Connect with us

Hi, what are you looking for?

သတင်း

မြန်မာ​ကြောင့် အာဆီယံမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာစေဖွယ်ရှိ

အဖွဲ့ဝင်နိုင်ငံတချို့ကမြန်မာနဲ့ဆက်ဆံရေး တိုးမြှင့်လာခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ထဲမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

(အာဆီယံ နိုင်ငံခြား​ရေးဝန်ကြီး​တွေ။ ဓါတ်ပုံ-Pool)

နိုဝင်ဘာ-၁၄၊၂၀၂၆။People’s Spring

အဖွဲ့ဝင်နိုင်ငံတချို့ကမြန်မာနဲ့ဆက်ဆံရေး တိုးမြှင့်လာခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ထဲမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အတုအယောင်ရွေးကောက်ပွဲတစ်ခုကနေ သမ္မတရာထူးကို ရယူပြီးတဲ့နောက် အာဆီယံ အဖွဲ့ဝင် ဒေသတွင်းနိုင်ငံတချို့နဲ့ ဆက်ဆံရေးကိုပြန်လည်မြှင့်တင်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ အဲဒီ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့ အာဆီယံ မူဝါဒကို ပြန်သုံးသပ်ဖို့ ဖိအားပေးလာနေတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာတော့မြန်မာကို ဖယ်ထုတ်ထားတဲ့ အဖွဲ့ရဲ့ သဘောတူ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ ညှိနှိုင်းကြဖွယ် ရှိပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံ ရှိတဲ့ထဲက ထက်ဝက်လောက်နဲ့ ညီမျှတဲ့လာအို၊ ထိုင်း၊ ဗီယက်နမ်၊ကမ္ဘောဒီးယားနဲ့ မလေးရှားတို့ဟာ မင်းအောင်လှိုင် သမ္မတ ဖြစ်လာတဲ့နောက်ပိုင်း တရားဝင် ခရီးစဉ်တွေ ဖိတ်ကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရင်က မင်းအောင်လှိုင်နဲ့ အာဏာသိမ်း စစ်တပ်အပေါ် သဘောထား တင်းမာခဲ့တဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကလည်း အောက်တိုဘာလတုန်းက မြန်မာကို အာဆီယံ အသိုက်အဝန်းထဲ ပြန်ခေါ်သွင်းဖို့ ကူညီမယ်လို့ အတိအလင်း ထုတ်ပြောခဲ့ပါတယ်။

ထိုင်းအစိုးရကတော့ မြန်မာနိုင်ငံအပေါ် အာဆီယံက ကန့်သတ်ထားတာတွေကို ဖြေလျှော့ပေးဖို့ ပွင့်ပွင့်လင်းလင်းပဲ ရှေ့နေလိုက်ပေးနေပါတယ်။အာဏာသိမ်းမြန်မာစစ်တပ်ဟာ မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့်အဖွဲ့ရဲ့ ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာ ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ပိတ်ပင်ထားတာပါ။

နိုဝင်ဘာ ၁၂ ရက်နေ့က နေပြည်တော်ကိုလာ ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက် ဖုန်ကက်ကောင်ကတော့အာဆီယံနိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကို တက်ရောက်ခွင့် ပြုသင့်တယ်လို့ ထိုင်းအစိုးရက ယုံကြည် လက်ခံထားကြောင်း ဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဘုံသဘောတူညီချက် ၅ ရပ်ကို လေးစား အကောင်အထည်ဖော်မှု မရှိခဲ့တဲ့ မြန်မာစစ်တပ်ကို အလွယ်တကူ လိုက်လျော လက်ခံလိုက်ဖို့ တွန့်ဆုတ်နေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ရှိနေပါတယ်။ တကယ်လို့ လက်ရှိ အခြေအနေအတိုင်း မြန်မာကို ပြန်လက်ခံလိုက်မယ်ဆိုရင် အာဆီယံရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်ကိုးစားရမှုတွေမှာ အကြီးအကျယ် ထိခိုက်သွားစေနိုင်ကြောင်း လေ့လာသူတွေကလည်း ထောက်ပြထားပါတယ်။

၂၀၂၈ ခုနှစ်မှာ ထိုင်းကအာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမယ့် အချိန်မတိုင်ခင် အာဆီယံမှာ မြန်မာကို ပြန်လည် လက်ခံဖို့အတွက် လုံလောက်တဲ့ တိုးတက်မှုတွေတွေ့မြင်လာရဖို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။

ဖိလစ်ပိုင်အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိဒေါမနစ် ဟာဗီယာ အင်ပီရီရယ်လ်ကတော့ လာမယ့် ထိပ်သီး အစည်းအဝေး အပြီးကျရင် မြန်မာကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ ပြန်လည် ညှိနှိုင်း သုံးသပ်ထားတဲ့ ပူးတွဲကြေညာချက်တစ်စောင်ကိုထုတ်ပြန်နိုင်ဖို့မျှော်လင့်ကြောင်းပြောကြားထားပါတယ်။

ဘန်ကောက်မြို့၊ ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ နိုင်ငံရေး သိပ္ပံပညာရှင် သီတီနန် ပေါင်ဆူဒီရတ်ကတော့ လက်ရှိ အခြေအနေအရ ဘုံသဘောတူညီမှု ၅ ရပ်အပေါ် အလေးပေးစဉ်းစားမှုဟာအလိုက်သင့် ပြောင်းလဲမှုတွေရဲ့ နောက်ကို ရောက်နေပြီလို့ သူယူဆကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ပြန်လည် စတင်ဖို့ ဆုံးဖြတ်ချက်ဟာ နယ်စပ်လုံခြုံရေးလို ကိစ္စတွေမှာ ထိထိရောက်ရောက် ဆွေးနွေးနိုင်စေဖို့အတွက် သေချာ ချိန်ဆ ဆန်းစစ်ထားတဲ့ အခင်းအကျင်း တစ်ခုလို့ ထိုင်းအစိုးရက အကြောင်းပြချက် ပေးခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီလုပ်ရပ်က တခြားအာဆီယံ နိုင်ငံတွေ အတွက်လည်း ထိုင်းရဲ့ လမ်းကြောင်းကို လိုက်ဖို့သွယ်ဝိုက်ဖိအားဝင်သွားစေခဲ့ကြောင်း သူက ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ အာဆီယံ အဖွဲ့ဝင်တွေဟာ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်ကို အလှည့်ကျ ဥက္ကဋ္ဌက ခန့်အပ်တဲ့အတိုင်း တစ်နှစ်တစ်ယောက် ပြောင်းနေမယ့်အစား အမြဲတမ်း တာဝန်ယူမယ့်သူ တစ်ယောက်ကို နေရာပေးဖို့လည်း စဉ်းစားလာနေကြောင်း အရှေ့တောင်အာရှ သံတမန်ရေး သတင်းရင်းမြစ် တစ်ယောက်က ပြောကြားခဲ့ပါတယ်။ မြန်မာကတော့ အဲဒီ ရာထူး ခန့်အပ်မှုကို အပြီးတိုင် ဖျက်သိမ်းဖို့ လိုလားနေပါတယ်။

စင်ကာပူ နိုင်ငံတကာရေးရာ အင်စတီကျုရဲ့ ဥက္ကဋ္ဌ ဆိုင်မွန်တေးကတော့အာဆီယံရဲ့ စုပေါင်းဆုံးဖြတ်ချက်က လောလောဆယ် မပြောင်းလဲသေးဘူး ဆိုရင်တောင်မှာ အဖွဲ့ဝင် နိုင်ငံတွေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကြား ဆက်ဆံရေး ပိုမိုနွေးထွေးလာခြင်းကဘုံသဘောတူညီချက် ၅ ရပ်အပေါ် အာဆီယံရဲ့ ဆုပ်ကိုင်ထားမှုကို ရေရှည်မှာ တိုက်စား ယိုင်နဲ့လာစေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အာဆီယံဟာ မြန်မာကို ပြန်လည် လက်ခံမယ် ဆိုရင်တောင် အဲဒီမတိုင်ခင်မှာ မြန်မာစစ်တပ် ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန် ထိတွေ့ ဆက်ဆံခွင့်ရရေး၊ ပြည်တွင်းမှာ ရန်လို အကြမ်းဖက်မှုတွေ လျှော့ချရေး၊ လူသားချင်း စာနာမှု အကူအညီတွေ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ပို့ဆောင်ခွင့်ရရေးဆိုတဲ့ ကိစ္စတွေကို ကြားကာလ ရည်မှန်းချက်တွေအဖြစ် တောင်းဆိုပြီး အကောင်အထည် ဖော်သင့်ကြောင်း သူက အကြံပြုခဲ့ပါတယ်။

အာဆီယံအနေနဲ့လက်တွေ့ကျတဲ့အပြောင်းအလဲတွေကိုမမြင်ရသေးခင်မြန်မာနဲ့ ပတ်သက်ပြီး အလျင်စလို ဆုံးဖြတ်တာတွေ မဖြစ်သင့်ကြောင်း၊ နိုင်ငံရေးအရ အသိအမှတ် ပြုတယ် ဆိုတာဟာ တိုးတက်မှုတွေကို တွေ့မြင်ရလို့တုံ့ပြန်တာမျိုးပဲဖြစ်သင့်ပြီးဘာတိုးတက်မှုမှ မရှိသေးဘဲ ကြိုတင်လက်ခံပေးတယ်ဆိုတာမျိုးက မဖြစ်သင့်ကြောင်း တေးက ပြောကြားသွားပါတယ်။

ဒါ​ပေမယ့် အာဆီယီအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကအာဆီယံတူညီဆန္ဒ ၅ရပ်အောက်ကနေ မြန်မာ့အရေးချဥ်းကပ်မှုအပေါ် လျှော့ပေါ့ပေးမှာမဟုတ်ကြောင်းနိုဝင်ဘာ ၁၄ မှာ ပြောပါတယ်။

နိုဝင်ဘာ၁၅ရက်မှာစတင်မယ့် ၄၉ ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမတိုင်မီနိုဝင်ဘာ ၁၄ရက် ညနေပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်က ​ပြောသွားတာပါ။

ကိုးကား-Reuters

ဆက်စပ်သတင်းများ