-ကိုသုညံ ရေးသားသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် အောက်စဖို့ဒ် နွမ်းပါးမှု နှင့် လူသားဖွံ့ဖြိုးတိုးတက်မှု အစအဦး တီထွင်လုပ်ဆောင်မှု (OPHI) တို့ပူးပေါင်းထုတ်ပြန်ခဲ့သည့် ဘက်စုံနွမ်းပါးမှုညွှန်းကိန်း (Multidimensional Poverty Index) အရ မြန်မာနိုင်ငံရှိလူဦးရေ၏ သုံးပုံတပုံ (၃၈.၃ ရာခိုင်နှုန်း)သည် ဆင်းရဲမွဲတေနေကြပါသည်။
ဆင်းရဲမွဲတေမှုဆိုသည်မှာဝင်ငွေနည်းပါးခြင်းသက်သက်မဟုတ်တော့ဘဲကျန်းမာရေး၊ ပညာရေး၊အလုပ်အကိုင်အခွင့်အလမ်း၊သန့်ရှင်းသောရေ၊အိမ်သာ၊အဆောက်အဦနှင့်လျှပ်စစ်မီးကဲ့သို့သော အခြေခံအခွင့်အရေးများ ဆုံးရှုံးနေရခြင်း ဖြစ်ပါသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်အဖွဲ့(FAO)က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာဖူလုံမှု အဆိုးရွားဆုံး ထိပ်ဆုံး ၅ နိုင်ငံမြောက်တွင်ရှိနေပြီး လူဦးရေ ၁၆.၇ သန်းခန့်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည်ဟု ဆိုသည်။ ထို့အပြင် အာရှတိုက်တွင်လည်း မြန်မာသည် ဆင်းရဲမွဲတေမှု အဆိုးဆုံးနိုင်ငံ ဖြစ်နေပါသည်။

Public Service Announcement
အဘယ်ကြောင့် နိုင်ငံ၏လူဦးရေးသုံးပုံတပုံသည် ဆင်းရဲမွဲတေနေကြပြီး လူဦးရေ ၁၆ သန်းကျော်သည် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရသနည်း။
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ စားနပ်ရိက္ခာဖူလုံမှုနှင့် ဆင်းရဲမွဲတေမှုများသည် သဘာဝဘေးအန္တရာယ်တခုတည်းကြောင့် မဟုတ်ဘဲ လူသားတို့ ဖန်တီးလိုက်သည့် ဘေးအန္တရာယ်( လူလုပ်ကပ်ဘေး)များကြောင့် ဖြစ်သည်က များပါသည်။
ကပ်ရောဂါမတိုင်မီက မြန်မာနိုင်ငံတွင်ဆင်းရဲမွဲတေမှု လျော့ကျရေး ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း ကိုဗစ်-၁၉ကြောင့်အဆိုပါတိုးတက်မှုများ နောက်ပြန်ဆုတ်သွားခဲ့သည်။
ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာများအရ ၂၀၁၇ခုနှစ်တွင် ၂၄.၈ ရာခိုင်နှုန်း ရှိခဲ့သော ဆင်းရဲမွဲတေမှုနှုန်းသည် ၂၀၂၀-၂၀၂၁ ကာလအတွင်းတွင် နှစ်ဆနီးပါး ခုန်တက်သွားခဲ့သည်။
ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးရိုက်ခတ်မှုများသည် အလယ်အလတ်တန်းစား မိသားစုများကိုပါ ဆင်းရဲမွဲတေမှု၏ အောက်ခြေအထိ ဆွဲချသွားခဲ့သည်။ လုပ်ငန်းခွင်များ ပိတ်သိမ်းခြင်းနှင့် နေ့စဉ်ဝင်ငွေရှိသော လုပ်ငန်းများ ပြိုလဲခြင်းများကြောင့် နိုင်ငံ၏လူမှုစီးပွားရေးစနစ်တခုလုံးကို တုန်လှုပ်သွားစေသည်။
ကပ်ရောဂါ၏ ရိုက်ခတ်မှုများ မပြီးဆုံးမီမှာပင် ၂၀၂၁ ဖေဖော်ဝါရီတွင်စစ်တပ်က မတရား အာဏာသိမ်းလိုက်ခြင်းက နိုင်ငံစီးပွားရေးလူမှုရေး ကဏ္ဍပေါင်းစုံကို ပျက်သုန်းစေခဲ့သည်။ စစ်တပ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးတန်ဖိုးထားသော အနောက်နိုင်ငံများက ပြည်ပရင်းနှီးမြှပ်နှံမှုအများစု ဆုတ်ခွာသွားသည်။ စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသော ကိုယ့်ပြည်သူကို ပြန်သတ်သောအခြေအနေတွင် အနောက်နိုင်ငံများက စစ်တပ် ၊စစ်တပ်နှင့်ဆက်စပ်လုပ်ငန်းများအပေါ် ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှုများတိုးလုပ်ခဲ့သည်။
စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသည့် နိုင်ငံရေးအပြောင်းအလဲနှင့် လက်နက်ကိုင်ပဋိပက္ခများက အခြေအနေအားလုံးကို ပိုမိုဆိုးရွားစေခဲ့သည်။နိုင်ငံတဝန်း ဖြစ်ပွားနေသော တိုက်ပွဲများ၊ တိုင်းရင်းသားနယ်မြေများမှသည် မြို့ကြီးများအထိရိုက်ခတ်နေသောပဋိပက္ခများသည် နိုင်ငံ၏စိုက်ပျိုးရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများကို အကြီးအကျယ် ထိခိုက်စေခဲ့ပါသည်။
စစ်အုပ်စုကြောင့် ပြည်သူကိုဝန်ဆောင်မှု ပေးရသည့် အုပ်ချုပ်ရေးယန္တရားပြိုလဲခဲ့ပြီးပြည်သူတို့၏အခြေခံလိုအပ်ချက်များမှာလျစ်လျူရှုခံခဲ့ရသည်။စီးပွားရေးအရ အထီးကျန်ဆန်လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်းနှင့် ငွေကြေးဖောင်းပွမှု စံချိန်တင်ပြီး ပြည်သူများ၏ ငွေစက္ကူများ ဘာအပြစ်မှမကျူးလွန်ပါပဲ တန်ဖိုးထိုးကျကုန်သည်။ပိုဆိုးသည်မှာ လူလတ်တန်းစားများနည်းလာပြီး အခြေခံလူတန်းစားများလာကာ စစ်အာဏာသိမ်းမှုကြောင့် ကဏ္ဍမျိုးစုံပျက်သုန်းပြီး ပြည်သူအများစုနေရင်း ထိုင်ရင်းဆင်းရဲကုန်ကြသည်။
စစ်တပ်ထိန်းချုပ်ထားသော မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်မည့်အစား ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ငွေစက္ကူများကို အကန့်အသတ်မရှိရိုက်ထုတ်နေရခြင်းက ကုန်ဈေးနှုန်းများကို ပိုမိုမြင့်တက်စေပြီး ပြည်သူတို့၏ ဝယ်ယူနိုင်စွမ်းကို ဖျက်ဆီးပစ်သည်။
စီးပွားရေးလုပ်ငန်းရှင်များအတွက် တရားဝင်လမ်းကြောင်းမှ လုပ်ကိုင်ဆောင်ရွက်ရန် ခက်ခဲခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိသော စစ်အုပ်ချုပ်မှုစနစ်များသည် ရင်းနှီးမြှုပ်နှံသူများအတွက် စိုးရိမ်စရာဖြစ်ခဲ့ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြုတ်နှံမှု ပမာဏများလျော့ကျခဲ့သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ( DICA)၏ စာရင်းတွေအရ ၂၀၁၆-၂၀၁၇ တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုသည် အမေရိကန်ဒေါ်လာသန်း ခြောက်ထောင်ကျော်( ခြောက်ဘီလီယံကျော်) ရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ တွင်မူ အမေရိကန်ဒေါ်လာသန်း ခုနှစ်ရာခန့်သာ ရှိတော့သည်။ အမှန်တွင်ထိုထက်ပင် ပိုနည်းနိုင်ပါသည်။
ပြိုလဲသွားသည့် အုပ်ချုပ်ရေးနှင့်အတူ အကျင့်ပျက်ခြစားမှုများနှင့် စီးပွားရေးလက်ဝါးကြီးအုပ်မှုများ နယ်ပယ်အစုံတွင် အလွန်များလာခဲ့သည်။ အကျင့်ပျက်ခြစားမှုများသည်လည်း နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကဟန့်တားနေသည့် ကင်ဆာရောဂါတခုကဲ့သို့ ဖြစ်နေသည်။
ပြီးခဲ့သည့်နှစ်၂၀၂၅ ခု Corruption Perceptions Index (CPI) က ထုတ်ပြန်ခဲ့သည့် နိုင်ငံအလိုက်အကျင့်ပျက်ခြစားမှုအညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် ၁၆၉ နိုင်ငံမြောက် အဆိုးဆုံးနိုင်ငံတွင် ရပ်တည်နေပါသည်။နောက်ဆုံး အဆိုးဆုံးနိုင်ငံများမှရေတွက်လျင် ကမ္ဘာတွင်အဆင့် ၁၃ ရှိနေခြင်းဖြစ်သည်။
ပို၍ဆိုးရွားသည်မှာ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးနေခြင်းပင်ဖြစ်သည်။ စစ်အုပ်စု၏ စစ်မှုမထမ်းမနေရဥပဒေ ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု ၊ပဋိပက္ခများ နှင့်စီးပွားရေးအကျပ်အတည်းများကြောင့် လူငယ်များနှင့် ကျွမ်းကျင်လုပ်သားများသည် နိုင်ငံရပ်ခြားသို့ အစုလိုက်အပြုံလိုက် ထွက်ခွာနေကြသည်။
ပညာတတ်လူငယ်များ နိုင်ငံမှ ထွက်ခွာသွားခြင်း ဦးနှောက်ယိုစီခြင်း(Brain Drain)သည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်ဆင်၍မရနိုင်သော ဆုံးရှုံးမှုတခုပင် ဖြစ်သည်။
ကျေးလက်ဒေသများတွင်လည်း ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများ ပေါင်းစပ်လိုက်သည့်အခါ စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးပြီး လယ်သမားများသည် နေရပ်စွန့်ခွာကာ မြို့ပြများသို့ ရွှေ့ပြောင်းလာကြရသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သည် ဆင်းရဲမွဲတေမှုကို လျှော့ချရာတွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ကြသော်လည်း မြန်မာနိုင်ငံသည်မူ ပို၍သာ ဆိုးရွားလာခဲ့ပါသည်။
ကမ္ဘာ့ကပ်ရောဂါကိုဗစ်အလွန်တွင် စီးပွားရေးလုပ်ငန်းများပြန်လည်တိုးတက်လာအောင်လုပ်ဖို့ပြင်ဆင်နေချိန်မှာပင် စစ်အုပ်စုကအာဏာလုခဲ့ပြီး ၅ နှစ်ကျော်အတွင်း အိမ်ပေါင်းသိန်းချီမီးရှို့ ၊ပြည်သူသောင်းချီသတ်ဖြတ်ကာ၊သန်းပေါင်းများစွာသောပြည်သူတွေကိုအိမ်မှထွက်ပြေးအောင်လုပ်ခဲ့သည် မင်းအောင်လှိုင် ဦးဆောင်သည့်စစ်အုပ်စုကသာအဓိကတရားခံဖြစ်၏ ။ နိုင်ငံခြားငွေမကုန်အောင်ဆိုပြီး လက်နက်ခဲယမ်း၊ဗုံးကြဲဖို့လေယာဥ်ဆီမှအပ ပြည်သူများအတွက်ဆေးဝါးမှအစ လူသုံးကုန် စားသောက်ကုန်များပြည်ပမှတင်သွင်းမှုကို တင်းတင်းကြပ်ကြပ်ကန့်သတ်လိုက်၍ ပြည်သူတွေပိုကြပ်တည်းကုန်သည်။နိုင်ငံတစ်ဝန်းဗုံးပတ်ကြဲသတ်ဖြတ်နေခြင်း ၊ သဘာဝအရင်းအမြစ်များကို တရုတ်အစိုးရအပါအဝင် စစ်တပ်နှင့် ပနံသင့်သော အစိုးရများကို ဈေးပေါပေါဖြင့်ထိုးအပ်နေခြင်းကသာ စစ်အုပ်စုလုပ်နေသည့် နိုင်ငံဖွံ့ဖြိုးမှုဖြစ်နေသည်။
စစ်ဖိနပ်အောက်တွင် ကဏ္ဍပေါင်းစုံလာဘ်စားမှုထူပြောလာခြင်းနှင့်အတူ မင်းအောင်လှိုင် နှင့်အာဏာသိမ်းစစ်အုပ်စု၏ မိသားစုများမှာမူ ပိုချမ်းသာလာကြသည်။
ထိုကြောင့်မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုသည် ဖြေရှင်းရလွယ်ကူသည့် ကိစ္စရပ်မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြဿနာများ အလုံးစုံပေါင်းစပ်နေသည့် အကျပ်အတည်းတခု ဖြစ်သည်။ စနစ်ပါပြောင်းမှ စစ်မှန်သောပြုပြင်ပြောင်းလဲမှုကိုရမည်ဖြစ်၏။
ဤအခြေအနေဆိုးများမှ လွတ်မြောက်ရန်ဆိုသည်မှာ အပေါ်ယံပြုပြင်ပြောင်းလဲမှုများဖြင့်မရနိုင်ပါ။တရားဥပဒေစိုးမိုးမှု၊ စစ်မှန်သော နိုင်ငံရေးတည်ငြိမ်မှုနှင့်ပွင့်လင်းမြင်သာသော စီမံခန့်ခွဲမှုစနစ်များကို အခြေခံမှစ၍ ပြန်လည်တည်ဆောက်ရန် လိုအပ်သည်။
အချိန်မီ မပြောင်းနိုင်ပါက မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှုနှင့် စာနပ်ရိက္ခာမဖူလုံမှု အဆိုးကျော့ စက်ဝန်းထဲတွင်သာ ဆက်လက်လည်ပတ်နေဦးမည်ဖြစ်ပြီး လူပေါင်းသန်းချီသော ဘဝများသည် ဆင်းရဲမွဲတေမှု၏ သားကောင်များအဖြစ် ၊ကျရှုံးနိုင်ငံအဖြစ် ဆက်လက်ရှိနေလိမ့်မည်ဖြစ်သည်။


















































