နိုဝင်ဘာ ၈၊ ၂၀၂၆။ ဟာနာဆန် / People’s Spring
ရှေ့တန်းလွှတ်မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်အုပ်စုရဲ့ တာဝန်ရှိသူတဦးက စစ်မြေပြင်မှာ သေနတ်နဲ့ ပစ်ခံရမှာကို ကြောက်စရာ မလိုဘဲ၊ ကျည်ဆန်မှာ အမည် ပါပြီးသားမို့ ကိုယ့်အမည် မပါရင် မသေဘူးလို့ ပြောကာ အန္တရာယ်ကင်း အဆောင်လက်ဖွဲ့တွေပေးရှေ့တန်းထွက်ခိုင်းပါတယ်။
ရှေ့တန်းကို သွားမယ့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေကို အရပ်သားလို ဝတ်ထားတဲ့ တာဝန်ရှိသူတဦးက စစ်ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို “ရှေ့တန်း ရောက်တဲ့အချိန်မှာ ရန်သူ ပစ်မှာ မကြောက်နဲ့။ ဟေ့ရောင် ကျည်ဆန်မှာ နာမည် ပါပြီးသား။ ရှင်းတယ်နော်။ ကျည်ဆန်မှာ နာမည် ပါပြီးသား။ ပစ်ချင်လည်း ပစ်။ ဘယ်တော့မှ မသေဘူး။ လူက ဒီကျည်ဆန်နဲ့ သေဖို့ ကံပါလာရင် လက်ဖက်ရည်ဆိုင် ထိုင်နေရင်လည်း မှန်ပြီး သေမှာပဲ” လို့ ပြောဆိုပါတယ်။
ဒါကြောင့် တိုက်ပွဲ ဖြစ်ပွားပါက ရုတ်တရက် ဝပ်မှောက်လိုက်ဖို့နဲ့ ကျည်ကွယ်၊ မျက်ကွယ် ယူပြီး တိုက်ခိုက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

Public Service Announcement
ဆက်လက်ပြီးတော့ သူက “ကျည်ဆန်မှာ နာမည် ပါပြီးသား သေရင်လည်း သေမှာပဲဆိုပြီး လျှောက်ပြီးတော့ လုပ်လို့ မရဘူး။ ဘာပဲပြောပြော ဒိုင်းဆိုတဲ့ အသံ ကြားတာနဲ့ ဒုန်းဆိုပြီး မှောက်လိုက်” လို့ ၎င်းအရာရှိက ပြောဆိုပါတယ်။
ဒါ့အပြင် ၎င်းတို့နဲ့အတူ စစ်သင်တန်း နည်းပြ လုပ်ခဲ့ဖူးပြီး တိုက်ပွဲ အတွေ့အကြုံ ရှိတယ်လို့ ဆိုတဲ့ ဗိုလ်ကြီး သန်းထွန်းအောင် ကိုယ်တိုင် ဦးဆောင်လိုက်ပါမှာမို့ မကြောက်ကြဖို့ ပြောဆိုခဲ့ပြီး စစ်ကောင်စီ တပ်သားတွေကို အန္တရာယ်ကင်း အဆောင်တွေ ပေးအပ်ခဲ့ပါတယ်။
“ဗိုလ်ကြီး သန်းထွန်းအောင် ဆိုတာ ဘာပဲပြောပြော သူ တိုက်ပွဲ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ သင်တန်းမှာလည်း သင်တန်း နည်းပြ လုပ်လာခဲ့တယ်။ အဲဒီအတွက် တို့အဖွဲ့ ဘာမှ ကြောက်စရာ အကြောင်း မရှိဘူး။ ဆရာပြောတာ ရှင်းလား။ ပြီးတော့ တို့ အဆောင်လေးတွေ ပေးမယ့်ဟာတွေ ပေးလိုက်ကြတော့” လို့ ၎င်းအရာရှိက ပြောဆိုခဲ့ပါတယ်။
အဲဒီ ရုပ်သံထဲက စစ်ကောင်စီ တပ်သားတွေဟာ ပြည်သူ့စစ် (ခ) ပျူစောထီး အဖွဲ့ဝင်တွေ ဒါမှမဟုတ် ပြည်သူ့စစ် မှုထမ်း သင်တန်းဆင်း စစ်သားသစ် (ပစ) တွေလို့ ယူဆရပြီး ဘယ်မြို့က ဆိုတာတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။
ထပ်မံရရှိထားတဲ့သတင်းအရ အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့ကရဲမွန်တောင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ကို အမှာစကားပြောနေသူဟာ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင် နေမျိုးကျော်ဖြစ်ပါတယ်။ နေမျိုးကျော်ဟာ တိုင်းရင်းသားစည်လုံးညီညွတ်ရေးပါတီ(တစည)ပါတီမှ စစ်တပ်ရွေးကောက်ပွဲအနိုင်ရ စစ်တပ်လွှတ်တော်ရဲ့အမတ်ဖြစ်သလို၊တရားလွှတ်တော်ရှေ့နေဖြစ်ပါတယ် ။ ရဲမွန်တောင်ပြည်သူ့စစ် နဲ့ မန္တလေးမြို့က ပြည်သူ့စစ်ခေါ် ပျူစောထီးတွေဟာစစ်တပ်နဲ့ အတူ မတ္တရာ နဲ့ စဥ့်ကူးနယ်မှာ တော်လှန်ရေးတပ်တွေကို တန်ပြန်ထိုးစစ်ဆင်ချိန်မှာ ပါဝင်ခဲ့ကြတာတွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်မြေပြင်မှာ သေဆုံးမှု များပြားလာတာ၊ တပ်ပြေး များပြားလာတာနဲ့ တပ်စိတ်ဓာတ် ပြိုကွဲနေတာတွေကြောင့် စစ်မြေပြင် မထွက်မီ ယခုကဲ့သို့ စိတ်ဓာတ် စစ်ဆင်ရေး ပြုလုပ်တာတွေ၊ အန္တရာယ်ကင်း အဆောင်တွေ ပေးပြီး စိတ်ဓာတ် မြှင့်တင်တာတွေ၊ ရှေ့တန်း ထွက်ခါနီးမှ လက်ပူတိုက်ပြီး အလွယ် စေလွှတ်စတဲ့ နည်းလမ်းမျိုးစုံ သုံးစွဲနေရကြောင်း စစ်ရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။
“မင်းအောင်လှိုင်တို့ မိသားစုအတွက် မင်းတို့ အသက်တွေ ပေးတာ တန်ရဲ့လားကို ယိုယ့်ကိုယ်ကို ပြန်မေးကြ” လို့ အထက်ပါ ဗီဒီယိုဖိုင်ကို ကြည့်ပြီး ပြည်သူတဦးက မှတ်ချက်ပြုပါတယ်။
အခြား ပြည်သူတဦးကလည်း “လက်စွပ်တကားကားနဲ့ ဆရာလုပ်အပြီးမှာ မသာလောင်းလေးတွေကို အဆောင်လေးတွေ ပေးလိုက်ကြတဲ့။ နိုင်ဦးမယ် ဒီစစ်ရေးတပ်” လို့ မှတ်ချက်ပြုထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ် ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာ စိုးသူရဇော်ကလည်း စစ်တပ်ဟာ နေရာတိုင်းမှာ အပြင်းအထန် အထိနာနေပြီး စစ်သား သစ်စု ဆောင်းခံရသူတွေ၊ ပေါ်တာ ဆွဲခံရသူတွေ စစ်တပ် လက်အောက်က ရုန်းထွက်ကြဖို့ အောက်တိုဘာလကုန်ပိုင်းမှာ တိုက်တွန်းပါတယ်။
“မိမိတို့ရဲ့ အသက်ကို စစ်အာဏာရှင်တွေအတွက် အလဟဿ အဆုံးရှုံး မခံဘဲ တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲပြီး ဒီတစ်ခါမှာ အပီ ရုန်းကြပါစို့” လို့ PDF စစ်ရုံးချုပ် တာဝန်ရှိသူက တိုက်တွန်းပါတယ်။
ဒါ့အပြင် လူငယ်တွေ အတင်းအဓမ္မ စစ်သား စုဆောင်းခံရအောင် ရှောင်ဖို့လည်း သူက တိုက်တွန်းပါတယ်။
“မတော်လို့ စုဆောင်းခံရရင်လည်း ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ လွတ်အောင် သာပြေးပါ။ ကိုယ့် လွတ်လမ်းကို ရအောင် မရှာနိုင်ဘဲ စစ်မြေပြင်ကို ရောက်လာပြီဆိုရင်လည်း တော်လှန်ရေးဘက်ကို ကူးပြောင်းပြီး လက်နက်ချပါ။ တိုက်ရည်ခိုက်ရည် အပုံကြီး ကွာနေတာကို ခံမတိုက်ပါနဲ့။ ခံတိုက်လို့ အသက် မရှင်နိုင်ပါဘူး။ လက်နက်ချမှသာလျှင် အသက် အာမခံချက် အပြည့်အဝ ရမှာ ဖြစ်ပါတယ်” လို့ ဒေါက်တာ စိုးသူရဇော်က ပြောပါတယ်။
ပြည်သူတွေ အနေနဲ့လည်း ကိုယ့်သားသမီး၊ ကိုယ့် သူငယ်ချင်း အတင်းအဓမ္မ စစ်သား စုဆောင်းခြင်း မခံရစေဖို့ ဝိုင်းပြီး စောင့်ရှောက်ပေးကြဖို့လည်း နှိုးဆော်ထားပါတယ်။




















































