စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ICCရှေ့နေများလျှောက်ထားအပြီး ၃ရက်အကြာတွင် ကျောက်မဲမြို့၌ လူအစုလိုက်၊အပြုံလိုက်သေစေရန် ပေါင် ၅၀၀ ဗုံးကြဲခြင်းဖြစ်
ထားမြတ်/People’s Spring
စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံခရီးစဉ်မှ ပြန်လာပြီးနောက်ပိုင်း စစ်ကောင်စီက တအာင်းတပ်မတော်(TNLA) ထိန်းချုပ်မြို့ရွာများလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄၀ဦးသေဆုံးပြီး ၈၀ကျော် ဒဏ်ရာရခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLAက မြို့ ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံခရီးစဉ်မှ ပြန်လာသည့် နိုဝင်ဘာ ၁၀ရက်နောက်ပိုင်းတွင် မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ကျောက်မဲ မြို့များရှိ ပြည်သူလူထုများနေထိုင်ရာကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ စစ်ကောင်စီက ကျူးလွန်ခဲ့သည်။ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီက အကြိမ်ကြိမ်လေကြောင်း တိုက်ခိုက်ခဲ့သည်ကိုလည်းတွေ့ရသည်။
ယမန်နေ့ (နိုဝင်ဘာ ၃၀ရက်)တွင် ကျောက်မဲမြိုကို လေကြောင်းတိုက်ခိုက်ရာ ဒေသခံ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့ပြီး နေအိမ် ၉လုံး ပျက်စီးခဲ့သည်။
စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ် ခေါင်းဆောင်မင်းအောင်လှိုင်အား အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး(ICC)၏ ရှေ့နေများက ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားအပြီး ၃ရက်အကြာတွင် ကျောက်မဲမြို့၌ လူအစုလိုက်၊အပြုံလိုက် သေဆုံးစေရန် ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် TNLAက စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ချက် တရားဝင်ထုတ်ပြန်ပြီး ငါးရက်အကြာတွင် စစ်ကောင်စီက လူအစုလိုက်၊ အပြုံလိုက်သေဆုံးအောင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
TNLAသည် နိုဝင်ဘာ ၂၅ရက်တွင် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်းသဘောထား ထုတ်ပြန်ခဲ့ရာ တိုက်ပွဲများနှင့် စစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်မှု ကြောင့်စစ်ဘေးဒဏ်ဆိုးရွားစွာခံနေရသည့် ဒေသခံများ၏ အကျိုးကို ငဲ့ညှာ၍ လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံ အစိုးရ၏ ကြိုးပမ်းမှုကို လေးစား အသိအမှတ်ပြု၍သော်လည်းကောင်း နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိဟု ဖော်ပြခဲ့သည်။
ထိုသို့ ကြေညာပြီးနောက် စစ်ကောင်စီသည် တအာင်းနယ်မြေသို့ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများဆက်လက်ပြုလုပ်ခဲ့သည်။
ယင်းမတိုင်မီကလည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် မိုးကုတ်မြို့တွင် ပြည်သူ ၉ဦး သေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့ပြီး နောင်ချိုမြို့တွင်လည်း ပြည်သူ ၁၈ဦးထက်မနည်းသေဆုံးကာ ၃၄ဦး ဒဏ်ရာရခဲ့သည်။ မိုင်းငေါ့တွင် ပြည်သူ ၅ဦး ဒဏ်ရာရခဲ့ပြီး ကွတ်ခိုင်မြို့တွင် ပြည်သူ ၃ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့သည်။
နိုဝင်ဘာ ၁၇ရက်တွင် စစ်ကောင်စီက ကွတ်ခိုင် မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် အပါအဝင် ၃ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိကာ နေအိမ် ၈လုံး ပျက်စီးခဲ့သည်။
နိုဝင်ဘာ ၁၇ရက်တွင် မိုင်းငေါ့မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၅ဦး ဒဏ်ရာရရှိခဲ့သည်။ မိုင်းငေါ့လေကြောင်း တိုက်ခိုက်ခံရမှုတွင် နေအိမ် ၁၅လုံးပျက်စီးခဲ့သည်။
မိုးကုတ်မြို့ကိုလည်း စစ်ကောင်စီက နိုဝင်ဘာ ၁၁ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၉ဦးသေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ် ၁၀လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။
နောင်ချိုမြို့တွင် စစ်ကောင်စီက နိုဝင်ဘာ ၁၂ရက်က လန်းဆန်းလက်ဖက်ရည်ဆိုင်ကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ဦး သေဆုံးပြီး ၁၁ဦးဒဏ်ရရှိခဲ့သည်။ နေအိမ် ၄လုံး အပါအဝင် ခရီးသည်တင်ကားများပျက်စီးခဲ့သည်။ ယင်းဖြစ်စဉ်အပါအဝင် နောင်ချိုမြို့နယ်တွင် နိုဝင်ဘာအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး အသုံးပြုပြီး ပြည်သူများရှိရာသို့ ဦးတည် တိုက်ခိုက်ခဲ့၍ ဒေသခံ ၁၈ဦး သေဆုံးကာ ၃၄ဦးဒဏ်ရာရခဲ့သည်။
သေဆုံးသူများထဲတွင် သံဃာတော်အချို့လည်း ပါဝင်သည်။
လေကြောင်းတိုက်ခိုက်ပြီး စစ်ရေးအရဖိအားပေးနေသည့်အပြင် စစ်ကောင်စီသည် TNLA နယ်မြေများအတွင်း အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီ သယ်ယူခွင့်ကို ကန့်သတ်ပိတ်ပင်ထားသည်။
စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားသကဲ့သို့ တရုတ်အစိုးရကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေများရှိ နယ်စပ် ဂိတ်များပိတ်ကာ စားသောက်ကုန် ၊ ဆေးဝါးနှင့် စက်သုံးဆီများ အပါအဝင် ကုန်စည်များ သယ်ယူခွင့် ပိတ်ဆို့ဖြတ်တောက်ထားသည်။
တရုတ်အစိုးရအနေဖြင့် TNLAအပါအဝင် တိုင်းရင်းသားတပ်ဖွဲ့များအား စစ်ကောင်စီကို မတိုက်ရန် ဖိအားပေးခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသော်လည်း စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မှု အပေါ် တစုံတရာ ပြောဆိုခြင်းမပြုပေ။
စစ်ကောင်စီတပ်သည် TNLAထိန်းချုပ်နယ်မြေများသာမက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်မြို့ရွာများကိုလည်းလေကြောင်းတိုက်ခိုက်ခဲ့၍ ကလေးငယ်များ အပါအဝင် အရပ်သား ပြည်သူများသေဆုံးထိခိုက်ခဲ့ရသည်။
နိုဝင်ဘာ ၁၅ရက်တွင် မိုးမောက်မြို့နယ်ကုန်းလောရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးင် ၇ဦး အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။ ထို့ပြင် စစ်ကောင်စီသည် လားရှိုးမြို့နယ်ကိုလည်း နိုဝင်ဘာ ၂၄ရက်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ဦး ဒဏ်ရာရပြီး နေအိမ် အဆောက်အဦးများစွာ ထိခိုက်ခဲ့သည်။
လားရှိုးမြို့ကို MNDAAက ယခုနှစ် ဩဂုတ် ၃ရက်တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ ပြည်သူများစွာ သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သည်။
စစ်ကောင်စီသည် စစ်ရေးအရအထိနာနေသည့် ရခိုင်ပြည်နယ်တွင်လည်း အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။