နို၀င်ဘာ-၁၄၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဗုံးကြဲလို့ ကလေးငယ်တွေအပါအ၀င် ထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ ဒေသခံတွေက လူထုနွေဦးကို ပြောပါတယ်။
ဒီကနေ့(နို၀င်ဘာ ၁၄ ရက်)ညနေပိုင်းက မြိုင်မြို့နယ် အနောက်ဘက်နဲ့ တောင်ပိုင်း ဒေသတွေကို စစ်တပ်က ဂျက်ဖိုက်တာ၊Mi 35 နဲ့ ဂျိုင်ရိုကော်ပတာတွေအသုံးပြုပြီး လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
“တဲကြီးရွာနားတစ်ဝိုက် ဂျက်ဖိုက်တာ နှစ်စီးနဲ့ကြဲသွားတာ။ကလေးတစ်ယောက်က ပွဲချင်းပြီးပေါ့။နောက်ထိ တဲ့သူ့အမေကလည်း အခုည ဆုံးသွားပြီ”လို့ မြိုင်အနောက်ပိုင်းလေကြောင်း တိုက်ခံရမှုအပေါ် ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ဒီကနေ့မှာဘဲ မြိုင်မြို့နယ် တောင်ဘက်ခြမ်းက တွင်းမရွာရောက်နေတဲ့ စစ်တပ်စစ်ကြောင်း အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။
“သေဆုံးမှုတော့ မသိရသေးဘူး။စာရင်းအရ ဒဏ်ရာရကို ၁၀ ဦးကျော်တယ်”လို့ မြိုင် ပကဖ တာ၀န်ရှိသူက တွင်းမရွာအနီးလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်စက်လို့ ရှင်းပြပါတယ်။
လတ်တလောစာရင်းအရ (၄)နှစ်အရွယ်ကလေးငယ်နဲ့ မိခင် အသက် (၃၀)၀န်းကျင်အမျိုးသမီး ၁ဦးသေဆုံးတယ်လို့ ဆိုပါတယ်။
မနေ့ကညပိုင်းကလည်း မြိုင်မြို့နယ်မြောက်ပိုင်း ကျေးရွာတစ်ရွာကို ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) ကလွှတ်တင်တဲ့ အသေခံဒရုန်း ၁စီးကျရောက်ပေါက်ကွဲကာ (၇) နှစ်အရွယ် G-2 ကျောင်းသား ၁ဦး သေဆုံးခဲ့ရပါတယ်။
လက်ရှိမြေပြင် အခြေအနေမှာ စစ်တပ် အထိနာတိုင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေလို့ နို့နံ့မစင်သေးတဲ့ ကလေးငယ်တွေပါ ထိခိုက်သေဆုံးနေရတာကြောင့် များစွာစိတ်မကောင်းဖြစ်ရတယ်လို့ မြိုင်ပကဖက အသိပေးပါတယ်။
ပြည်သူတစ်ရပ်လုံးနဲ့အတူ စစ်ရာဇ၀တ် အကြမ်းဖက်အုပ်စုကို ခွင့်လွှတ်မှာမဟုတ်ဘဲ ဆက်လက် တွန်းလှန်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကလည်း မြိုင်မြို့နယ်ကို စစ်တပ်ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၃ ဦးသေပြီး ကလေးငယ် ၃ဦးဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
လက်ရှိမြိုင်မြိုနယ်နဲ့ ပေါက်မြိုနယ်အစပ်က ရေနံမြေ တဲကြီးရွာမှာ စစ်တပ်က တပ်စွဲထားပြီး တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေရှိနေသလို ပခုက္ကူတပ်မ (၁၀၁)က စစ်ကူစစ်ကြောင်းကလည်း တွင်းမကျေးရွာအနီး ရှိနေတယ်လို့ သိရပါတယ်။




















































