မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံဟာ မဂ္ဂနီကျု ၇.၇ အဆင့်ရှိတဲ့ ဖျက်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ရာ သေဆုံးဒဏ်ရာရမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ အများအပြား ကြုံတွေ့ခဲ့ရပါတယ်။ ငလျင်ကြောင့် သေကြေပျက်စီးမှုတွေကို အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ကြုံခဲ့ရပြီး ငလျင်ရဲ့ တုန်ခါမှု အရှိန်ကို ကမ္ဘောဒီးယားနဲ့ အိန္ဒိယလို နိုင်ငံတွေကပါသက်ရောက် ခံစားခဲ့ရပါတယ်။
ငလျင်ရဲ့ ဗဟိုချက်ဟာစစ်ကိုင်းတိုင်းကို ဦးတည်ပေမယ့် (လက်ရှိ အချိန်ထိ ရထားတဲ့ သတင်းတွေ အရတော့) အဆိုးဆုံး ထိခိုက် ပျက်စီးမှုတွေကတော့ စစ်ကိုင်းတိုင်းနဲ့ ကပ်လျက် တည်ရှိရာ မန္တလေးတိုင်းထဲက ရှေးဟောင်းမြို့တော် မန္တလေးမြို့လို့ ယူဆရပါတယ်။ မန္တလေးမှာ အိမ်ခြေ တိုက်တာတွေ ဗုံးဗုံးလဲ ပြိုကျခဲ့ပါတယ်။အခြေခံ အဆောက်အအုံတွေလည်း အများကြီး ပျက်စီးခဲ့ပါတယ်။ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းထိ အခြေအနေအရ အာဏာသိမ်းစစ်ကောင်စီ ထုတ်ပြန်ထားတဲ့ စာရင်းမှာတောင် အသေအပျောက် ၁၀၀၀ ကျော်နေပြီဖြစ်ပြီး လက်တွေ့မှာ အဲဒီထက် အများကြီး ပိုနိုင်ပါတယ်။
၁၉၃၀ ပြည့်နှစ်တုန်းက ပဲခူးငလျင်ကြီး လှုပ်ခတ်ပြီးချိန်နောက်ပိုင်း မြန်မာနိုင်ငံမှာ နောက်ထပ် ငလျင်တွေ ရံဖန်ရံခါ လှုပ်ခတ်တာကို ကြုံခဲ့ရပါတယ်။ မဂ္ဂနီကျု ၇.၃ အဆင့် ပဲခူးငလျင်ကြီးကြောင့် အဲဒီတုန်းက လူ ၅၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ မှတ်တမ်းတွေအရ သိရပါတယ်။
ဒီတော့အရှေ့တောင်အာရှ ဒေသတွင်းမှာရှိတဲ့၊ လက်ရှိ ကာလမှာတော့စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပြည်တွင်းစစ်ဒဏ်ကို ၄ နှစ်ကျော်ကြာ ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံဟာ ဘာကြောင့် ငလျင်တွေရဲ့ ဒဏ်ကို ပိုပြီး ခံရတာလဲ။အခု ငလျင်ကြီးကရော ဘယ်လောက် အဖျက်စွမ်းအား ကြီးမားသလဲဆိုတာတွေကိုမေးစရာရှိလာပါတယ်။

Public Service Announcement
■ငလျင်ဘာကြောင့်လှုပ်သလဲ
ပထမဆုံး အနေနဲ့ ငလျင်ဆိုတာ ဘာလဲဆိုတာကို အတိုချုပ် ရှင်းပြရပါမယ်။ ကမ္ဘာကြီးဟာ အလွှာသုံးခုနဲ့ ဖွဲ့စည်းထားပါတယ်။ အတွင်းဆုံးမှာတော့ သတ္တုရည်ပူတွေ လောင်ကျွမ်းနေတဲ့ molten ဗဟိုချက်ရှိပြီး အဲဒီအပေါ်မှာတော့ ပူပြင်းပေမယ့် အခဲဖြစ်နေတဲ့ mantleဆိုတဲ့ နောက်တစ်လွှာက ကာရံထားပါတယ်။ အဲဒီ အလွှဲရဲ့ အပြင်ဖက်မှာတော့ jigsaw ရုပ်ပုံဆက် ကစားနည်းလို တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျ ဆက်စပ်နေတဲ့ အပေါ်ယံ ကျောက်လွှာ tectonic plateတွေက ဖုံးအုပ်ထားပါတယ်။ ကမ္ဘာ့မြေပုံကို ဖြန့်ကျက်လိုက်မယ်ဆိုရင် အဲဒီ tectonic plateကြီး ၇ ခုက တေ့ပြီး ဆက်ထားသလိုမျိုး မြေလွှာအောက်ထဲမှာ နေရာယူထားမှာ ဖြစ်ပါတယ်။
ပြီးတော့ အဲဒီ tectonic plate အလွှာတွေဟာ ချောကျိတဲ့ mantle အလွှာပေါ်မှာ အချိန်ပြည့် လှုပ်ရှားနေပါတယ်။ လှုပ်ရှားနေပုံတွေကလည်း မတူညီတဲ့ မြန်နှုန်း၊ မတူညီတဲ့ လားရာတွေနဲ့ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ကိန်းအောင်း စွမ်းအင်တွေကို စုစည်းပေးထားပြီးသား ဖြစ်လာပါတယ်။ အဲဒီ စွမ်းအင်တွေက အပေါ်ယံ မြေလွှာဆီ ပွင့်ထွက်လာတဲ့အခါ လူတွေက ငလျင်လို့ ခေါ်ဝေါ်တဲ့ မြေလွှာ လှုပ်ရှားမှု ဖြစ်စဉ်ကို ပေါ်ပေါက်လာစေပါတယ်။ တကယ်လို့ အဲဒီ စွမ်းအင်ဟာ သမုဒ္ဒရာ ကြမ်းပြင်ကို ပွင့်ထွက်တာ ဆိုရင်တော့ ဆူနာမီလို့ လူသိများတဲ့ လှိုင်းလုံးကြီးတွေကို တွန်းထုတ်ပေးတဲ့ ရေအောက်ငလျင်တွေ ဖြစ်နိုင်ပါတယ်။
Aftershockလို့ခေါ်တဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကတော့ ပင်မ ငလျင်ကြီးဟာ ကမ္ဘာ့မြေလွှာ ဖိအား အပြောင်းအလဲတွေကို ဖြစ်စေတာကြောင့် ပေါ်ပေါက်လာတာလို့ အမေရိကန် ငလျင်တိုင်းတာရေးဌာန (USGS)ရဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ ဝီယက်ခ်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အောက်ဖက်မှာ ဘာတွေရှိနေသလဲမြန်မာနိုင်ငံဟာ အထင်ကရ tectonic plateကြီး နှစ်ခုကြားမှာ တည်ရှိနေပါတယ်။ အဲဒါတွေကတော့ အိန္ဒိယနဲ့ ယူရေးရှား ကျောက်လွှာကြီးတွေပါပဲ။ အဲဒီလိုမျိုး tectonic plate နှစ်ခု ဆက်ကြောင်းနေရာတွေဟာ ငလျင်နဲ့ အဓိက အန္တရာယ် အများဆုံး နေရာတွေလည်း ဖြစ်ပါတယ်။
အိန္ဒိယနဲ့ ယူရေးရှား ကျောက်လွှာကြီးတွေ ထိစပ်နေတဲ့ နေရာကို စစ်ကိုင်း ပြတ်ရွေ့ကြောလို့ ခေါ်ပါတယ်။ (အတိအကျ ပြောရရင် စစ်ကိုင်း ပြတ်ရွေ့ကြောဟာ ယူရေးရှား ကျောက်လွှာရဲ့ အစိတ်အပိုင်းလို့ သတ်မှတ်နိုင်တဲ့ အသေးစား tectonic plateဖြစ်တဲ့ ဆွန်ဒါကျောက်လွှာနဲ့အိန္ဒိယကျောက်လွှာ ထိစပ်တဲ့ နေရာမှာ တည်ရှိတာပါ) အဲဒီပြတ်ရွေ့ကြောဟာ ရှည်လျားပြီး ကီလိုမီတာ ၁၂၀၀ လောက် ရှည်လျားအောင် မျဉ်းတဖြောင့်တည်းနီးပါး မြောက်ကနေ တောင်ကို သွယ်တန်းလျက်တည်ရှိနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ စစ်ကိုင်း ပြတ်ရွေ့ကြောဟာ မန္တလေးနဲ့ ရန်ကုန်လို နိုင်ငံရဲ့ အကြီးဆုံး မြို့တွေနဲ့ ဆက်စပ်နေတာကြောင့် သန်းပေါင်းများစွာသော လူသားတွေကို ခြိမ်းခြောက်နေနိုင်တဲ့ သဘောပါပဲ။
USGSရဲ့ အဆိုအရ အခုနောက်ဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ အိန္ဒိယနဲ့ ယူရေးရှား tectonic ကျောက်လွှာ အချပ်တွေ ဘေးတိုက် ပွတ်တိုက်ရာက ဖြစ်ပေါ်လာတာလို့ သိရပါတယ်။ အဲဒီဖြစ်စဉ်ကို strike-slip faultingလို့လည်း ခေါ်ပါတယ်။
အဲဒီလို ကမ္ဘာ့အပေါ်ယံ ကျောက်လွှာတွေ လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင် ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ရေဘက္ကာဘဲလ်က ယူရေးရှား နဲ့ အိန္ဒိယ ကျောက်လွှာတွေ ထိစပ်ရာ ပြတ်ရွေ့ကြောကို သဘော သဘာဝအားဖြင့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ထင်ရှားလှတဲ့ ဆန်အန်းဒရီးရက်စ် ပြတ်ရွေ့နဲ့ နှိုင်းယှဉ်ပြခဲ့ဖူးပါတယ်။ ဆန်အန်းဒရီးရက်စ် ဆိုတာက ၁၉၉၄ ခုနှစ်တုန်းက လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း နော့သ်ရစ်ဒ်ဂျ် ငလျင်ကြီးရဲ့ လက်သည်ဖြစ်ပါတယ်။
ပြတ်ရွေ့ရဲ့ ပုံသဏ္ဍန်က အဖြောင့်လမ်းကြောင်း ဖြစ်နေတယ် ဆိုတာဟာ ကျယ်ပြန့်လှတဲ့ ဧရိယာတွေမှာ ငလျင်တွေ ပွင့်ထွက်ပြီး ဖြစ်စေပါ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြတ်ရွေ့ကြောင်းရဲ့ အရွယ်ကြီးလေလေ၊ ငလျင်တွေလည်း ကြီးလေလေ ဖြစ်နိုင်တယ်လို့ ဘဲလ်က ပြောပါတယ်။
■ဒီငလျင် ဘယ်လောက်အားပြင်းသလဲ
ငလျင်တွေရဲ့ ပြင်းအားတိုင်းတဲ့ ယူနစ်ကို ရစ်ချ်တာစကေးနဲ့ တိုင်းတာခဲ့ရာကနေ ၁၉၇၀ ပြည့်လွန်နှစ်တွေကစလို့ မဂ္ဂနီကျုကိန်းဂဏန်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အစားထိုးလာခဲ့ပါတယ်။အဓိပ္ပါယ်ကတော့အတူတူပဲဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့က ငလျင်ကြီးဟာ မဂ္ဂနီကျု ၇.၇ ပြင်းအား ရှိပါတယ်။ အင်မတန် အားပြင်းတာကြောင့် မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာကသောင်းကနင်း အခြေအနေတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ ဆောက်လုပ်ဆဲ ၃၃ ထပ် အဆောက်အအုံတစ်ခု ပြိုကျခဲ့ပြီး လူတွေသေခဲ့သလို အပျက်အစီးတွေအောက် ပိတ်မိနေသူ ဒါဇင်နဲ့ချီ များပြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ မန္တလေးဟာ အထိအနာဆုံးဖြစ်ပြီး အဆောက်အအုံတွေ ပြိုကျကုန်ပါတယ်။ ရှေးဟောင်းမြို့တော်ရဲ့ ကျုံးမြို့ရိုးတွေလည်း ပြိုကျခဲ့ပါတယ်။ အသက်ပေါင်းများစွာ သေကြေခဲ့ပြီး နောက်တစ်နေ့ထိ အပျက်အစီးပုံအောက် ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးတွေက အပူတပြင်း လိုက်ရှာနေကြဆဲပါ။ စစ်ကိုင်းတံတားဟောင်း ကျိုးကျခဲ့ပြီး လမ်းတွေလည်း ပပ်ကြားအက်ကုန်ပါတယ်။ မြို့တော် နေပြည်တော်မှာလည်း ထိခိုက်သေကြေမှုတွေ၊ အပျက်အစီးတွေ အများအပြား ရှိခဲ့ပါတယ်။ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာတွေက အသေအပျောက် ကိန်းဂဏန်း ၁၀၀၂ ဦးလို့ ကြေညာခဲ့ပါတယ်။
USGSကတော့ ငလျင်ရဲ့ အပြင်းထန်ဆုံး ယိမ်းထိုးလှုပ်ရှားမှုမျိုး ဖြစ်ပေါ်ခဲ့ရာ ဧရိယာမှာ နေထိုင်သူ ၈ သိန်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း အသေအပျောက် ကိန်းဂဏန်းတွေ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့လည်း USGSက သတိပေးထားပါတယ်။
■အပျက်အစီး ဘယ်လောက် ရှိနိုင်လဲ
ငလျင်ရဲ့ ဗဟိုချက်ဟာ မြေမျက်နှာပြင်အောက် ၁၀ ကီလိုမီတာ(၆ မိုင်ကျော်) လောက်မှာသာရှိပြီးဇောက်တိမ်ငလျင် အမျိုးအစား ဖြစ်ပါတယ်။ ဗဟိုပြုတဲ့ အနက်က တိမ်လေလေ၊မြေပြင်ပေါ်မှာသက်ရောက်တဲ့ အဖျက်စွမ်းအားကများလေလေ ဖြစ်ပါတယ်။
လန်ဒန် တက္ကသိုလ်ရဲ့ ကမ္ဘာမြေသိပ္ပံဌာနမှာ အလုပ်လုပ်နေတဲ့ ပညာရှင် တစ်ဦးဖြစ်သူ အီယန်ဝတ်ကင်ဆန်က ဗဟိုပြုရာ နေရာကနေ ထုတ်လွှင့်လိုက်တဲ့ စွမ်းအင်ဟာ ပြုန်းတီးသွားတာ၊ ပျက်ပြယ်သွားတာ သိပ်မရှိဘဲ ကမ္ဘာ့အပေါ်ယံဖက်ကို တွန်းထွက်လာတာ ဖြစ်တဲ့အတွက် မြေတိမ်ငလျင်တွေက အပျက်အစီး ပိုများစေတာလို့ ရှင်းပြခဲ့ပါတယ်။
မြေအောက်ကျောက်လွှာကြီးတွေ ထိစပ်ရာ နေရာတွေမှာ တည်ရှိတဲ့ တခြားသော ကမ္ဘာ့ အစိတ်အပိုင်းတွေ၊ ဥပမာအားဖြင့် အစောပိုင်းမှာ ပြောခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်၊ ပြီးတော့ ဂျပန်နိုင်ငံတို့မှာ အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ ငလျင်ဒဏ် ခံနိုင်စွမ်း သတ်မှတ်တဲ့ စံနှုန်း ကုတ်ဒ်တွေကို အသုံးပြုကြပါတယ်။ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးဒဏ် ခံခဲ့ရတဲ့ ဧရိယာတွေကတော့ အဲဒီအပိုင်းမှာ ပြင်ဆင်မှု အင်မတန် အားနည်းခဲ့ပါတယ်။
ဝတ်ကင်ဆန်က အဲဒီအကြောင်းကို ထည့်ပြောခဲ့ပြီး မြန်မာဟာ ခပ်မြန်မြန် မြို့ပြကူးပြောင်းမှု ကာလမျိုးကို ဖြတ်သန်းခဲ့ပြီး အားဖြည့်ကွန်ကရစ်သုံး အထပ်မြင့် အဆောက်အအုံကြီးတွေ အများအပြား တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အခုလှုပ်ရှားခဲ့တဲ့ငလျင်ကြီးရဲ့ ပျက်စီးဆုံးရှုံးမှု များပြားတဲ့ အခြေခံ အကြောင်းတရားကို ၂၀၂၃ ခုနှစ်တုန်းက တူရကီ တောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၈ ငလျင်ကြီးနဲ့ နှိုင်းယှဉ်ကြည့်လို့ ရတယ်လို့လည်း သူက ပြောပါတယ်။
အဲဒီ ငလျင်ကြီးတုန်းကလည်း နှစ်တော်တော်များများအတွင်း ကြံ့ခိုင်မှု သေချာ စိစစ်၊ စစ်ဆေးမှု မရှိဘဲဆောက်လုပ်ခွင့်ပေးထားခဲ့တဲ့အဆောက်အအုံ အများအပြားအပုံလိုက်ပြိုကျခဲ့ကြပါတယ်။
(Al Jazeera သတင်းဌာန၏ What caused the powerful Myanmar and Thailand earthquake? ဆောင်းပါးကို ဘာသာပြန်ဆိုသည်)
