကြတဲ့ မြန်မာစစ်တပ်ထဲ သူဝင်ရောက်ခဲ့ချိန်က နိုင်ငံကို ကာကွယ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ပါ။ တစ်နိုင်ငံတည်းသား ပြည်သူတွေနဲ့ စစ်ခင်း တိုက်ခိုက်ရင်း ရှုံးနိမ့်နေဖို့တော့ မဟုတ်ခဲ့ပါဘူး။

ဇွန်လမှာ သူဟာ ကယားပြည်နယ်က ရှေ့တန်း စစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်ဖို့ စေလွှတ် ခံခဲ့ရပါတယ်။ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကို လက်နက်ကိုင် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ တော်လှန်ရေး အဖွဲ့တွေ ကယားပြည်နယ်ထဲမှာ အားကောင်းလာတာကို ချိုးနှိမ်နိုင်ဖို့ ဖြစ်ပါတယ်။ သူ့ရဲ့ ရဲဘော်ရဲဘက် သုံးယောက်ဟာ ကယားပြည်နယ် စစ်မျက်နှာပြင်မှာ အသက်ပေးလိုက်ရတယ်လို့ အသက် ၃၂ နှစ်အရွယ် အောင်မျိုးထက်က ပြောပါတယ်။

ကိုယ့်ဖက်က အကျအဆုံးတွေကို ကိုယ်တွေ့ ကြုံလာတဲ့အခါ အရမ်း ကြေကွဲမိတယ်လို့ သူက ဆိုပါတယ်။ သူတို့ဟာ တိုင်းပြည်အတွက် မဟုတ်ဘဲ ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားအတွက် တိုက်ပွဲဝင်ပေးနေရ၊ စတေးခံနေရတယ်လို့ ခံစားလာမိကြောင်းလည်း အောင်မျိုးထက်က ဖွင့်ဟခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၇ ရက်မှာတော့ သူဟာ အခြေစိုက် စခန်းကို စွန့်ခွာလာပြီး CDM လုပ်ခဲ့ပါတယ်။ CDMဆိုတဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ပြန့်ခဲ့ပြီး ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးနဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ဖယ်ရှားရေးအတွက် ရည်ရွယ်ခဲ့တာပါ။ CDM လုပ်ခဲ့တဲ့ စစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် ၂၀၀၀ ထက်မနည်း ရှိလာပြီး ဒီအချက်က မြန်မာနိုင်ငံမှာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ကို ထိခိုက် အားလျော့လာစေပါတယ်။

တပ်ဖွဲ့ဝင်အင်အား နှစ်သိန်း ရှစ်သောင်းနဲ့ သုံးသိန်းခွဲကြားလောက် ရှိနိုင်တဲ့ စစ်တပ် တစ်ခုလုံးနဲ့ ယှဉ်ရင်တော့ ဘက်ပြောင်း ခိုလှုံလာသူ အချိုးအစားက နည်းပါသေးတယ်။ ဒါပေမဲ့ စစ်တပ်အတွက် ဒီကိစ္စဟာ နေမထိ ထိုင်မသာ ဖြစ်စေပြီး တပ်ဖွဲ့ဝင်တွေကြားမှာ စိတ်ပိုင်းဆိုင်ရာ ဝေဝါးမှုတွေ ပိုမို ကြီးထွားလာစေပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ဟာ လူသစ် စုဆောင်းဖို့ ပိုရုန်းကန်လာရတယ်။ အငြိမ်းစား စစ်မှုထမ်းတွေကို ပြန်ခေါ်ရတာမျိုး၊ ဒီလို ဆင့်ခေါ်မှုကို လက်မခံရင် ပင်စင်လစာတွေ ဆိုင်းငံ့ထားမယ်လို့ ခြိမ်းခြောက်တာမျိုးတွေ ဖြစ်လာတယ်။ စစ်ရေး ဥပဒေတွေနဲ့ မလျော်ညီဘဲ စစ်မှုထမ်းတွေရဲ့ ဇနီးမယားတွေက စစ်အခြေစိုက် စခန်းတွေ လုံခြုံရေးအတွက် စောင့်ကြပ်ဖို့ ခိုင်းစေ ခံလာရတယ်။

အမေရိကန်ရဲ့ ဝက်စ်ပွိုင့် စစ်တက္ကသိုလ် မြန်မာ ဗားရှင်းလို့ ခေါ်ရမယ့် DSAဟာ ၆၇ နှစ်တာ သမိုင်းကြောင်းအတွင်း ပထမဆုံး အကြိမ်အဖြစ် လူသစ်တွေ ခေါ်ယူပြီး လူမပြည့်တာမျိုး ဒီနှစ်မှာ ကြုံတွေ့လာရတယ်။

ကယားပြည်နယ်ရှိ စခန်းတစ်ခုတွင် လေ့ကျင့်ရေးဆင်းနေသော အာဏာသိမ်းဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားများကို သြဂုတ်လအတွင်းက တွေ့ရစဉ် (AFP)

စစ်သည်တွေက ပြည်သူ့ အင်အားစုတွေဆီ အခုလောက် အတိုင်းအတာမျိုး ဘက်ပြောင်းလာတယ်ဆိုတာ အရင်က ဘယ်တုန်းကမှ မမြင်ဖူးဘူးလို့ စင်ကာပူ အခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနက မြန်မာနိုင်ငံဆိုင်ရာ လေ့လာရေး ပရိုဂရမ်ရဲ့ Co-coordinator ဒေါ်မိုးသူဇာက ပြောပါတယ်။ ဖေဖော်ဝါရီကစလို့ CDM လှုပ်ရှားမှုအပေါ် ပြည်သူလူထုရဲ့ အင်တိုက်အားတိုက် ထောက်ခံမှုတွေ၊ တပ်ကို စွန့်ခွာမှုတွေက မကြုံစဖူး များပြားလာတယ်လို့ သူက မှတ်ချက် ပေးပါတယ်။

မင်းအောင်လှိုင်ဟာ သူ့ရဲ့ ထိပ်တန်း ဗိုလ်ချုပ်တွေဆီက သစ္စာစောင့်သိမှုကိုတော့ ပိုင်ဆိုင်ထားဆဲပါ။ တပ်မတော် တစ်ခုလုံး ပြိုလဲသွားစေဖို့ ဆိုရင်လည်း ဘက်ပြောင်း ခိုလှုံလာသူ ဦးရေက နည်းလွန်းနေပါသေးတယ်။ ဒါပေမဲ့ တစ်ဖက်မှာက အခုလိုမျိုး စစ်တပ်ကို စွန့်ခွာလာသူတွေကို တော်လှန်ရေး အင်အားစုတွေက မြန်မြန်ဆန်ဆန် လက်ခံ ကြိုဆိုနေကြပါတယ်။ ၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရလာချိန် ကတည်းက တပ်မတော်ကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကြီး ၄ ခုက စစ်တပ်ကို စွန့်ခွာပြီး ခိုလှုံလာတဲ့ စစ်သားတွေကို ရိက္ခာ အထောက်အပံ့တွေ၊ ခိုလှုံခွင့်တွေအပြင် လက်တွဲ တိုက်ခိုက်ဖို့ အခွင့်အရေးပါ ပေးထားပါတယ်။

အဲဒီ စစ်သည်တွေ နှစ်ရှည်လများ ဖြတ်သန်းလာတဲ့ စစ်ရေး အတွေ့အကြုံတွေဟာ လက်နက်ကိုင် တော်လှန်ရေးမှာ တန်ဖိုး မဖြတ်နိုင်တဲ့ အထောက်အပံ့မျိုး ဖြစ်စေတယ်လို့ NUG အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။ NUGဟာ အခုလို ဘက်ပြောင်း ခိုလှုံလာသူတွေ တိုးပွားလာတဲ့ အရေအတွက်ကို တောက်လျှောက် ခြေရာခံ စောင့်ကြည့်နေပြီး NUGနဲ့ သူတို့ အားလုံးဟာ တူညီတဲ့ ပန်းတိုင်တစ်ခု ရှိနေတယ်လို့လည်း ဦးနိုင်ထူးအောင်က ဆိုပါတယ်။

ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တဲ့ စစ်သည်တွေ တော်တော်များများဟာ လူမှုကွန်ရက် အကောင့်တွေ ပေါ်ပေါ်ထင်ထင် ဖွင့်ထားပြီး တခြားစစ်သည်တွေကိုလည်း သူတို့ရဲ့ လမ်းစဉ်အတိုင်း လိုက်ကြဖို့ တိုက်တွန်းနေကြပါတယ်။ စစ်တပ်ကို စွန့်ခွာလာသူ အများစုဟာ အောက်ခြေ စစ်သည်တွေ ဖြစ်ပေမယ့် အရာရှိ တချို့လည်း ပါဝင်နေပါတယ်။

အာဏာသိမ်းဆန့်ကျင်ရေးတိုက်ခိုက်ရေးသမားများ လေ့ကျင့်ခန်းလုပ်နေစဉ် (AFP)

အခုဆိုရင် ပြည်သူဖက် ကူးပြောင်းလာတဲ့ တပ်မတော်သား တချို့ဟာ နည်းပညာ ကျွမ်းကျင်တဲ့ တော်လှန်ရေး အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး တပ်ထဲက တခြားစစ်သည်တွေ ပိုမို စွန့်ခွာလာစေဖို့ လျှို့ဝှက် အွန်လိုင်း လှုပ်ရှားမှုမျိုးမှာ ပါဝင် ကူညီနေပါတယ်။ စစ်တပ် အရာရှိတွေနဲ့ မိန်းမချောလေးတွေ တွဲရိုက်ထားတဲ့ ဓာတ်ပုံမျိုးကို ပရိုဖိုင် ဓာတ်ပုံ တင်ထားတဲ့ Facebook အကောင့်တုတွေက တပ်ထဲက တကယ့် စစ်သားတွေနဲ့ Friend ဖြစ်အောင် ချိတ်ဆက်ကြပါတယ်။

စစ်သည်တွေဆီ တိုက်ရိုက် ဆက်သွယ်ပြီး Messageတွေ ပေးပို့ဖို့အတွက် အဲဒီ အကောင့်တုတွေကို သုံးပါတယ်။ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်အောင် မလုပ်ဖို့ ပန်ကြားကြပါတယ်။ နောက်တစ်ဖွဲ့ကတော့ Facebookမှာ ရှိနေတဲ့ စစ်သည်တွေရဲ့ ဇနီးမယားတွေကို ဦးတည်ပြီး သူတို့ရဲ့ ခင်ပွန်းသည်တွေ တပ်ထဲက ထွက်ခွာကြအောင်၊ စစ်ဗိုလ်ချုပ်တွေကို ဆက်မထောက်ခံတော့အောင် ဆွဲဆောင် သိမ်းသွင်းပေးဖို့ တိုက်တွန်းကြပါတယ်။

ဝါဒဖြန့် စစ်ပွဲကို အပြိုင်ကစားနေကြတာ အရမ်းထင်ရှားတယ်လို့ International Crisis Groupရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ရစ်ချတ် ဟော်ဆေးက ဆိုပါတယ်။ သူတို့တွေဟာ တော်လှန်ရေး အင်အားစုတွေကို ပိုပြီး သတ္တိရှိလာ၊ ယုံကြည်မှု ရှိလာစေတယ်လို့လည်း ဟော်ဆေးက ပြောပါတယ်။

စစ်တပ်ကို စွန့်ခွာလာတဲ့ စစ်သည်တွေက အာဏာသိမ်းမှု အပြီးမှာ ပြည်သူတွေကို ပစ်သတ်ဖို့ ဆိုတာမျိုး သူတို့ရဲ့ အထက် အရာရှိတွေဆီက ညွှန်ကြားချက်တွေဟာ အတင်းအကျပ် ဖိအားပေး ခိုင်းစေတာမျိုးလို့ ခံစားလာရကြောင်း ပြောပါတယ်။ နိုဝင်ဘာ ၆ ရက်မှာတော့ ကုလသမဂ္ဂ စစ်ရာဇဝတ်မှုဆိုင်ရာ စုံစမ်းရေး အဖွဲ့ရဲ့ အကြီးအကဲက မြန်မာ စစ်တပ် အနေနဲ့ အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ပြီး လူသားရေးရာ ရာဇဝတ်မှုတွေ တော်တော်များများ ကျူးလွန်ထားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

သူတို့ကို ပစ်မိန့် ပေးလိုက်တဲ့ အခါမှာ လူတွေကို ထွက်ပြေးကြဖို့ လှမ်းခေါ် သတိပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မြောက်ပိုင်း၊ ဗန်းမော်မြို့မှာ အခြေစိုက်ခဲ့ဖူးတဲ့ ဗိုလ်ကြီး ထက်မြက်က ပြောပါတယ်။ အဲဒီနယ်မြေမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေက ပြင်းထန်နေပါတယ်။ သူလှမ်းသတိပေးခဲ့တဲ့ အတွက်ကြောင့် ပြည်သူတွေ ဘေးကင်းခဲ့ကြောင်း၊ ဒါပေမဲ့ ဒီလောက် လူမဆန်တဲ့ အဖွဲ့အစည်းမျိုးမှာ သူဆက်ပြီး မနေချင်တော့ကြောင်း ဗိုလ်ကြီး ထက်မြက်က ဆိုပါတယ်။

(AFP)

ဘာပဲဖြစ်ဖြစ် ဘက်ပြောင်း ခိုလှုံရတယ် ဆိုတာဟာ စစ်မြေပြင်တွေလိုပဲ အန္တရာယ်တော့ များတာပါပဲ။ တစ်ချိန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် မိန့်ခွန်းတွေ ရေးပေးဖို့ တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်ကြီးတစ်ယောက်က ဦးဆောင် ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်သားများဆိုတဲ့ အဖွဲ့ကတော့ ဒီအခြေအနေတွေကို ကူညီဖို့ ကြိုးစားနေပါတယ်။

ဩဂုတ်လရဲ့ ညတစ်ညမှာပါ၊ အသက် ၂၉ နှစ်အရွယ် တပ်ကြပ်ကြီး ကောင်းထက်အောင်ဟာ ပြည်သူ့စစ်သားများ Facebook Pageက Hostလုပ်ထားတဲ့ CDM ဗိုလ်မှူး တစ်ဦးရဲ့ စကားရည်လုမှု အစီအစဉ်ကို ကြည့်နေခဲ့ပါတယ်။ အဲဒီ ဗိုလ်မှူးဟာ ဘက်ပြောင်း ခိုလှုံပြီးတဲ့နောက် လျှို့ဝှက် နေရာတစ်ခုကို ရောက်နေတာပါ။ စစ်တန်းလျားထဲမှာ ဒီဗီဒီယိုကို ခိုးကြည့်ခဲ့တဲ့နောက် ကောင်းထက်အောင်ဟာ လှဲလျောင်းနေရင်း အတွေးရေယာဉ်ကြော မြောနေခဲ့ပါတယ်။ ဒီဗိုလ်မှူးဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင် ပူးပေါင်းဖို့ ဘာတွေများ စတေးခဲ့ရသလဲ ဆိုတာကိုပါ။

နောက်တော့ သူဟာ ပြည်သူ့စစ်သားများ အဖွဲ့နဲ့ ဆက်သွယ်ခဲ့ပါတယ်။ အဖွဲ့က သူသာ ခိုလှုံလာမယ်ဆိုရင် ကူညီပေးနိုင်တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ အဲဒီကနေ သူ့ရဲ့ ရင်ထိတ်စရာ ခရီးစဉ် အစပြုပါတော့တယ်။ မေလ ၉ ရက်နေ့မှာ သူဟာ အခြေစိုက် စခန်းကနေ ထွက်ခွာလာပါတယ်။ ဒါပေမဲ့ မော်တော်ဆိုင်ကယ် မတော်တဆမှု ဖြစ်ခဲ့တယ်။ အဲဒီကနေ အကူအညီ တောင်းခံရင်း စစ်ထောင်ထဲ ရောက်သွားတယ်။ စက်တင်ဘာ ၆ ရက်မှာတော့ သူလွတ်မြောက်လာပြီး တောထဲကို ခြေလျင် ထွက်လာခဲ့ပါတယ်။

အရင်က စစ်လက်နက် ထုတ်လုပ်ရေးမှာ တာဝန်ယူခဲ့ဖူးတဲ့ တပ်ကြပ်ကြီးဟာ ဘတ်စ်ကား တစ်စီးကို စီးပြီး လွတ်မြောက် နယ်မြေဆီ ဦးတည်ခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ထားရာ နယ်စပ် ဒေသတွေကို တော်လှန်ရေးဖက်က ဝိသေသပြု ခေါ်ဝေါ်တဲ့ အသုံးအနှုန်းပါ။ သူအရမ်း ပျော်နေမိတယ်လို့ ကောင်းထက်အောင်က ပြောပါတယ်။ အခုဆိုရင် လူတွေကို သတ်နေတဲ့ ကျည်ဆန်တွေ လုပ်ပေးနေဖို့ မလိုတော့ဘူးလို့လည်း သူက အားတက်သရော ဆိုတယ်။

အဲဒီ စစ်သည်ရဲ့ Facebook အကောင့်နဲ့ ပတ်သက်လို့ New York Times သတင်းစာက လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ဘူး ဆိုပေမယ့် တပ်ထဲကနေ ထွက်ပြေးပြီး ဘက်ပြောင်းရတဲ့ ကိစ္စဟာ အန္တရာယ် အတော်ကြီးတယ် ဆိုတာတော့ အရမ်းရှင်းပါတယ်။ ထောင်ဒဏ် ၃ နှစ်ထိ ပြစ်ဒဏ် ချမှတ် ခံရနိုင်သလို မိသားစုကို ဦးတည်ပြီး လက်စားချေတာမျိုးတွေ ဖြစ်လာနိုင်တယ်။ ခရီးလမ်းကလည်း ဘေးအမျိုးမျိုး ကြုံကောင်း ကြုံနိုင်ပါတယ်။ လွတ်မြောက်နယ်မြေဆီ မရောက်ခင် မြို့တွေမှာ ပုန်းလျှိုးကွယ်လျှိုး သွားလာရတာမျိုးတွေ ရှိနိုင်တယ်။

ဒါ့အပြင် ပြည်သူ့ဖက် ကူးပြောင်းလာတယ် ဆိုတာဟာ တပ်ထဲမှာ မက်လောက်စရာ အနာဂတ်တွေကို ချစတေးလိုက်ရတဲ့ အဓိပ္ပါယ်လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ တပ်ထဲမှာ ရာထူးတွေ တက်လာပြီဆိုရင် တပ်မတော်က ထိန်းချုပ်ထားတဲ့ ကျယ်ပြောလှတဲ့ စီးပွားရေး လုပ်ငန်းတွေကနေ ရာထူးအလိုက် အကျိုးအမြတ်တွေ ခံစားရနိုင်တယ်။ အဲဒီထဲမှာ နိုင်ငံရဲ့ ဩဇာ အကြီးမားဆုံး ဦးပိုင် စီးပွားရေး လုပ်ငန်းစုကြီး နှစ်ခုလည်း ပါဝင်နေတယ်။

တပ်ထဲမှာ ရှိနေသူ အများစုဟာ Brainwashedလုပ် မှိုင်းသွင်း ခံထားရပြီး အမှန်တရားကို မမြင်နိုင်ကြရှာဘူးလို့ မတ်လ ကတည်းက ပြည်သူ့ဖက် ကူးပြောင်းလာတဲ့ ဗိုလ်ကြီး လင်းထက်အောင်က ဆိုပါတယ်။ အမှန်တရားကို သိမြင်နေတဲ့ အရာရှိ တချို့ကျတော့လည်း သူတို့ရဲ့ ရာထူး နေရာကို မစွန့်ခွာနိုင်ပြန်ဘူးလို့ သူက မှတ်ချက် ပေးခဲ့ပါတယ်။

တပ်ကို စွန့်ခွာလာတဲ့ စစ်သည်ဟောင်းတွေ အဓိက ပစ်မှတ်ထား ဆွဲဆောင်ဖို့ ကြိုးစားကြတာက လူလိုသူလို ဆက်ဆံ မခံရတဲ့ အောက်ခြေ စစ်သားတွေကို ဖြစ်ပါတယ်။ တပ်ကြပ် ဇွဲမာန်ဟာ ၂၀၁၆ ခုနှစ်တုန်းက ပဲခူးမြို့မှာ စစ်သည်တွေ ချီတက်ချိန်၊ ပြည်သူတွေက ပန်းကုံးစွပ် ကြိုဆိုတာကို မြင်ပြီး တပ်ထဲ ဝင်ချင်စိတ် ပေါ်လာခဲ့တယ်လို့ ပြောပါတယ်။

နောက်တစ်နှစ် အကြာမှာ သူဟာ စစ်သင်တန်းဆင်းပြီး လက်ဖြောင့်တပ်သား (စနိုက်ပါ)တစ်ယောက် ဖြစ်လာတယ်။ သူ့ရဲ့ လစာက ၁၀၅ ဒေါ်လာလောက်သာ ရှိပြီး အစားအသောက်ကလည်း ဆိုးရွားလွန်းတယ်လို့ ဇွဲမာန်က ဆိုပါတယ်။ သူက စစ်ထဲ ဝင်ခဲ့တယ်ဆိုတာ နိုင်ငံကို ကာကွယ်ဖို့၊ ပြည်သူလူထုက ချစ်ခင် အားကိုးတဲ့ စစ်သည်တစ်ဦး အနေနဲ့ ရပ်တည်ဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ စစ်တပ်ဆိုတာ အောက်ခြေ စစ်သည်တွေကို ခွဲခြားဖိနှိပ်နေတဲ့ နေရာတစ်ခုလို့ သိမြင်လာကြောင်း သူက ဖွင့်ဟပါတယ်။

မေလမှာ ဇွဲမာန်ဟာ ပြည်သူ့စစ်သားများ Facebook စာမျက်နှာက Commentတွေကို ဖတ်ကြည့်နေခဲ့မိပါတယ်။ စစ်တပ်က ပြည်သူတွေကို သတ်နေတယ်၊ စစ်တပ်ဟာ သူခိုးကြီးတွေ၊ စစ်တပ်ဟာ ကိုယ်ကျိုးအတွက် တိုင်းပြည်ကို ခြယ်လှယ် အုပ်ချုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ပြည်သူ့အသံတွေကို သူခံစားမိလာတယ်။

ကိုဗစ်ရောဂါ ကူးစက်မှုတွေ အထွဋ်အထိပ် ရောက်နေတဲ့ ဇူလိုင်လမှာ စစ်တပ်ဟာ ရောဂါ ကူးစက်ထားသူတွေကို သီးသန့် နေရာတောင် မစီစဉ်ပေးနိုင်လို့ စစ်တန်းလျားမှာ လူတွေ သေခဲ့ကြတယ်လို့ ဇွဲမာန်က ပြောပါတယ်။ တစ်ဖက်မှာလည်း အာဏာသိမ်းမှု ပြီးကတည်းက သူမျက်မြင် ကြုံတွေ့ရတဲ့ အကြမ်းဖက် လုပ်ရပ်တွေက သူ့ကို ခြောက်လှန့်လာတယ်။ စစ်တပ်က ပြည်သူလူထုကို မတရား ဖမ်းဆီးတာတွေ၊ နေအိမ်တွေကို မီးတင်ရှို့တာတွေ သူသိနေတယ်။

ကရင်ပြည်နယ်အတွင်းရှိ စခန်းတစ်ခုတွင် အနားယူနေသော PDF အချို့ကို တွေ့ရစဉ် (AFP)

သူ့ရည်းစားကလည်း စစ်တပ်ဟာ ပြည်သူတွေကို သတ်ဖြတ်နေကြောင်း ပြောပြပြီး သူ့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပူးပေါင်းသင့်တယ်လို့ တိုက်တွန်းတဲ့အကြောင်း ဇွဲမာန်က ပြောပါတယ်။ မှန်ကန်တဲ့ အရာကို ရွေးချယ် ရပ်တည်ဖို့ တကယ့်ကို လိုအပ်နေပြီလို့ သူဆုံးဖြတ်ခဲ့ကြောင်း၊ ပြည်သူလူထုဟာ မှားတဲ့ဖက်မှာ ရှိနေတာ မဟုတ်ကြောင်း သူက ဆိုတယ်။ စက်တင်ဘာ ၁၇ ရက်မှာ သူဟာ အခြေစိုက် စခန်းကနေ ခဏ ထွက်ခွာဖို့ အထက် အရာရှိဆီ ခွင့်တောင်းခဲ့ပါတယ်။

သူ့တောင်းဆိုမှုအတွက် ခွင့်ပြုချက် ရခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ သူဟာ တပ်ထဲကို ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။

(New York Times သတင်းစာ၏ As Soldiers Abandon Notorious Myanmar Army, a Morale Crisis Looms ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသော ကျေးရွာတစ်ရွာကို မဟာမိတ်ပူး ပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊တပ်ခွဲ(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၂၁)မှာထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် သေဆုံးမှုများနေတယ်လို့ Lion Battalion စစ်ကြောင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောပေါ်ဦးကပြောပါတယ်။

သတင်း

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။