ကိုဗစ် ကပ်ရောဂါ ကာလတုန်းက ဝူဟန်မြို့ရဲ့ ပါတီအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူကို တရုတ် အဂတိ တိုက်ဖျက်ရေး အရာရှိတွေက စစ်ဆေးနေကြောင်း သိရပါတယ်။
ဝမ်ကျောက်လင်ဟာ ကျင့်ဝတ်စည်းကမ်းနဲ့ ဥပဒေဆိုင်ရာ ဆိုးရွားတဲ့ ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း ယူဆရလို့ စစ်ဆေးမေးမြန်း ခံနေရတာလို့ အဂတိ တိုက်ဖျက်ရေး ဌာနက နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အသုံးအနှုန်းဟာ တရုတ်မှာတော့ အဂတိ ကိစ္စကို ရည်ညွှန်းတာပါ။
သူဟာ တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့ရဲ့ ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ ခန့်အပ် ခံခဲ့ရပါတယ်။ ဟူပေပြည်နယ်ထဲက ဝူဟန်မြို့ဟာ ကိုဗစ်ကပ်ရောဂါရဲ့ မူလအစ နယ်မြေအဖြစ် မှတ်ယူနိုင်ပြီး ဝမ်ကို ရာထူး ခန့်အပ်ခြင်းဟာ ကပ်ရောဂါရဲ့ အစောပိုင်း နေ့ရက်တွေမှာ ဖြစ်ပါတယ်။
အဲဒီတုန်းက ဝူဟန်မြို့ရဲ့ ပါတီအကြီးအကဲဟောင်း မာကျောက်ချင်က ကပ်ရောဂါ အစောပိုင်းမှာ တာဝန်ရှိသူတွေရဲ့ ကိုင်တွယ်ပုံတွေကို ဝေဖန်ခဲ့တာကြောင့် ထုတ်ပယ် ခံခဲ့ရပြီး ဝမ်က အစားထိုး တာဝန်ယူခဲ့တာပါ။ အသက် ၆၄ နှစ် ရှိပြီဖြစ်တဲ့ ဝမ်ဟာ ဝူဟန်မြို့ရော၊ ဟူပေပြည်နယ်ရဲ့ ပါတီ အကြီးအကဲ တာဝန်တွေကိုပါ ထမ်းဆောင်ခဲ့ဖူးပါတယ်။

Public Service Announcement
ဝမ်ဟာ အာဏာရ ကွန်မြူနစ် ပါတီရဲ့ ဩဇာကြီးမားတဲ့ ဗဟိုကော်မတီမှာလည်း ပါဝင်ခွင့် ရခဲ့ပြီး ၂၀၂၁ မှာတော့ ဟူပေပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး၊ ၂၀၂၄ ခုနှစ်မှာတော့ ပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် အဆင့်ဆင့် ရာထူးတိုးပေးတာ ခံခဲ့ရပါတယ်။ ပြည်နယ်ရဲ့ ပါတီအကြီးအကဲ ဆိုတာက ဟူပေမှာ အမြင့်ဆုံး အုပ်ချုပ်ရေး ရာထူး ဖြစ်ပါတယ်။
နှစ်ဆန်းပိုင်းမှာတော့ သူဟာ တကယ်တမ်း လုပ်ပိုင်ခွင့် ပြည့်ဝတဲ့ အဲဒီလို ရာထူးမျိုးကနေ ဖယ်ထုတ်ခံရပြီး ပါတီရဲ့ မူဝါဒတွေကို တံဆိပ်တုံးထု အတည်ပြုပေးရုံ အဆင့်လောက်သာရှိတဲ့ လွှတ်တော်ထဲမှာ ရာထူးကြီးတစ်ခု ရရှိခဲ့ပါတယ်။ အခုတော့ ဝမ်ဟာ အဂတိမှုအတွက် စစ်ဆေး ခံနေရပါပြီ။
ကိုဗစ်ကပ်ရောဂါ ကာလတုန်းက ဟူပေပြည်နယ်ထဲမှာ တာဝန်ယူခဲ့ရတဲ့ တခြား အုပ်ချုပ်ရေး အရာရှိတချို့လည်း စုံစမ်းစစ်ဆေး ခံရတာ၊ ရာထူးကနေ ရှင်းလင်းဖယ်ရှား ခံရတာတွေ ကြုံခဲ့ရပြီး ဖြစ်ပါတယ်။
နောက်ထပ် ပြည်နယ် အကြီးအကဲဟောင်း တစ်ဦးဖြစ်သူ ကျိုင်ချောင်လင့်ဟာ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်အတွက် ဩဂုတ်လမှာ ဆိုင်းငံ့သေဒဏ် ချမှတ် ခံခဲ့ရပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဝမ်ရှောင်တောင်းအတွက် စစ်ဆေးမှုတွေကတော့ မေလမှာ စတင်ခဲ့ပါတယ်။ ဝူဟန် မြို့တော်ဝန်ဟောင်း ကျူရှင့်ဝမ်ဟာလည်း အောက်တိုဘာလတုန်းက အကျင့်ပျက် ခြစားမှု စွပ်စွဲချက်အတွက် ထောင်ဒဏ် ၁၄ နှစ် ချမှတ် ခံခဲ့ရပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ အဂတိ တိုက်ဖျက်ရေးဆိုတဲ့ အကြောင်းပြချက်ကြောင့် ပါတီနဲ့ စစ်ဘက်၊ အရပ်ဖက် အရာရှိတွေ အများအပြား ရာထူးကနေ ဖယ်ရှားရှင်းလင်း ခံခဲ့ရပါတယ်။ နိုင်ငံရေး အကဲခတ် အများအပြားကတော့ ရှီဟာ ပြိုင်ဘက်တွေ၊ နိုင်ငံရေး ဆူးညှောင့်အန္တရာယ်တွေကို ရှင်းလင်းဖို့ အဂတိ တိုက်ဖျက်ရေး ဆိုတာကို အကြောင်းပြချက် တစ်ခုအနေနဲ့ အသုံးချနေတာ ဖြစ်တယ်လို့ စွပ်စွဲထားကြပါတယ်။
ကိုးကား: Reuters




















































