People’s Spring
၂၀၁၁ ခုနှစ်မှာ အစပြုခဲ့ပြီး သမ္မတ ဘာရှာအယ်လ် အာဆတ်ရဲ့ အာဏာရှင်အစိုးရက အနိုင်ပိုင်းထားပြီလို့ တစ်ကမ္ဘာလုံး လက်ခံ ယူဆထားတဲ့ ဆီးရီးယား ပြည်တွင်းစစ်ဟာ နိုဝင်ဘာ လကုန်ပိုင်းမှာ အံ့ဩစရာ လှုပ်ခတ်မှုတွေနဲ့အတူ ဇောက်ထိုးမိုးမျှော် ရလဒ်တစ်ခု ပြတ်ပြတ်သားသား ထွက်ပေါ်လာပါတယ်။
ကွဲပြားစုံလင်တဲ့ တော်လှန်ရေး အင်အားစုတွေဟာ နှစ်ပတ်တောင် မပြည့်တဲ့၊ တိတိကျကျ ပြောရရင် ၁၂ ရက်သာ ကြာမြင့်တဲ့ စုပေါင်း စစ်ဆင်ရေး တစ်ရပ်ကို ဆင်နွှဲပြီး ဒမတ်စကက် မြို့တော်ကိုပါ တက်သိမ်းခဲ့ပါတယ်။ ဒါဟာ အီရန်၊ ရုရှားတို့ရဲ့ အကူအညီ ပေးမှုနဲ့ ပြည်တွင်းစစ်မှာ အသာစီး ရထားတဲ့ အာဆတ် အစိုးရကိုသာ မကဘဲ ဆီးရီးယား အရေးမှာ အပေါ်ယံလောက်ပဲကြည့်ပြီး လျှော့တွက်ခဲ့တဲ့ နိုင်ငံတကာ အသိုက်အဝန်းကိုပါ အငိုက်မိသွားစေတဲ့ အလှည့်အပြောင်းပဲ ဖြစ်ပါတယ်။
နာမည်ဆိုးနဲ့ ကျော်ကြားပြီး ရက်စက် ကြမ်းကြုတ်လှတဲ့ အာဏာရှင် အစိုးရတစ်ရပ် ပြိုလဲသွားစေခဲ့တဲ့ ဆီးရီးယား တော်လှန်ရေး တပ်တွေရဲ့ ၁၂ ရက်ကြာ စစ်ဆင်ရေးကို အခုလိုမျိုး ပိုင်းခြား ဆန်းစစ်ကြည့်နိုင်ပါတယ်။
●နိုဝင်ဘာ ၂၇ ရက်နေ့ – ထိုးစစ်အစပြုခြင်း
လပေါင်းများစွာ ငြိမ်သက်နေခဲ့ရာက စစ်သတင်းကို ဆီးရီးယား ပြည်သူတွေ ပြန်ကြားခွင့် ရလာပါတယ်။ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၊ အစ်ဒ်လစ်ဘ် ဒေသမှာ နယ်မြေတွေ ထိန်းချုပ်ပြီး ခြေကုပ်ယူထားတဲ့ ဟေယတ် တာဟ်ရာ အယ်လ်ရှမ် (HTS) အဖွဲ့ဟာ တခြား တော်လှန်ရေး မဟာမိတ်တွေကို စည်းရုံးပြီး ဆီးရီးယား မြောက်ပိုင်းက အထင်ကရ မြို့ကြီးဖြစ်တဲ့ အေလက်ပိုကို ဝန်းရံ တိုက်ခိုက်ခဲ့ပါတယ်။ ဆီးရီးယားရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ အေလက်ပိုဟာ ပြည်တွင်းစစ် တလျှောက်မှာ အကြမ်းတမ်းဆုံး စစ်အတွေ့အကြုံတွေကို ကြံ့ကြံ့ခံ ကြုံတွေ့ ဖြတ်သန်းခဲ့ရဖူးပါတယ်။
အမေရိကန်နဲ့ ကုလသမဂ္ဂတို့က အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုလို့ ကြေညာထားပေမယ့် အာဆတ် ဆန့်ကျင်ရေး အင်အားစုတွေအပေါ် ဩဇာညောင်းတဲ့ HTSဟာ ထိုးစစ်ရဲ့ အဖွင့်ရလဒ်တွေ အောင်မြင်နေကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်တယ်။ အာဆတ်ကို သစ္စာခံတဲ့ အစိုးရ တပ်သားတွေ အများအပြားကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့သလို တင့်ကားတွေနဲ့ လက်နက်ကြီးတွေ သိမ်းဆည်းရမိခဲ့တဲ့အပြင် ၁၀ နာရီ မပြည့်ခင် အေလက်ပို တဝိုက်က ကျေးရွာ တော်တော်များများကိုပါ ထိန်းချုပ်နိုင်ခဲ့တယ်လို့ HTSက ဆိုပါတယ်။ ၂၄ နာရီ မပြည့်ခင် တော်လှန်ရေးတပ်တွေဟာ အေလက်ပို ဆင်ခြေဖုံးနဲ့ မိုင်အနည်းငယ် အကွာထိ ရှေ့တိုးနိုင်ခဲ့တယ်။
●နိုဝင်ဘာ ၃၀ ရက်နေ့ – အေလက်ပိုကို သိမ်းပိုက်ခြင်း
ပြည်တွင်းစစ် အစပိုင်းတုန်းက အေလက်ပိုဟာ တော်လှန်ရေး အင်အားစုတွေ လက်ထဲကို ကျရောက်ခဲ့ဖူးပါတယ်။ အာဆတ်ဟာ ရုရှားနဲ့ အီရန်ရဲ့ ပံ့ပိုးမှုတွေကို ယူပြီး အေလက်ပိုကို ပြန်ရအောင် ၄ နှစ်ကျော် တိုက်ယူခဲ့ရပါတယ်။ ကြမ်းတမ်းလှတဲ့ လေကြောင်း စစ်ဆင်ရေးတွေ၊ မြို့ကို ဝန်းရံပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်မှုတွေ အပါအဝင် ကျင့်ဝတ်မဲ့ နည်းလမ်းတွေ၊ မြောက်မြားလှစွာသော အရင်းအမြစ်တွေကို သုံးစွဲပြီးမှ အေလက်ပိုကို အာဆတ်က ပြန်ရထားခဲ့တာပါ။
နောက်တော့ တော်လှန်ရေး တပ်တွေက တစ်မြို့လုံးကို ၄ ရက်နဲ့ သိမ်းယူသွားပါတော့တယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှ စခဲ့တဲ့ ထိုးစစ်ဟာ နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ အေလက်ပို တစ်မြို့လုံးကို ထိန်းချုပ်နိုင်တဲ့ အဆင့်ထိ လျင်လျင်မြန်မြန် တိုးတက်မှု ရရှိနေပါပြီ။ တော်လှန်ရေး တပ်တွေရဲ့ အဆိုအရ အာဆတ်ဖက်ကနေ အသေခံ တိုက်ပေးတဲ့ အစိုးရတပ် အင်အားက အရမ်းနည်းပြီး မြို့ထဲကို ခပ်မြန်မြန် ချီတက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ HTS ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေဟာ အေလက်ပိုမှာ တခမ်းတနား ထားရှိတဲ့ အာဆတ်ရဲ့ပုံတွေကို ဆွဲဖြဲပစ်နေခဲ့ကြပါပြီ။ မြို့ခံ အများအပြားက ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ မသေချာတော့ အိမ်ထဲမှာပဲ စိုးရိမ်တကြီး ပုန်းနေခဲ့ကြတယ်။ တချို့ ရဲတင်းတဲ့ ဒေသခံတွေကတော့ တော်လှန်ရေး တပ်တွေကို ဝမ်းပန်းတသာ ထွက်ကြိုခဲ့ကြတယ်။
ပွဲဦးထွက်မှာတင် အကြီးအကျယ် အောင်ပွဲရသွားတဲ့ တော်လှန်ရေး အင်အားစုတွေဟာ တောင်ဖက်ဆီ ဆက်ဆင်းသွားပြီး မြို့တော် ဒမတ်စကက်ထိ ချီတက်ဖို့ စိတ်ခွန်အား ရရှိသွားပါပြီ။
တော်လှန်ရေး တပ်တွေဟာ ပစ်ကပ်ကားတွေကို အဓိက အသုံးပြုပြီး အဝေးပြေး လမ်းမကြီးတလျှောက် မောင်းနှင်သွားချိန် လမ်းဘေးမှာ ဆီးရီးယား အစိုးရ တပ်သားတွေ စွန့်ပစ်သွားတဲ့ တင့်ကားတွေ အများကြီးကို တွေ့ခဲ့ရတယ်။ နိုဝင်ဘာ ၃၀ မှာ အေလက်ပို တစ်မြို့လုံးဟာ တော်လှန်ရေး တပ်တွေလက်ထဲ ရောက်ရှိနေပြီ ဖြစ်ပေမယ့် အရှေ့ပိုင်း မြို့ပြင်ဧရိယာက လေတပ်စခန်းကို သိမ်းယူနိုင်ရေး တိုက်ပွဲကတော့ ဆက်ပြီး ပွဲကြမ်းနေခဲ့ပါတယ်။
●ဒီဇင်ဘာ ၅ ရက်နေ့ – ဟာမာကို သိမ်းယူခြင်း
အေလက်ပိုကနေ တောင်ဖက်ကို ဆင်းလာတဲ့ တော်လှန်ရေး တပ်တွေဟာ ဒီဇင်ဘာ ၅ ရက်နေ့မှာတော့ မဟာဗျူဟာ နယ်မြေတစ်ခုကို သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဟာမာမြို့ပါပဲ။ ပြည်တွင်းစစ် ကာလတလျှောက် ဟာမာဟာ တော်လှန်ရေး တပ်တွေလက်ထဲ အရင်က ဘယ်တုန်းကမှ မကျရောက်ခဲ့ဖူးပါဘူး။ ဒီဇင်ဘာ ၄ ရက်နေ့ထိ အစိုးရ တပ်တွေဟာ ဟာမာ ဆင်ခြေဖုံးကနေ တော်လှန်ရေး တပ်တွေကို ခုခံနေခဲ့ပါသေးတယ်။ နောက်နေ့မှာတော့ အကုန်လုံး ဆုတ်ခွာ ထွက်ပြေးကုန်ပြီး တော်လှန်ရေးတပ်တွေ မြို့ကို သိမ်းယူနိုင်ခဲ့တယ်။
HTS စစ်ဦးစီး တစ်ယောက်ကတော့ အစွမ်းကုန် ခုခံနေတဲ့ ဆီးရီးယား အစိုးရ တပ်တွေဟာ သူတို့ရဲ့ ဦးစီးအရာရှိတွေက သူတို့ကို ထားခဲ့ပြီး ထွက်ပြေးသွားမှန်း သိတဲ့အချိန်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဝေဝါးကုန်တယ်လို့ ပြောပြခဲ့ပါတယ်။ အာဆတ်ကို မုန်းတီးနေတဲ့ ဟာမာ မြို့ခံတွေဟာ အစိုး
ရ တပ်တွေရဲ့ ကျဆုံးခန်းကို ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံခဲ့တယ်။ ဟာမာဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ သမိုင်းတလျှောက်မှာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး အစုလိုက် အပြုံလိုက် လူသတ်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ဖူးတဲ့ နေရာလည်း ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်တုန်းက မွတ်ဆလင် ဘရားသားဟုဒ်အဖွဲ့ ဦးဆောင်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး လူထုအုံကြွမှုကြီးမှာ အာဆတ်ရဲ့ ဖခင်၊ အာဏာရှင်ဟောင်း ဟာဖက်ဇ် အယ်လ် အာဆတ်ကို သစ္စာခံတဲ့ စစ်တပ်ဟာ ပြည်သူ ၄၀၀၀၀ ဝန်းကျင်လောက်ကို သတ်ဖြတ်ခဲ့ပါတယ်။
●ဒီဇင်ဘာ ၇ ရက်နေ့ – ဟုမ်းစ်မြို့ကို သိမ်းယူခြင်း
မျက်စိထဲမှာ အလွယ်မြင်သာအောင် ပြောရရင် အေလက်ပို၊ ဟာမာနဲ့ ဟုမ်းစ် မြို့တွေဟာ မြေပုံပေါ်မှာ မြောက်ကနေ တောင်ဖက်ကို အတန်းလိုက် တည်ရှိနေကြပါတယ်။ ဟုမ်းစ်ရဲ့ တောင်ဖက် မိုင် ၉၀ နီးပါး အကွာမှာတော့ ဆီးရီးယား အစိုးရ ရုံးစိုက်ရာ ဒမတ်စကက် မြို့တော် ရှိနေတယ်။ တစ်နည်းအားဖြင့် ဟုမ်းစ်ဟာ အာဆတ်ရဲ့ အစိုးရ အသက်ဆက်နိုင်ဖို့ နောက်ဆုံးလက်ကျန် ခံတပ်စခန်းလို ဖြစ်လာပါတယ်။ ဒါပေမဲ့ တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်ပြီး မကြာခင်မှာပဲ ဟုမ်းစ်မှာရှိတဲ့ လက်ကျန် အစိုးရတပ်တွေ ကစဉ့်ကလျားနဲ့ ထွက်ပြေးကုန်ပါတယ်။ အဲဒီအချိန်ထိဒမတ်စကက်မှာရှိတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ဟုမ်းစ်မြို့ဟာ တည်တည်ငြိမ်ငြိမ်၊ လုံလုံခြုံခြုံ ရှိနေဆဲလို့ ဝါဒဖြန့်နေဆဲပါ။
အာဆတ်ရဲ့ အဓိက စစ်မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ အီရန်ဟာ ဒီဇင်ဘာ ၆ ရက်နေ့မှာ ကတည်းက ဆီးရီးယားအနှံ့ ဖြန့်ကျက်ထားတဲ့ စစ်ရေးကျွမ်းကျင်သူတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လည် ရုပ်သိမ်းပြီး ကတိုက်ကရိုက် ဆုတ်ခွာဖို့ စီစဉ်နေခဲ့ပါပြီ။ ပြည်တွင်းစစ် ကာလတလျှောက် ဆီးရီးယား အစိုးရ တပ်တွေကို လေကြောင်း တိုက်ခိုက်ရေး အကူအညီတွေပဲ ပေးခဲ့တဲ့ နောက်ထပ် မဟာမိတ် နိုင်ငံဖြစ်တဲ့ ရုရှားကလည်း အာဆတ်အတွက် အဲဒီထက်ပိုတဲ့ အထောက်အပံ့မျိုး မပေးနိုင်ကြောင်း သေချာလာပါတယ်။
တစ်နည်းအားဖြင့် အာဆတ်ဟာ အားကိုးရာ မဲ့သွားပါပြီ။ဒီဇင်ဘာ ၇ ရက်နေ့ မနက်မှာတော့ တော်လှန်ရေး တပ်တွေဟာ ဟုမ်းစ်မြို့လယ်မှာ အေးအေးလူလူ ဝတ်ပြုနေကြပြီ ဖြစ်ပါတယ်။ ပြီးတော့ တောင်ပိုင်းဆီ ဆက်လက် ချီတက်ဖို့လည်း တက်ကြွနေကြပါပြီ။ အဲဒီအချိန် တစ်ကမ္ဘာလုံးရဲ့ အာရုံဟာ တောင်ဖက်က ဒမတ်စကက်ဆီကို စုပြုံကျရောက်နေပါပြီ။ ဟုမ်းစ်ကို လက်လွှတ်လိုက်ရပြီးတဲ့ အခြေအနေအရ အာဆတ်ရဲ့ အစိုးရဟာ သီတင်းပတ် နည်းနည်းထက်ပိုပြီး သက်တမ်း မကျန်နိုင်တော့ဘူးလို့ အမေရိကန်က ခန့်မှန်း သုံးသပ်လာခဲ့ပါတယ်။
●ဒီဇင်ဘာ ၈ ရက်နေ့ – အာဆတ်အစိုးရကျဆုံးခြင်း
အမေရိကန် အစိုးရရဲ့ ခန့်မှန်းချက်က ဆီးရီးယား စစ်တပ်အပေါ် အတော်လေး ပိုပိုသာသာ အထင်ကြီးပြီး တွက်ထားခဲ့ပုံပါပဲ။ လက်တွေ့မှာတော့ နောက်တစ်ရက်၊ ဒီဇင်ဘာ ၈ ရက်နေ့မှာတင် တော်လှန်ရေး တပ်တွေဟာ ဒမတ်စကက်ကို စတင် ချဉ်းနင်း ဝင်ရောက်နေပြီ ဖြစ်တာကြောင့်ပါ။ ပြည်သူတွေအပေါ် လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခဲ့တဲ့ အမြဲတမ်း စစ်တပ်ကြီးဟာ တော်လှန်ရေး တပ်တွေကို အဝေးကနေ တစ်ချက်နှစ်ချက်လောက် အလစ်ချောင်း ပစ်ခတ်ပြီး ထွက်ပြေးရုံ အဆင့်မျိုးထိ အခြေအနေ ဆိုးသွားပါပြီ။ အင်မတန် နည်းပါးတဲ့ ခုခံမှုတွေကိုသာ ရင်ဆိုင်ခဲ့ရတဲ့နောက် တော်လှန်ရေး တပ်တွေဟာ မြို့တော် နယ်နိမိတ်ထဲ စတင်ဝင်ရောက်လာကြပါတယ်။
ဒမတ်စကက်ရဲ့ ကာကင်းတွေ၊ စစ်ဆေးရေး ဂိတ်တွေမှာတော့ စစ်သားတွေဟာ ယူနီဖောင်းတွေကို အမြန်ဆုံးချွတ်ပြီး အရပ်ဝတ်နဲ့ ထွက်ပြေးကုန်ကြပါတယ်။ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာတော့ တော်လှန်ရေး တပ်တွေ သိမ်းယူထားတဲ့ အစိုးရ ရုပ်မြင်သံကြား စတူဒီယိုကနေ လူတစ်ယောက်က အာဏာရှင် အာဆတ် အစိုးရ ပြိုလဲသွားပြီလို့ တစ်နိုင်ငံလုံးကို အသိပေး ကြေညာသွားခဲ့ပါတယ်။ ပြီးတော့ အာဆတ်က မတရား ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးလိုက်ပြီလို့ အဲဒီ ပုဂ္ဂိုလ်က ပြောပါတယ်။
တော်လှန်ရေးတပ်တွေ မြို့ထဲဝင်မလာခင်တည်းက အာဆတ်နဲ့ မိသားစုဟာ ရုရှား လေတပ်စခန်း တစ်ခုကနေ မော်စကိုဆီ လေကြောင်းကနေ ထွက်ပြေးသွားခဲ့ပြီး ဖြစ်တယ်ဆိုတာ နောက်ပိုင်းမှ သတင်းတွေ ထွက်လာခဲ့ပါတယ်။ မျိုးဆက်နှစ်ခု၊ သားအဖနှစ်ယောက်က နိုင်ငံကို စိုးမိုးထားပြီး မတရား အနိုင်အထက်ပြု အုပ်ချုပ်နေတဲ့ သမိုင်းကြောင်းဟာ ၁၂ ရက်အတွင်း အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ ဆီးရီးယား ပြည်သူတွေဟာ အပြောင်းအလဲတွေ မြန်ဆန်လွန်းတဲ့ သီတင်းနှစ်ပတ်တာ ကာလကို အိပ်မက်လိုလို မယုံကြည်နိုင်မှုတွေနဲ့ ဖြတ်သန်းခဲ့ကြပါတယ်။
အာဆတ်အစိုးရ အုပ်စိုးမှု နိဂုံးချုပ်ကြောင်း ကြေညာချက် ထွက်ပေါ်အပြီး နာရီပိုင်း အကြာမှာတော့ ဒမတ်စကက် မြို့ထဲက သမိုင်းဝင် အူမေယက် ဗလီကြီးမှာ HTS ခေါင်းဆောင် အာမက်ဟူစိန် အယ်လ်ရှာရာဟာ မဟာမိတ် တော်လှန်ရေး အဖွဲ့ ခေါင်းဆောင်တွေကို တစ်ဦးချင်းစီ လက်ဆွဲနှုတ်ဆက်ရင်း အောင်ပွဲခံနေခဲ့ပါတယ်။ သူက အာဆတ် အစိုးရရဲ့ နိဂုံးဟာ အစ္စလာမ်မစ် ဆီးရီးယား နိုင်ငံတော်ရဲ့ အောင်ပွဲဖြစ်တယ်လို့လည်း ကြွေးကြော်ခဲ့ပါတယ်။
အဲဒီအချိန်မှာ နိုင်ငံတကာ အသိုက်အဝန်းကတော့ အာဆတ်ခေတ်လွန် ဆီးရီးယား နိုင်ငံကို ဘယ်အဖွဲ့အစည်းက အုပ်ချုပ်မလဲ၊ နောက်ဆက်တွဲ ဘယ်လို အငြင်းအခုံတွေ ဖြစ်လာဦးမလဲ ဆိုတာတွေကို စိုးရိမ်တကြီး နှီးနှော တိုင်ပင်နေကြပါပြီ။
တော်လှန်ရေး အင်အားစုတွေကတော့ နောက်ထပ် သွေးချောင်းစီးမှုတွေကို မလိုလားတော့ဘဲ ညီညွတ်တဲ့ ညွန့်ပေါင်း အစိုးရမျိုး ပေါ်ထွန်းလာရေးကို အလေးပေးမယ်လို့ ပြောကြားထားပါတယ်။ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို တွေးပူနေဖို့ထက် ဆီးရီးယားရဲ့ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကြီး အဆုံးသတ်ပြီး အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေ အနိုင်ရခဲ့တယ်ဆိုတဲ့ အရှိတရားကတော့ ဒီအချိန်မှာ ပိုပြီး အရေးလည်းကြီး၊ လက်တွေ့လည်း ကျနေပါတယ်။
အာဆတ် အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ပြီး အစပြုခဲ့တဲ့ စစ်ပွဲကြီးဟာ ၁၃ နှစ်၊ ၈ လ၊ သီတင်း ၃ ပတ်နဲ့ ၁ ရက် ကြာပြီးတဲ့ အချိန်မှာတော့ ရည်မှန်းချက် ပြည့်ဝခဲ့ပါပြီ။ စစ်ပွဲတလျှောက် အရပ်သား ပြည်သူ ၃ သိန်းလောက် အပါအဝင် လူ့အသက်ပေါင်း ၆ သိန်းကျော် ဆုံးရှုံးခဲ့ရပါတယ်။ လူပေါင်း ၇ သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးပြီး ဒုက္ခတွေ ကြုံတွေ့ခဲ့ရပါတယ်။ ပဉ္စလက်ဆန်ဆန် အလှည့်အပြောင်းတွေနဲ့ ၁၂ ရက်တာ ဖြတ်သန်းမှု အပြီးမှာတော့ ကမ္ဘာပေါ်မှာ အဆိုးယုတ်ဆုံး အာဏာရှင် တစ်ယောက်ရဲ့ ရွှေရောင်နေ့တွေ ပြီးဆုံးသွားခဲ့ပါပြီ။ အခုအချိန်မှာတော့ ဆီးရီးယား တော်လှန်ရေး တပ်တွေဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ညီညွတ်ကြဖို့ကိုပဲ ဦးစားပေးသင့်ပါပြီ။ ပြီးတော့ ဒါဟာ ဆီးရီးယား ပြည်သူတွေအတွက်လည်း အမှန်တကယ် ထိုက်တန်တဲ့ ရွေးချယ်မှုမျိုးဆိုတာ အသေအချာပါပဲ။