Connect with us

Hi, what are you looking for?

နိုင်ငံတကာ

B-21 ဗုံးကြဲလေယာဉ်ရဲ့ လက်နက်စမ်းသပ်မှု အဆင့်ကို ရောက်နေပြီလို့ အမေရိကန်လေတပ် အတည်ပြု

အမေရိကန်ရဲ့ မျိုးဆက်သစ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်အသစ် B-21ဟာ လက်နက်တွေ လက်တွေ့ စမ်းသပ်ပစ်ခတ်တဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

ဓာတ်ပုံ - USAF

အမေရိကန်ရဲ့ မျိုးဆက်သစ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်အသစ် B-21ဟာ လက်နက်တွေ လက်တွေ့ စမ်းသပ်ပစ်ခတ်တဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

ဒါဟာ B-21တွေ အနေနဲ့ သမားရိုးကျ စစ်ဆင်ရေး ပျံသန်းမှု အဆင့်တွေ အားလုံး အောင်မြင်ပြီးဆုံးသွားပြီလို့ ယူဆနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ လေတပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ အက်ဒွပ် လေတပ်စခန်းမှာ ပြုလုပ်တဲ့ စမ်းသပ်မှုအတွင်း B-21 တစ်စီးဟာ သမားရိုးကျ စစ်လက်နက် တစ်မျိုးကို ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း ပါရှိခဲ့ပါတယ်။

နိုဝင်ဘာလ ပထမအပတ်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ် ပစ်ခတ်မှုမှာ ဘယ်လက်နက် အမျိုးအစားကို အသုံးပြုခဲ့သလဲ ဆိုတာကိုတော့ လေတပ်က တရားဝင် မထုတ်ပြန်ပါဘူး။

B-21တွေဟာ ရေဒါနဲ့ ထောက်လှမ်းရှာဖွေမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး သမားရိုးကျရော၊ နျူကလီးယား လက်နက်တွေကိုပါ ကိုင်တွယ်နိုင်မယ့် မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ B-2တွေဟာ ကမ္ဘာပေါ်မှာ ကိုယ်ပျောက်စွမ်းရည် ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ ဖြစ်ခဲ့ပြီး အခုတော့ အဲဒီ ဂန္ထဝင် လေယာဉ်ကြီးတွေ နေရာမှာ အစားထိုးဖို့ ပိုမို သစ်လွင်တဲ့၊ နည်းပညာပိုင်းမှာ အများကြီး ပိုသာလွန် ကောင်းမွန်လာတဲ့ B-21တွေကို အမေရိကန်က တီထွင်ထားတာပါ။

Northrop Grumman ကုမ္ပဏီရဲ့ လက်ရာ ဗုံးကြဲလေယာဉ်ကြီးတွေဟာ အမေရိကန် လေတပ်မှာ ၂၀၂၇ ခုနှစ်ကစပြီး အမှုထမ်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

B-2တွေဟာ အစွမ်းထက်သလောက် ပြုပြင်ထိန်းသိမ်းစရိတ် အရမ်းများသလို ထိန်းသိမ်းရတဲ့ အဆင့်တွေကလည်း ရှုပ်ထွေးပါတယ်။ ဒါကြောင့်လည်း အမေရိကန် လေတပ်ဟာ B-2တွေကို ၂၁ စီးသာ မှာယူခဲ့ပြီး B-52နဲ့ B-1တို့လို ကိုယ်ပျောက် နည်းပညာ မပါတဲ့ တခြား ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ တွဲဖက် အသုံးပြုခဲ့ပါတယ်။ B-21တွေကတော့ စျေးနှုန်းရော၊ ထိန်းသိမ်းစရိတ်ပါ ပိုသက်သာမှာ ဖြစ်သလို ထိန်းသိမ်းရတာလည်း ပိုလွယ်ကူမယ်လို့ ဆိုပါတယ်။ လေတပ်ဟာ အနိမ့်ဆုံး B-21 အစီး ၁၀၀ လောက် ဖြည့်တင်း ဝယ်ယူဖို့ လျာထားပါတယ်။

Raiderလို့ နာမည်ပြောင် ပေးထားတဲ့ B-21ကို မိတ်ဆက်ချိန်မှာ Northrop Grummanက ပထမဆုံး ဆဋ္ဌမမျိုးဆက် စစ်လေယာဉ် ဖြစ်လာမယ်လို့ ညွှန်းဆိုခဲ့ပါတယ်။ B-21တွေဟာ B-2တွေထက် ပိုသေးငယ် ကျစ်လစ်ပြီး ရေဒါနဲ့ ထောက်လှမ်းခံရနိုင်ခြေကို လျှော့ချဖို့ ပိုမို ကောင်းမွန် အဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ တည်ဆောက်ထားပါတယ်။ လေယာဉ်မှူး ၂ ဦးက ထိန်းချုပ် မောင်းနှင်ရမှာဖြစ်ပြီး လိုအပ်လာရင် လူမဲ့ပျံသန်းတဲ့ ဒရုန်းအဖြစ်ပါ အသုံးပြုနိုင်ဖို့ တည်ဆောက်ထားကြောင်း ကုမ္ပဏီက ဆိုပါတယ်။

B-2တွေလိုပဲ တာဝေးပျံသန်းနိုင်စွမ်းရှိပြီး ဗုံးကြဲဖို့၊ ဒုံးကျည်တွေ ပစ်ခတ်ဖို့ တိုက်ခိုက်ရေး မစ်ရှင်တွေ အတွက်သာ မကဘဲ ကင်းထောက်တာ၊ ရန်သူ့နယ်မြေကို ထောက်လှမ်းတာ၊ အီလက်ထရောနစ် တိုက်ခိုက်ရေး စနစ်တွေအတွက် အသုံးပြုတာ၊ တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေအတွက် ဝေဟင် စစ်ရေးကွပ်ကဲမှု ဌာနအဖြစ် တာဝန်ယူတာမျိုး ဘက်စုံ စစ်ရေး တာဝန်တွေကိုပါ B-21က ကိုင်တွယ်နိုင်မယ်လို့ သိရပါတယ်။

သုတေသနနဲ့ ထုတ်လုပ်မှု စရိတ်တွေ အားလုံးကို ခြုံငုံတွက်ချက်တဲ့အခါ B-2 တစ်စီးစီအတွက် ဒေါ်လာ သန်း ၂၁၀၀ လောက်ထိ ကုန်ကျခဲ့ပြီး ကာလပေါက်စျေးနဲ့ တွက်ရင်တော့ ဒေါ်လာ သန်း ၄၅၀၀ လောက်ထိ များပြားနိုင်ပါတယ်။ B-21တွေကတော့ တစ်စီးကို ဒေါ်လာ သန်း ၇၀၀ ဝန်းကျင်လောက်သာ ကျသင့်နိုင်ကြောင်းလည်း သိရပါတယ်။

ကိုးကား: TWZ

ဆက်စပ်သတင်းများ