Connect with us

Hi, what are you looking for?

သတင်း

ဦးဆောင်မှုမှန်ပြီး လူထုကညီညွတ်စွာပါဝင်ရင် နွေဦးတော်လှန်ရေး ၂နှစ်အတွင်းအောင်မြင်မယ်လို့ ကိုရီးယားရောက် SCEF ကိုယ်စားလှယ်အဖွဲ့ ပြော

ဖက်ဒရယ်ဒီမိုကရေစီ‌ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့က ကိုရီးယားနိုင်ငံ မှာ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ရာ ဦးဆောင်မှုလည်း မှန်ကန်ပြီး ပြည်သူလူထုကလည်း စုစည်းညီညွတ်စွာ ပါဝင်ကြိုးစားကြမည်ဆိုပါက နွေဦးတော်လှန်ရေး ၂နှစ်အတွင်း မအောင်မြင်နိုင်စရာ မရှိကြောင်း SCEF ကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းဖြေကြားခဲ့တယ်လို့ ကိုရီးယားနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

(ဖက်ဒရယ်ဒီမိုကရေစီ‌ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲ လုပ်နေစဉ်။ ဓာတ်ပုံ - NUG Representative Office - Republic of Korea)

နိုဝင်ဘာ-၉၊ ၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီ‌ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့က ကိုရီးယားနိုင်ငံ မှာ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ရာ ဦးဆောင်မှုလည်း မှန်ကန်ပြီး ပြည်သူလူထုကလည်း စုစည်းညီညွတ်စွာ ပါဝင်ကြိုးစားကြမည်ဆိုပါက နွေဦးတော်လှန်ရေး ၂နှစ်အတွင်း မအောင်မြင်နိုင်စရာ မရှိကြောင်း SCEF ကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းဖြေကြားခဲ့တယ်လို့ ကိုရီးယားနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးက စီစဉ်တဲ့ SCEF ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲကို နိုဝင်ဘာ ၈ရက်က ကိုရီးယားနိုင်ငံ အင်ချွန်း ဘူဖျောင်းမြို့ခန်းမမှာ ကျင်းပခဲ့တာလို့ဆိုပါတယ်။

၄နာရီ ကြာမြင့်ခဲ့တဲ့ အဲဒီတွေ့ဆုံပွဲမှာ တော်လှန်ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေက သိလိုတဲ့ မေးခွန်းတွေ မေးမြန်းဆွေးနွေးတဲ့ ကဏ္ဍလည်း ပါဝင်ရာ မေးခွန်းများအနက် “နွေဦးတော်လှန်ရေး နှစ်နှစ်အတွင်း အောင်မြင်မလား” ဆိုတဲ့ မေးခွန်းအပေါ် SCEFက အထက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လူထုတွေ့ဆုံပွဲသို့ SCEFအတွင်းရေးမှူးအဖွဲ့ဝင်၊ NUG ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEFအတွင်းရေးမှူးအဖွဲ့ဝင်၊ KNPP အတွင်းရေးမှူး(၁)၊ Karenni IEC နိုင်ငံခြားရေးရာကော်မတီတာဝန်ခံ နဲနယ်ပလို၊ SCEFအတွင်းရေးမှူးအဖွဲ့ဝင်၊ CNF အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေး၊ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင်၊ NUG ပြည်ထောင်စု စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် တို့ တက်‌ရောက်ကာ ရှင်းလင်းဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာလို့ အသိပေးထားပါတယ်။

အဲဒီ လူထုတွေ့ဆုံပွဲ ကျင်းပမှုကို ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးက တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ SCEF တာဝန်ရှိသူတွေရဲ့ ရှင်းလင်းပြောကြားမှုကို တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှာ ဖော်ပြထားပြီး မေးခွန်းမေးမြန်းမှု ကဏ္ဍကိုတော့ တိုက်ရိုက်ထုတ်လွှင့်တာမျိုးမတွေ့ရပါဘူး။

SCEF ကိုယ်စားလှယ်အဖွဲ့ရဲ့ ရှင်းလင်းပြောကြားမှုအနက် ကရင်နီကိုယ်စားလှယ် နဲနယ်ပလိုက SCEF စုစည်းမှု ပိုမိုခိုင်မာအောင် ကြိုးပမ်းနေမှုနဲ့ စိန်ခေါ်မှုတွေအကြောင်း ပြောကြားခဲ့ပါတယ်။

SCEF ညီညွတ်ရေးက ဘယ်လောက်အထိ ခိုင်မာမှုရှိမလဲဆိုတဲ့ မေးခွန်းတွေရှိသလို တဖက်မှာလည်း SCEFက အဖွဲ့ဝင်တွေကို ဖဲ့ထုတ်ဖို့ ရန်သူအာဏာသိမ်းစစ်တပ်က နည်းဗျူဟာအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြောင်းကိုလည်း နဲနယ်ပလိုက အခုလို ရှင်းပြပါတယ်။

“SCEF အနေနဲ့ ကျနော်တို့က စုစည်းနေတယ်ဆိုပေမဲ့လည်း ကျနော်တို့ရဲ့ ရန်သူက ကျနော်တို့ကို ခွဲဖို့က အမြဲ တမ်းချောင်းနေတယ်။ အမြဲတမ်းလည်းကြိုးစားနေတယ်။ သူတို့က တိုက်ရိုက် စစ်ရေးဖိအားနဲ့ နိုင်ငံရေးဖိအားနဲ့ ခွဲတဲ့နည်းလမ်းရှိသလို အခြားနိုင်ငံရေးနည်းသုံးပြီးတော့ ကျနော်တို့ကို ဖဲ့ထုတ်လိုက်တဲ့ ဗျူဟာမျိုုးနဲ့သွားတာတွေလည်းရှိတယ်။ အထူးသဖြင့်အခုဆိုရင် တွေ့ဆုံဆွေးနွေးရေးဗျူဟာနဲ့ အတုအယောင်တွေ့ဆုံဆွေးနွေးရေးပေါ့။ ကျနော်တို့ကို လာချဉ်းကပ်တယ် SCEF အနေနဲ့ တခါမှမချဉ်းကပ်ဘူး အဖွဲ့ဝင် အဖွဲ့အစည်းတွေကို အသီးသီး ဖယ်ထုတ်ပြီး ချဉ်းကပ်တာတွေရှိပါတယ်။ ဒါတွေကိုလည်း SCEF အနေနဲ့ တွန်းလှန်ရပါမယ်” လို့ နဲနယ်ပလိုက ပြောကြားပါတယ်။

SCEF အထဲမှာ ညီညွတ်ရေးအတွက် မူဝါဒတွေအားလုံး တစုတစည်းချမှတ်တာ၊ မဟာဗျူဟာတွေဆိုလည်း အားလုံးကို ကိုယ်စားပြုတဲ့ မဟာဗျူဟာဖြစ်အောင် ချမှတာ ရှိတယ်လို့ အသိပေးပါတယ်။

“ကျနော်တို့ကို ခွဲထုတ်လို့မရအောင် ညီညွတ်တဲ့ ပေါ်လစီနဲ့ ညီညွတ်တဲ့မဟာဗျူဟာမျိုးနဲ့ တုန့်ပြန်သွားဖို့ အဲဒီလိုမျိုး ချမှတ်ထားတာ ရှိပါတယ်။” လို့ နဲနယ်ပလိုက ပြောကြားပါတယ်။

SCEF ကို NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ကနဦးစုဖွဲ့ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ကိုင်းနဲ့ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသ တို့က အဖွဲ့ဝင်တွေ ဖြစ်လာတာကြောင့် အဖွဲ့ဝင် ၉ဖွဲ့စုစည်းထားနိုင်ပြီဖြစ်ပါတယ်။

SCEF အနေနဲ့ စစ်ရေးနဲ့နိုင်ငံရေးအပါအဝင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဖြုတ်ချနိုင်ရေး လုပ်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်တည်ဆောက်ရေး၊ ဒီမိုကရေစီစနစ် ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ အဓိက ဦးဆောင်အဖွဲ့အစည်းတစ်ရပ်အဖြစ် လက်တွဲကြိုးပမ်းလျက်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတကာပါလီမန်က CRPHကို ဆက်အသိအမှတ်ပြုတာ၊ ကုလမှာ စစ်အုပ်စုကိုယ်စားပြုခွင့်မရတာ၊ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မရတာတွေနဲ့ စစ်အုပ်စုလိုချင်တဲ့ အသိအမှတ်ပြုမှု ရ၊မရ တိုင်းတာနိုင်ဟုဆို

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ မွန်အင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) တို့ အောက်တိုဘာ ၁၅ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း SRAက သတင်းထုတ်ပြန်ပါတယ်။