လီလီယန်/People’s Spring
ဆီးရီးယား အာဏာရှင်အာဆတ်အစိုးရ ပြုတ်ကျပြီး နိုင်ငံမှထွက်ပြေးသွားသည့်သတင်းများမှာ ပြီးခဲ့သည့် ၃ရက်အတွင်း ကမ္ဘာ့ထိပ်တန်းသတင်းများဖြစ်ခဲ့သော်လည်း မြန်မာ အာဏာသိမ်းစစ်ကောင်စီက ၎င်း၏သတင်းစာများတွင် ဖော်ပြခြင်းမပြုဘဲ သတင်းအမှောင်ချထားသည်။
ဒီဇင်ဘာ ၈ရက်တွင် ဆီးရီးယားတော်လှန်ရေးတပ်များက မြို့တော်ဒမတ်စကတ်သို့ စတင်ဝင်ရောက်ခဲ့ပြီး အာဏာရှင်အာဆတ်သည် ယင်းနေ့ နံနက်ပိုင်းတွင် နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။
အာဏာရှင်အာဆတ် ရုရှားသို့ ထွက်ပြေးသွားသည့်သတင်းနှင့်အတူ ဆီးရီးယားအရေးသည် နိုင်ငံတကာသတင်းဌာနများ ဦးစားပေး အများဆုံးဖော်ပြသည့် သတင်းများဖြစ်ခဲ့သော်လည်း ကြေးမုံ နှင့် မြန်မာ့အလင်းသတင်းစာများအပါအဝင် စစ်ကောင်စီထိန်းချုပ်ထားသော မီဒီယာများက အဆိုပါသတင်းများကို ယနေ့(ဒီဇင်ဘာ ၁၀ရက်)အထိ ဖော်ပြခြင်းမရှိပေ။

Public Service Announcement
ယင်းသို့ မဖော်ပြခြင်းမှာ အာဏာရှင်များ၏ စိတ်မလုံခြုံမှုနှင့် အကြောက်တရားဖြစ်သည်ဟု မြန်မာ့အရေးသုတေသီတစ်ဦးက သုံးသပ်ထားပြီး ဝါရင့်သတင်းစာဆရာတစ်ဦးကလည်း သတင်းစာဆိုသည်မှာ ခေတ်တစ်ခုဖြစ်ပျက်ခဲ့သည့် ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ ဖြစ်ရပ်များကို ဖော်ပြကြောင်း ပြောသည်။
စစ်ကောင်စီဝါဒဖြန့် ကြေးမုံနှင့် မြန်မာ့အလင်းတို့ကို ရည်ညွှန်းကာ ၎င်းတို့က သတင်းစာမဟုတ်ကြောင်း ဝါရင့်သတင်းစာဆရာက ရှင်းပြသည်။

“သူတို့က သတင်းစာမဟုတ်ပါဘူး။ သတင်းစာတွေက ခေတ်ကို ဖော်ပြတယ်။ ခေတ်တစ်ခုမှာဖြစ်ပျက်ခဲ့တဲ့ ပြည်တွင်းဖြစ်ဖြစ်၊ ပြည်ပဖြစ်ဖြစ် ဖြစ်ရပ်တွေကို ဖော်ပြတယ်။ ဒါတွေကို အရေးကြီးပေမယ့် မဖော်ပြဘူးဆိုရင် ဒါဟာ သတင်းစာမဟုတ်ဘူး။ ဒါက သူတို့နဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ယူဆသည့်တိုင်အောင်မှ ဒီသတင်းကို ဖော်ပြရတာဟာ သူတို့ရဲ့ လက်ရှိရှုံးနေတဲ့ စစ်ပွဲနဲ့ ထပ်တူညီကျနေတယ်လို့ သူတို့ ခံစားရပုံပေါ်တယ်လို့ ကျွန်တော် ထင်တယ်” ဟု ဝါရင့်သတင်းစာဆရာက ပြောသည်။
ဆီးရီးယားမှ ထွက်ပြေးသွားသော အာဏာရှင်အာဆတ်အစိုးရနှင့် စစ်ကောင်စီ တူညီနေသည့်အချက်မှာ အာဏာရှင်နိုင်ငံဖြစ်နေသည့် ရုရှားကို အားကိုးပြီး အတိုက်အခံများနှင့် ဒီမိုကရေစီလိုလားသူများကို မတန်တဆ၊ မတရားသဖြင့် ဖိနှိပ်နေကာ လက်ရှိတွင် စစ်ကောင်စီရော၊ အာဆတ်က အထင်ကြီးထားသော ရုရှားက အကူအညီမပေးနိုင်သည့် အခြေအနေမျိုးကို ရင်ဆိုင်နေရကြောင်း အထက်ပါဝါရင့်သတင်းစာဆရာက သုံးသပ်သည်။
ဆီးရီးယားအာဏာရှင် အာဆတ်သည် မိသားစုလိုက် ရုရှားနိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး ထိုသို့ထွက်ပြေးရသည့် အခြေအနေကို ဖော်ပြရခြင်းသည် စစ်ကောင်စီအနေဖြင့် ၎င်း၏ တပ်တွင်း၌ စိတ်အားတက်ကြွမှု အကြီးအကျယ်ထိခိုက်မည်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စိုးရိမ်ပူပန်လိမ့်မည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ၊ ဆောင်းပါးရှင်တစ်ဦးကလည်း ဆီးရီးယားအာဏာရှင်အာဆတ်အစိုးရ ပြုတ်ကျပြီး ထွက်ပြေးသည့်သတင်းမှာ အာဏာသိမ်းစစ်ကောင်စီအတွက် သတင်းဆိုးမျိုး၊ အတိတ်နိမိတ်မကောင်းသည့် သတင်းမျိုးဖြစ်ကြောင်း ပြောသည်။
“နွေဦး(မြန်မာ့နွေဦးတော်လှန်ရေး)ကို ဆီးရီးယားနဲ့ချိန်ထိုးပြီး ဆီးရီးယားလို တစုံတရာအင်အားရှိခဲ့သော်လည်း ပြည်သူ့တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အစိုးရကို မနိုင်ဘူးလို့ ပြည်သူကြားမှာလည်း အမြဲဝေဖန်ထောက်ပြလေ့ရှိတော့ အဖြေက ပြောင်းပြန်ဖြစ်သွားတဲ့အခါ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေအနေနဲ့ သတင်းအဖြစ်လေးတောင် ဖော်ပြဖို့ မလုပ်နိုင်တော့ဘူး” ဟု အထက်ပါနိုင်ငံရေးအကဲခတ်က သုံးသပ်သည်။
ထို့အပြင် စစ်ကောင်စီထိန်းချုပ်သတင်းစာများတွင် ဖော်ပြလိုက်ပါက ၎င်းတို့သတင်းစာတွေသာ ဖတ်ခွင့်ရသည့်နေရာများကို အသိပေးလိုက်သကဲ့သို့ဖြစ်သွားမည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်ထုတ်သည့် အချို့ထုတ်ပြန်ချက်များကိုပင် ၎င်းတို့ထိန်းချုပ်သတင်းစာများ၌ ထည့်သွင်းခြင်းမပြုကြောင်း ၎င်းက ဆက်ပြောသည်။
“အကြောင်းကတော့ အဲဒီလိုသတင်းတွေကနေ ဖြစ်ပေါ်လာမယ့် စိတ်ဓာတ်စစ်ဆင်ရေး သဘောတရားအရ ရိုက်ခတ်မှုတွေကို ရသလောက် ကန့်သတ်တားဆီးချင်တာ၊ အလွယ်သဘောပြောရရင် ဒီသတင်းစာပဲ ဖတ်ရတဲ့ ထောင်ထဲက အကျဥ်းသားတွေ အားတက်သွားမှာ မလိုလားဘူး။ ဒီလိုပဲ တပ်ထဲက သူ့တပ်သားတွေ စိတ်ဓာတ်ကျသွားမှာမျိုးလည်း မဖြစ်အောင်ပေါ့” ဟု အထက်ပါနိုင်ငံရေးအကဲခတ်က သုံးသပ်သည်။
