People’s Spring
လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုအတွင်း တရုတ်ရဲ့ စီးပွားရေးက မြန်မြန်ဆန်ဆန် ဖွံ့ဖြိုး တိုးတက်လာသလို စစ်အင်အားကိုလည်း အဆောတလျင် ချဲ့ထွင်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တရုတ်ဟာ ဒေသတွင်း အင်အားကြီး နိုင်ငံအဖြစ်ကနေ ကမ္ဘာ့ စူပါပါဝါ နိုင်ငံအဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။
၂၀၂၃ ခုနှစ်တုန်းက ‘တရုတ် ပြည်သူ့သမ္မတ နိုင်ငံရဲ့ စစ်ရေးနဲ့ လုံခြုံရေး ဖွံ့ဖြိုးမှုများ’ နှစ်ပတ်လည် အစီရင်ခံစာမှာတော့ တရုတ်ကသာ နိုင်ငံတကာ အခင်းအကျင်းတွေကို အမှန်တကယ် ပြောင်းလဲနိုင်စွမ်း ရှိလောက်အောင် အမေရိကန်ကို ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ဘက်လို့ အသိအမှတ် ပြုထားပြီး စူပါပါဝါ နိုင်ငံတစ်ခုဆိုတဲ့ သတ်မှတ်ချက်ကို ပိုမို ခိုင်မာစေခဲ့ပါတယ်။
တရုတ် အစိုးရဟာ နိုင်ငံတကာ ရပ်ဝန်းမှာ ဩဇာလွှမ်းမိုးမှုကို တည်ဆောက်ဖို့အတွက် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (BRI) စီမံကိန်းကို အထူးတလည် အလေးထား မျှော်လင့်ခဲ့ပါတယ်။ BRIရဲ့ ရည်ရွယ်ချက်ဟာ တရုတ်ရဲ့ လက်ရှိ တိုးတက်မှုနဲ့ ကြီးထွားလာမှု အရှိန်အဟုန်ကို ဆက်ထိန်းပေးမယ့် နိုင်ငံတကာ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ကုန်သွယ်ရေး ကွန်ရက်တွေ ဖြန့်ကျက်စေဖို့ ဖြစ်ပါတယ်။ အဲဒီ မဟာဗျူဟာက တရုတ်ရဲ့ စစ်ရေးနဲ့ အရပ်ဖက် ဟန်ချက်ညီ ပေါင်းစည်းရေး (MCF) အတွေးအမြင်နဲ့ ယှက်နွှယ်နေပြန်ပါတယ်။ MCFဟာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုက စစ်ရေး အင်အား ချဲ့ထွင်မှုနဲ့ တပြိုင်တည်း အားကောင်းမောင်းသန် ဖြစ်နေစေဖို့ပါပဲ။
BRIကို အကောင်အထည် ဖော်ရာမှာ အဓိက စီးပွားရေး စင်္ကြံတွေလို့ ခွဲခြားသတ်မှတ်ထားတဲ့ ဇုန် ၆ ခု ရှိပါတယ်။ အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM)ဆိုတဲ့ ဇုန်လည်း ပါဝင်ပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC)လို့ နာမည်ပြောင်းခဲ့ပြီး BRIရဲ့ အချက်အခြာ အကျဆုံး အစိတ်အပိုင်း တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ CMECဟာ တရုတ်ရဲ့ ယူနန်ပြည်နယ်ကို မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ထဲမှာ တရုတ်က တည်ဆောက်ထားတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ဆက်သွယ်ပေးထားတယ်။ တစ်နည်းအားဖြင့် CMECကြောင့် တရုတ်ဟာ ဘင်္ဂလားပင်လယ်အော်ဆီ တိုက်ရိုက် ချိတ်ဆက်ထားနိုင်ပါတယ်။
တရုတ်ဟာ ပြည်ပကနေ ရေနံတွေကို တင်သွင်းတဲ့ အခါမှာ မလက္ကာ ရေလက်ကြားကနေ ခရီးရှည်ကြီး ပတ်ပြီး သယ်ဆောင်ရလေ့ ရှိတယ်။ အဲဒီအခြေအနေကို မလက္ကာ အကျပ်အတည်းလို့ ခေါ်ဝေါ်လေ့ရှိပြီး တရုတ်က ကျော်လွှား ဖြေရှင်းဖို့ ကြိုးစားနေခဲ့တာ ကြာပါပြီ။ CMECဟာ မလက္ကာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး တရုတ်အတွက် အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာခဲ့ပါတယ်။ တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို အဆက်မပြတ်အောင် ပံ့ပိုးပေးမယ့် စွမ်းအင်နဲ့ သဘာဝ အရင်းအမြစ်တွေ တည်တည်ငြိမ်ငြိမ် စီးဝင်မှုမှာ CMECက အရမ်း အရေးပါလာပါတယ်။ နောက်ပြီး အဲဒီစင်္ကြံဇုန်ဟာ တရုတ်ရဲ့ ပုလဲသွယ်ကြိုးလို့ ခေါ်ဝေါ်တဲ့ မဟာဗျူဟာနဲ့လည်း အကျုံးဝင်နေပြန်တယ်။ အဲဒါကတော့ အိန္ဒိယ သမုဒ္ဒရာဖက်နဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်တစ်ခုကို ဖန်တီးခြင်းကို ဆိုလိုပါတယ်။
ဒီအချက်တွေကို ကြည့်မယ်ဆိုရင် တရုတ်ဟာ CMEC ပုံမှန် ချောချောမွေ့မွေ့ လည်ပတ်နိုင်စေရေးအတွက် မြန်မာအပေါ် ဩဇာလွှမ်းမိုးထားဖို့ လိုအပ်တယ်ဆိုတာ အလွယ်တကူ ကောက်ချက် ချနိုင်ပါတယ်။ မြန်မာနိုင်ငံကို ဘယ်သူက အုပ်ချုပ်နေသလဲ ဆိုတာဟာ တရုတ်အတွက် အရေးမကြီးပါဘူး။ ခက်တာက မကြာသေးခင် ကာလတွေအတွင်း ဖြစ်ပျက်ပြောင်းလဲလာတဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင် တရုတ်ဟာ မှားယွင်းတဲ့ လောင်းကြေးမျိုး ထပ်မိနေပုံ ပေါ်နေပါတယ်။
သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် တရုတ်ဟာ မြန်မာနိုင်ငံအပေါ် ဩဇာဖြန့်ကျက်ဖို့အတွက် မြန်မာစစ်တပ်ကိုရော၊ တရုတ်နဲ့ နယ်စပ်တလျှောက်မှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း (ERO)တွေကိုပါ တပြိုင်တည်း အထောက်အပံ့ပေးပြီး ဟန်ချက် ထိန်းညှိထားခဲ့ပါတယ်။
EROတွေဟာ သက်ဆိုင်ရာ ဒေသအသီးသီးမှာ ပိုမိုအားကောင်းတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် ဆယ်စုနှစ်အဆက်ဆက် တိုက်ပွဲဝင်နေခဲ့သလို တရုတ်ကလည်း စစ်တပ်နဲ့ EROတွေကြားမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေအတွက် ကြားဝင် ညှိနှိုင်းတာတွေ ရှိခဲ့တယ်။ အဲဒီနည်းနဲ့ တရုတ်ဟာ ဒေသတွင်းမှာ ရှိနေတဲ့ ကုန်သွယ်ရေး ပတ်ဝန်းကျင် အခြေအနေ တည်ငြိမ်အောင်၊ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်နိုင်အောင် စီမံခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ အစောပိုင်းမှာ တရုတ်ဟာ မြန်မာစစ်တပ်ကို အတိအလင်း ထောက်ခံတာမျိုး မလုပ်ဘဲ ထိန်းထိန်းသိမ်းသိမ်း ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့ နွေဦးတော်လှန်ရေးက အရှိန်ရလာပြီး စစ်မြေပြင် အနေအထားမှာ အရွေ့တချို့ ရှိလာတဲ့အခါ တရုတ်ရဲ့ ရပ်တည်မှုကလည်း ဆင့်ကဲ ပြောင်းလဲလာခဲ့ပါတယ်။
နွေဦးတော်လှန်ရေးနဲ့အတူ နိုင်ငံအနှံ့မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အဖွဲ့တွေ အသီးသီး ပေါ်ပေါက်လာတဲ့အခါ စစ်တပ်အတွက် ဗျာများလာပါတော့တယ်။ မြန်မာစစ်တပ်ဟာ EROတွေကိုရော၊ PDFကိုပါ တပြိုင်တည်း စစ်ခင်းတိုက်ခိုက်ရင်း လုံးပါးပါးလာခဲ့ပါတယ်။
အကြီးစား အလှည့်အပြောင်း တစ်ခုကတော့ အော်ပရေးရှင်း ၁၀၂၇ ပဲဖြစ်ပါတယ်။ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ထိုးစစ်ကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ အာရက္ခ တပ်တော်ကလည်း ရခိုင်ပြည်နယ်မှာ စစ်ရေးအသာစီး ရလာပြီး နယ်မြေတွေ ဆက်တိုက် သိမ်းပိုက်လာနိုင်ခဲ့တယ်။ AAရဲ့ သိမ်းပိုက်နယ်မြေတွေထဲမှာ မဟာဗျူဟာမြောက် ကျောက်ဖြူဆိပ်ကမ်း ပတ်ပတ်လည်က နယ်မြေတွေလည်း ပါဝင်လာပါတယ်။ ကချင်ပြည်နယ်ဖက်ကို ကြည့်ပြန်တော့လည်း စစ်တပ်အပေါ် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)က မကြုံစဖူး စစ်ရေးအောင်ပွဲတွေ ရယူပြနေပြန်တယ်။
ဒီလိုအရွေ့တွေကို မြင်လာရတဲ့ အခါမှာ တရုတ်ဟာ မြန်မာ့အရေးမှာ ချဉ်းကပ်ပုံ နည်းလမ်းကို ပြောင်းပစ်လိုက်ပြီး အာဏာသိမ်း စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ပဲ ထောက်ခံလာပါတော့တယ်။ ဒီအလှည့်အပြောင်းကို ၂၀၂၄ ခုနှစ်မှာ တရုတ် နိုင်ငံခြားရေး ဝမ်ယိရဲ့ နေပြည်တော် အလည်အပတ် ခရီးစဉ်နဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံဆီ ဖိတ်ကြားမှုတွေအရ မြင်နိုင်ပါတယ်။
တရုတ်ဟာ နယ်စပ် ကုန်သွယ်ရေး ဂိတ်တွေကို ပိတ်ပစ်တာမျိုး နည်းတွေကို သုံးပြီး နယ်စပ်တလျှောက်မှာ ရှိနေတဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့လို EROတွေကို ဖိအားပေးလာတယ်။ အဲဒီ EROတွေကို တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ NUGရဲ့ တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ PDFတွေနဲ့ ပူးပေါင်းတာမျိုး မလုပ်ဖို့လည်း ဖိအားတွေ ပေးလာခဲ့တယ်။
ဒါတင် မကသေးဘဲ တရုတ်ဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဂ္ဂလိက လုံခြုံရေး တပ်ဖွဲ့တွေ ဖြန့်ကျက်ထားရှိဖို့ သဘောတူခဲ့တယ်။ ဒါဟာ ရုရှားရဲ့ ကြေးစားတပ်ဖြစ်တဲ့ Wangerနဲ့ သဘောတရားချင်း အတော်ဆင်တူပါတယ်။
ဒါပေမဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကို ထောက်ခံရပ်တည်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် တရုတ်ဟာ ရေရှည် ဆိုးကျိုးတွေနဲ့ ကြုံလာနိုင်ပါတယ်။ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ဟာ ဒယိမ်းဒယိုင်နဲ့ ရှေ့ဆက်ရင်း ပြိုကျလုလု ဖြစ်နေပါတယ်။ ဘယ်အချိန် ပြိုကျသွားမလဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။ တရုတ်နဲ့ နယ်စပ်မှာ အခြေစိုက်တာမျိုး မဟုတ်တဲ့ EROတွေ၊ AAအပြင် ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDF)နဲ့ ချင်းတိုင်းရင်းသား တပ်တွေအပေါ် တရုတ်ရဲ့ တိုက်ရိုက် ဩဇာ သက်ရောက်နိုင်စွမ်းက လက်လှမ်းမီဖို့ ခက်ပါတယ်။
တရုတ်နယ်စပ် အခြေစိုက် TNLAနဲ့ MNDAAတို့တောင်မှ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ ရှိခဲ့ရာကနေ အာဏာသိမ်း စစ်တပ်နဲ့ ဆက်လက် တိုက်ခိုက်နေပါတယ်။ အဲဒီ အခြေအနေကလည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေကို စစ်တပ်က လေးစားလိုက်နာမှု မရှိဘဲ အကြိမ်ကြိမ် ချိုးဖောက်မှုတွေကြောင့် ယုံကြည်မှုတွေ တိုက်စားလျော့ပါးသွားလို့ပဲ ဖြစ်ပါတယ်။
နောက်ပြီးတော့ EROတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လုံခြုံရေးတွေအတွက်ဆိုရင် ဘယ်လို စစ်အစိုးရမျိုးရဲ့ လက်အောက်မှာမှ ယုံကြည်စိတ်ချရတဲ့ အာမခံချက်မျိုး မရှိနိုင်မှန်း သဘောပေါက်ထားကြပါတယ်။ အဲဒီ လိုလားချက်တွေအတွက် အကောင်းဆုံးသော အခွင့်အရေးကတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးသာ ဖြစ်တယ်လို့ အဖွဲ့အစည်း အများစုက လက်ခံထားပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ EROတွေနဲ့ NUGကြားမှာ အဲဒီအခြေအနေအတွက် ဘုံသဘောတူညီချက် မူကြမ်းအဆင့်လောက် ရထားပြီလို့ ယူဆရပါတယ်။ ဒါပေမဲ့ ပထဝီဝင် နိုင်ငံရေး အခြေအနေတွေရဲ့ ထိလွယ်ရှလွယ် သဘောတရားအရ တရားဝင် ကြေညာချက် ထွက်ပေါ်လာဖို့ နှောင့်နှေးမှုတွေ ရှိနိုင်ပါတယ်။
နောက်ပြီး အာဏာသိမ်း စစ်တပ်ဟာ မြန်မာပြည်သူတွေကြားမှာ အင်မတန်မှ လူမုန်းများပါတယ်။ အာဏာကို တရားမဝင် နည်းလမ်းတွေနဲ့ သိမ်းယူထားရုံသာ မကဘဲ စစ်တပ် အုပ်စိုးမှုအောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းတွေက ပြည်သူအများစု တောင့်ခံနိုင်ဖို့ ခက်ခဲလောက်အောင် အရမ်းဆိုးရွားလာပါတယ်။ နှစ်ပေါင်း ၆၀ လောက်အတွင်း ပထမဆုံးလို့ ပြောရလောက်အောင် မြန်မာစစ်တပ်ဟာ မြေပြန့်နေ လူများစု တိုင်းရင်းသား ဗမာတွေရဲ့ တူးတူးခါးခါး စက်ဆုပ်မုန်းတီးမှုကိုပါ ခံလာရပါတယ်။
တခြားတစ်ဖက်မှာတော့ NUGဟာ တရုတ်နဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုမျိုးကို ဦးတည်နေပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တုန်းက တရုတ်နဲ့ ပတ်သက်တဲ့ သဘောထား ရပ်တည်ချက် ၁၀ ရပ်ကို NUGက ကြေညာခဲ့ချိန်မှာ NUGဟာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ် ပေးသွားမယ် ဆိုတာကို အတိအလင်း ဖော်ပြခဲ့ဖူးပါတယ်။
ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုတွေ ရရှိထားပြီးဖြစ်တဲ့ NUGနဲ့ လက်တွဲရပ်တည်မယ်ဆိုရင် မြန်မာ့နိုင်ငံရေး အခြေအနေကို တည်ငြိမ်စေရုံသာ မကဘဲ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကောင်းကျိုးဖြစ်ထွန်းမယ့် ပတ်ဝန်းကျင်မျိုးကိုပါ ဖန်တီးနိုင်ပါလိမ့်မယ်။ ဒါဟာ တရုတ်ရဲ့ BRI ရည်မှန်းချက်တွေကိုပါ အားကောင်းလာအောင် ကူညီနိုင်မှာပါ။ ဒါ့အပြင် အာဏာသိမ်း စစ်တပ်ကို အဖက်လုပ်ပြီး မဆက်ဆံချင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေဆီကနေ တရုတ်က အမှတ်တွေ ပိုရလာနိုင်ပါတယ်။
မင်းအောင်လှိုင်ဟာ တရုတ်အတွက် ယုံကြည်ထိုက်တဲ့ မဟာမိတ်မျိုး မဟုတ်ပါဘူး။ သူဟာ တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့အတွက် ရုရှားနဲ့ ပလူးပလဲ လုပ်ခဲ့ဖူးပါသေးတယ်။ သူ့လိုအပ်ချက်တွေကို ရုရှားက ဖြည့်ဆည်းပေးနိုင်စွမ်း မရှိတာ သေချာသွားမှသာ တရုတ်ဆီ ပြန်ပြေးကပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း အမျိုးသားရေး ဝါဒီတွေက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ဆောင်ကြဖို့ သူကိုယ်တိုင်ပဲ ခိုးကြောင်ခိုးဝှက် မြှောက်ပေးခဲ့ဖူးပါတယ်။ ဒီအခြေအနေတွက သူ့ရဲ့ ကောက်ကျစ်တဲ့ စိတ်သဘောကို ထင်ဟပ် မြင်သာစေပါတယ်။
မြန်မာစစ်တပ်ဟာ သမိုင်းကြောင်းအရဆိုရင် တရုတ်အပေါ် ခါးသီးတင်းမာတဲ့ သဘောထားမျိုး ရှိခဲ့ပါတယ်။ ဒါကလည်း ၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း တရုတ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ (CPB)နဲ့ မြန်မာစစ်တပ်ကြား အပြင်းအထန် စစ်ခင်းတိုက်ခိုက်ခဲ့ကြတာကြောင့် ဖြစ်ပါတယ်။
သဘောထား တင်းမာသူ တစ်ယောက်အဖြစ် သတ်မှတ်ခံရတဲ့ ဒေါ်နယ်လ်ထရမ့်က အမေရိကန် အစိုးရကို ဦးဆောင်လာမယ့် အချိန်မှာ တရုတ်ဟာ နိုင်ငံတကာ မဟာမိတ်တွေ ဖြန့်ကျက် ရရှိနိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ပေါ်ထွန်းလာနိုင်ပါတယ်။ အာဏာသိမ်း စစ်တပ်နဲ့ ယှဉ်ရင် လူထုယုံကြည် အပ်နှင်းမှုနဲ့ တရားဝင်မှုတွေ ပိုပြီး ကြီးကြီးမားမား ပိုင်ဆိုင်ထားတဲ့ NUGနဲ့ ပူးပေါင်းမယ်ဆိုရင် တရုတ်ရဲ့ နိုင်ငံတကာ ပုံရိပ်နဲ့ ဂုဏ်သတင်းက ပိုမို မွှေးပျံ့လာနိုင်ပါတယ်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်မှု နှစ် ၁၀၀ ပြည့်မယ့် ၂၀၄၉ ခုနှစ်ကျရင် ခေတ်မီတိုးတက်တဲ့ စူပါပါဝါ နိုင်ငံကြီးအဖြစ် အခြေခိုင်ခိုင် ရပ်တည်နေဖို့ ရည်ရွယ်ချက်ကို တရုတ်က လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုရင် ရေတို ဖြေရှင်းချက်ထက် ရေရှည် မဟာဗျူဟာတွေကို ဦးစားပေး ရွေးချယ်ဖို့ လိုပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် လက်ရှိ အာဏာသိမ်း စစ်ကောင်စီလိုမျိုး လူထုထောက်ခံမှု မရှိတဲ့ အစုအဖွဲ့တွေဟာ ရေရှည် ရပ်တည်နိုင်ဖို့ မလွယ်ပါဘူး။
ငရုတ်သီးနဲ့ ပေါင်းရင်တော့ ကြက်သွန်ဟာ အထောင်းခံရမှာပါပဲ။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ လက်ရှိ ရပ်တည်ချက်ကို မပြောင်းလဲဘူးဆိုရင် တရုတ်ဟာ မြန်မာပြည်သူတွေရဲ့ အမြင်ကြည်မှု၊ လေးစားထောက်ခံမှုကို ရရှိလာမယ့် အခွင့်အရေးကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။
ဒါဟာ တရုတ်အတွက် ထိရောက်တိကျတဲ့ ဆုံးဖြတ်ချက်တွေ ရွေးချယ်ချမှတ်ရမယ့် အချိန်ပါပဲ။ ပြိုဆင်းနေတဲ့ စစ်တပ်နဲ့ ခပ်ကင်းကင်းနေပြီး NUGကို ထွေးပွေ့ လက်ကမ်းခြင်းအားဖြင့် တရုတ်ဟာ ကမ္ဘာ့စင်မြင့်မှာ ပိုပြီး အမြင်တင့်လာမှာ ဖြစ်သလို ကိုယ်တိုင်အတွက်ရော၊ မြန်မာနိုင်ငံ အတွက်ပါ ပိုပြီးတည်ငြိမ်တဲ့၊ သာယာဝပြောတဲ့ အနာဂတ်မျိုးကို ဖန်တီးရယူပေးနိုင်မှာ ဖြစ်ပါတယ်။
ပြင်သစ် ဂန္ထဝင် စာရေးဆရာကြီး ဗောလ်တိုင်ရာရဲ့ ဘယ်တော့မှ အိုဟောင်းမသွားတဲ့ ပညာဉာဏ် ပြည့်ဝလွန်းတဲ့ စကားတစ်ခွန်းကို တရုတ်က အမှတ်ရသင့်ပါတယ်။
‘With great power comes great responsibility’ ဆိုတဲ့ စကားပါပဲ။
(Asia Timesမှာဆောင်းပါးရှင် Than N Oo ရဲ့ China backing wrong side in Myanmar’s civil war ဆောင်းပါးကို ဘာသာပြန်ဆိုသည်)