Connect with us

Hi, what are you looking for?

ဆောင်းပါး

မြန်မာ့လက်ထဲက ဗြဟ္မာ့ဦးခေါင်း

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

-ငြိမ်း ရေးသားသည်။

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

သမုဒ္ဒရာထဲပစ်ချရင်ရေခမ်း၊ကောင်းကင်ပေါ်ပစ်တင်ရင်မိုးခေါင်၊မြေပြင်မှာ ပစ်ထားရင် မီးဟုန်းဟုန်းတောက် လောင်တဲ့ ဒဏ္ဍာရီလာ ဗြဟ္မာဦးခေါင်းကြီး ကျွန်တော်တို့နိုင်ငံမှာ တကယ်ရှိနေတဲ့အကြောင်း သက်သေပြဖို့နဲ့မဖြစ် သင့်တာတွေမဖြစ်အောင် ကြိုတင်သတိပေးနိုင်ဖို့လည်း ဒီစာကို ရေးပါတယ်။

ဆိုခဲ့သလိုမြန်မာ့မြေမှာ ဗြဟ္မာ့ဦးခေါင်း အမှန်တကယ်ရှိကြောင်း သက်သေပြနိုင်ဖို့အရေးမဝေးတဲ့ အတိတ်ကာလ တချို့ဆီနည်းနည်းလေး နောက်ကြောင်းပြန်သွားကြည့်ဖို့လိုပါမယ်။

Public Service Announcement

Public Service Announcement

အနီးကပ်ဆုံးနဲ့ ပူပူနွေးနွေးအရှိဆုံး အိန္ဒိယ ဖြစ်စဉ်ကနေစလိုက်ချင်ပါတယ်။စာမေးပွဲဖျက်သိမ်းရာကနေစခဲ့တဲ့ လူထုအုံကြွဆန္ဒပြမှုကြီးအိန္ဒိယမှာဖြစ်ပါတယ်။အဲဒီကနေတဖြည်းဖြည်း အရှိန် ကောင်းလာပြီး ထိန်းမနိုင်၊ သိမ်းမရတဲ့အနေအထားထိရောက်လာပါတယ်။ အာဏာပိုင်တွေဘက်က အကြမ်းဖက် နှိမ်နင်းတဲ့နည်းကို သုံးလာပါတယ်။ ဒီမီးဟာ ဒီကနေ့အချိန်ထိ မငြှိမ်းနိုင်သေးတဲ့မီးပါ။ ဒါဟာ ဝန်ကြီးချုပ်မိုဒီ ပိုးဟပ် အကိုက်ခံနေရတဲ့ အနေအထားပါ။

ဒီဖြစ်စဉ်ရဲ့ ဇစ်မြစ်တရားခံက ဘယ်သူပါလဲ။ ဝန်ကြီးချုပ်မိုဒီလား။ပညာရေးဝန်ကြီးလား။ ပိုးဟပ်တွေကို မွေးထုတ် ပေးလိုက်တဲ့ တရားသူကြီးချုပ်လား။တကယ်တော့သူတို့တစ်ယောက်မှ မဟုတ်ကြပါဘူး။ တရားခံက

ကျွန်တော် တို့ မြန်မာ့လက်ထဲမှာရှိနေတဲ့ ဗြဟ္မာဦးခေါင်းကြီးပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လထဲမှာ သွားခဲ့ပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီ ရဲ့ဖိတ်ကြားချက်အရလို့ဆိုထားပြီး အဲဒီခရီးစဉ်မှာ မိုဒီနဲ့ လက်ဆွဲ နှုတ်ဆက်ခဲ့သလို အိန္ဒိယသမ္မတ ကိုလည်း အလိုမတူဘဲ အတင်းလက်ဆွဲနှုတ်ဆက်ခဲ့ပါသေးတယ်။ အဲဒီခရီးစဉ်ကနေသူပြန်လာပြီး မကြာခင်မှာပဲ အထက်ပါဖြစ်ရပ်ဆိုးကြီးနဲ့ အိန္ဒိယရင်ဆိုင်ရတော့တာပါပဲ။

သက်သေပြချက်ဒုတိယတစ်ခုဆီ ဆက်ကြဦးစို့။ပေါက်ဖော်ကြီးတရုတ်နိုင်ငံပါ။ဒီရက်ထဲ သဘာဝဘေးနဲ့ပတ်သက် တဲ့ သတင်းတွေကို လိုက်ကြည့်မယ်ဆိုတရုတ်ရဲ့ ရေကြီးရေလျှံမှု သဘာဝဘေးက ထိပ်တန်းသတင်းတွေထဲမှာ ရှိနေပါတယ်။ရေကြီးရေလျှံတယ်။ ဆည်ကျိုးတယ်။ မြေပြိုတယ်။ အိုးအိမ်ပေါင်းများစွာ ပျက်စီးတယ်။ လူ့အသက် ပေါင်းများစွာ ဆုံးရှုံးရပါတယ်။သဘာဝဘေးပဲကွာနိုင်ငံတိုင်းကြုံမှာပေါ့လို့တော့ စောဒက မတက်စေလိုပါ။ ဘယ် တုန်းကမှမကြုံဖူးခဲ့တဲ့ သဘာဝဘေးအစုအပြုံလိုက်ကြုံရတာပါ။ အင်အားကြီးဆိုတဲ့တရုတ် အလဲလဲအကွဲကွဲနဲ့ လှိမ့်ခံနေရတဲ့ သဘာဝဘေးဆိုးကြီးပါ။ အခုထိလည်း လှိမ့်နေအောင် ခံနေရတုန်းပါပဲ။

ဒီရဲ့ဇစ်မြစ်တရားခံကရော ဘယ်သူဖြစ်မယ်ထင်ပါသလဲ။ တိုင်ဖွန်းမုန်တိုင်းလား။သမ္မတရှီကျင့်ဖျင်လား။တရုတ် အာဏာပိုင်တွေလား။ မိုးလေဝသပညာရှင်တွေလား။ဆည်ဆောက်သူတွေလား။ဒါမှမဟုတ် သဘာဝတရား ကြီးလား။ နိုး…သူတို့လည်း တစ်ယောက်မှ မဟုတ်ကြပါဘူး။

တရားခံက ကျွန်တော်တို့ မြန်မာ့လက်ထဲမှာရှိနေတဲ့ ဗြဟ္မာ့ဦးခေါင်းကြီးပါပဲ။အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အခုသဘာဝဘေးဆိုးတွေနဲ့ကြုံနေရတဲ့ တရုတ်နိုင်ငံကို အိန္ဒိယ က ပြန်လာပြီး ၁၀ ရက်ကျော်အကြာမှာပဲ သွားရောက်ခဲ့တာပါ။ ထုံးစံအတိုင်းလို့တောင် ပြောရမလိုပါပဲ။ သူပြန် သွားပြီး မကြာလိုက်ပါဘူး အဲဒီသဘာဝဘေးဆိုးကြီးတွေနဲ့ တရုတ် ရင်ဆိုင်ကြုံရတော့တာပါပဲ။ သူ့ကို တရုတ် သမ္မတရှီလည်း ဖိတ်ခေါ်ခဲ့မိသလို လက်ဆွဲပြီးတော့လည်း နှုတ်ဆက်လိုက်မိပါတယ်။

တတိယမြောက်သက်သေပြချက်ဆီသွားချင်ပါတယ်။ ရုရှားနိုင်ငံပါ။ မိတ်ဆွေတို့အားလုံးသိထားပြီးဖြစ်တဲ့အတိုင်းရုရှားဟာယူကရိန်းကို အဓမ္မစစ်ခင်းပြီးအပိုင်ကွက်ကို နင်းခဲ့တာပါပဲ။ အမှန်တကယ်လည်း အင်အားချင်းယှဉ်မယ် ဆိုဆီနဲ့ရေပါ။ သို့ပေတဲ့ ကံဆိုးစွာပဲ ယူကရိန်းဘက်မှာ ဗြဟ္မာ့ဦးခေါင်းကြီးရှိနေခဲ့လေတော့ ဒီတစ်ပွဲမှာ ပူတင်လည်း အလဲလဲအကွဲကွဲပါပဲ။ အခုဆို မော်စကိုအထိ ယူကရိန်းဒရုန်းတွေ နေ့ချင်းပြန်ခရီးနဲ့ အဆက်မပြတ် ရောက်လာနေ ကြသလို ပူတင်ကိုယ်တိုင်တောင် နေစရာနေရာမရှိ၊ ပုန်းစရာမြေမရှိဖြစ်နေရပါတယ်။

ဒီဖြစ်စဉ်ရဲ့ တရားခံကရော ဘယ်သူပါလဲ။ ကျူးကျော်စစ်ကိုစခဲ့တဲ့ သမ္မတပူတင်လား။ ရုရှားစစ်တပ်လား။အခါ တော်ပေးတွေလား။ သူတို့လည်း တစ်ယောက်မှ မဟုတ်ကြပါဘူး။ တကယ့်တရားခံအစစ်က ကျွန်တော်တို့ မြန်မာ နိုင်ငံထဲမှာရှိနေတဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကိုပဲ လက်ညှိုးထိုးရပါလိမ့်မယ်။ အဲဒီဗြဟ္မာ့ဦးခေါင်းကြီးနဲ့ပေါင်းမှ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်တဲ့ရုရှားလည်းဖင်ထိုင်ကျရတဲ့အခြေအနေထိ ဖြစ်နေပါတယ်။

ရုရှားဟာမင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့တာခုနစ်ခေါက်တိတိရှိပါတယ်။ မင်းအောင်လှိုင်ကို ဝင်ခွင့်ပြုတဲ့ နိုင်ငံတွေထဲမှာ ခေါက်ရေအများဆုံးနဲ့ ဗိုလ်ဆွဲထားတဲ့နိုင်ငံဖြစ်သလို သမ္မတပူတင်ကိုယ်တိုင်လက်ဆွဲပြီးလည်း နှုတ်ဆက်မိလိုက်ရုံမက ဂုဏ်ထူးဆောင်ဘွဲ့အထိပါ ပေးလိုက်မိပါသေးတယ်။ ဒါတောင် ဇွတ်သမ္မတဖြစ်ပြီးနောက် လက်ခံတွေ့ဆုံတာ မလုပ်သေးလို့ သက်သာရာရတယ်ဆိုရမှာပါ။ ဒီလိုမှမဟုတ်ရင် ရုရှားနိုင်ငံ့အရေးဟာ မတွေးရဲ စရာပါ။

ဒီနေရာမှာ ကြားဖြတ်ပြီး ဗြဟ္မာ့ဦးခေါင်းကြီးအကြောင်း မိတ်ဆက်ချင်ပါတယ်။ အခုလောက်ဆို ကျွန်တော် ရည်ညွှန်းနေတဲ့ မြန်မာ့လက်ထဲက ဗြဟ္မာ့ဦးခေါင်းဟာ ဘယ်သူဖြစ်သလဲဆိုတာ သိပြီးဖြစ်ကြပါလိမ့်မယ်။ ဟုတ်ပါ တယ်။ ဒီကနေ့ကာလ မြန်မာနိုင်ငံမှာ ဇွတ်သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ်တင်မြှောက်ထားတဲ့ အာဏာသိမ်းစစ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ရည်ညွှန်းတာပါ။

ဒီဂုဏ်ထူးဝိသေသဟာ ကျွန်တော်ကိုယ့်ဖာသာပေးထားတာ မဟုတ်ပါဘူး။ ဗေဒင်ဆရာတွေ၊ အကြားအမြင်ဆရာတွေက ပေးထားတာလည်း မဟုတ်သလို စံဇာဏီဘို ပေးထား တဲ့ နာမည်လည်းမဟုတ်ပါဘူး။ပြီးတော့ မင်းအောင်လှိုင် သူ့ကိုယ်သူပြန်ပေးထားတဲ့ဂုဏ်ထူး၊ ဘွဲ့ထူးတွေထဲက တစ်ခုလည်း မဟုတ်ပါဘူး။ ဒီဂုဏ်ထူးဝိသေသကို သန်း ၅၀ မကသော မြန်မာပြည်သူလူထုတစ်ရပ်လုံးက တညီတညွတ်တည်း ပေးထားတာပါ။

ဗြဟ္မာ့ဦးခေါင်းကြီးကို လက်ထဲပိုက်ထားရတဲ့ မြန်မာဘက်ကို တစ်ချက်လှည့်ကြည့်ချင်ပါတယ်။မြန်မာနိုင်ငံဟာ ကမ္ဘာ့ထိပ်ဆုံး ၅ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။ ကောင်းမွန်ပြည့်စုံငြိမ်းချမ်းတဲ့ နိုင်ငံများစာရင်းမှာတော့ မဟုတ် ပါဘူး။ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာဖူလုံမှုအဆိုးရွားဆုံးထိပ်ဆုံးနိုင်ငံတွေထဲမှာအဆင့်(၅)ချိတ်တာပါ။ ဒီစာရင်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်အဖွဲ့(FAO)က ထုတ်ပြန်ခဲ့တာဖြစ်ပြီး လူဦးရေ ၁၆ ဒသမ ၇ သန်းခန့်က စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာခံစားနေရတယ်လို့လည်း ဆိုထားပါတယ်။ ဒါဟာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာဖြစ်ခဲ့တာ မဟုတ်ပါဘူး။

ဒါဟာ ၂၀၂၁ ခုနှစ် မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်မှထွက်ပေါ်လာခဲ့တဲ့ နိုင်ငံရဲ့ ရလဒ်အသစ်စက်စက်ပါ။

အကျင့်ပျက်ခြစားမှုအပိုင်းကို ကြည့်ဦးမလား။မြန်မာဟာအဆင့် (၁၃)မှာချိတ်ပါတယ်။ ဒါဟာလည်း ကောင်းတဲ့ ဘက်က ရလာတဲ့အဆင့်မဟုတ်ပါဘူး။ကမ္ဘာ့အကျင့်ပျက်ခြစားမှု အဆိုးဆုံးစာရင်းမှာ နံပါတ် (၁၃) ချိတ်တာဖြစ်ပြီး အောက်ဆုံးကပြန်ရေရင် ၁၃ နိုင်ငံမြောက်ဆိုတဲ့စာရင်းထဲမှာပါဝင်နေတာကို ဆိုလိုတာပါ။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံထဲမှာ ၁၆၉ နိုင်ငံမြောက် ရပ်တည်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ Corruption Perceptions Index (CPI) ကနေ ထုတ်ပြန်လိုက်တဲ့ အချက်အလက်ဖြစ်ပါတယ်။ မဝေးသေးတဲ့ကာလက အချက်အလက်ပါ။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် သူ့မိသားစုကောင်းစားရေးတစ်ခုတည်းအတွက်သာ ဦးတည်ထားနေတဲ့ ဒီကနေ့မြန်မာမှာ ဒီရလဒ်ထွက်တာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။

UNDP နဲ့ OPH တို့ပူးပေါင်းထုတ်ပြန်တဲ့ ဘက်စုံနွမ်းပါးမှုညွှန်းကိန်း (Multidimensional Poverty Index) ထဲမှာလည်းမြန်မာဟာ မျက်နှာငယ်ရပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ဆင်းရဲမွဲတေနေကြတယ်လို့ဆိုပါတယ်။ဘယ်ဘက်ကကြည့်ကြည့် စိတ်ချမ်းသာစရာတစ်ကွက်မှ ရှိမနေတဲ့အနေ အထားကို ဗြဟ္မာ့ဦးခေါင်းကြီးက စီမံထားပေးထားနိုင်တဲ့အခြေအနေတစ်ရပ်ကို တွေ့ရခြင်းပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗြဟ္မာ့ဦးခေါင်းကြီးရဲ့လက်ထက်မှာ လက်ဖက်ရည်တစ်ခွက်အနည်းဆုံးကျပ် ၂၀၀၀၊ မုန့်ဟင်းခါးတစ်ပွဲ အနည်းဆုံးကျပ် ၂၀၀၀၊ ကန်စွန်းရွက်တစ်စည်း အနည်းဆုံးကျပ် ၁၀၀၀၊ ကြက်ဥတစ်လုံး အနည်း ဆုံးကျပ် ၆၀၀၊ ၇၀၀ ဆိုတဲ့ ကုန်စျေးနှုန်းတွေရဲ့ နေ့စဉ်လည်ပင်းညှစ်ခြင်းကို ခံကြရတဲ့ အထွေထွေကျပ်တည်းမှု တွေဟာလည်း လူထုကြားမှာ ဒုနဲ့ဒေးပါ။ ဒေါ်လာစျေး၊ ရွှေစျေးဆိုတာ ဘယ်တော့မှပြန်ဆင်းမလာတော့မယ့်စျေး တွေနဲ့ မိုးထိုး၊ ခေါင်ခိုက်နေပြီး ကားစျေး၊ အိမ်ခြံမြေစျေးဆိုတာ တော်ရုံလူအိပ်မက်တောင် မမက်ရဲတော့တဲ့ အခြေ အနေပါ။

ဒီလောက်ဆို မြန်မာ့လက်ထဲက ဗြဟ္မာ့ဦးခေါင်းကြီးရဲ့ စူပါပါဝါတွေကို တွေ့မြင်နိုင်ကြမယ်ထင်ပါတယ်။ ပြောမယ်ဆို ပြောစရာတွေက ပြောမကုန်အောင်ကျန်ပါဦးမယ်။ ဒေတာနဲ့သာမက ဝေဒနာတွေနဲ့ပါ တည်ပြောလို့ ရပါသေးတယ်။

အဘသာ အဓိက၊ အဘသာအခရာ၊ အဘသာ အရာရာဆိုတဲ့လူတွေလည်း သိမြင်နိုင်ဖို့ ဒီစာနဲ့ အလင်းဖွင့်ပါတယ်။သင်တို့ရဲ့ အဘဟာ ခေတ်သစ်ဗြဟ္မာ့ဦးခေါင်းကြီးစစ်စစ်ဖြစ်တယ်ဆိုတာ ရှေ့မှာထုတ်နုတ်ပြခဲ့တဲ့ ဖြစ်စဉ်တွေ၊ ကိုယ် တိုင်မြင်တွေ့ခံစားရတဲ့ အတွေ့အကြုံတွေက ပြသနေပါတယ်။ “အားလုံးကောင်းပါသည်”လို့ အရိုးအရင်းကိုက်ရင်း အော်နေသူတွေ၊ “ဒီလိုငတ်နေရတာလေးကိုက အရသာရှိတာ”လို့ မျက်လုံးစုံမှိတ်အော်နေသူတွေ မျက်လုံးကျယ် ကျယ်ဖွင့်ကြည့်ကြဖို့ပါ။

နိဂုံးချုပ်အနေနဲ့ စေတနာရှေ့ထားပြီး အသိပေးလို၊ သတိပေးလိုပါတယ်။ ထိုင်းနိုင်ငံကိုပါ။ များမကြာမီရက်ပိုင်း အတွင်း သင်တို့ထံ ကျွန်ုပ်တို့ရဲ့ ဗြဟ္မာ့ဦးခေါင်းကြီး ရောက်ရှိလာမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ သင်တို့အနေနဲ့ ရှေ့ကနိုင်ငံတွေရဲ့ဖြစ်စဉ်တွေအပေါ် နမူနာယူလို့ ဗြဟ္မာ့ဦးခေါင်းကြီးရဲ့ကျိန်စာသင့်ဆိုးကျိုးတွေကို ခုခံကာကွယ်နိုင်မယ့် ယတြာကောင်း၊ အစီအမံကောင်းတွေကို ကြိုတင်စီမံဆောင်ရွက်ထားကြဖို့ တိုက်တွန်းချင် ပါတယ်။ အထူးသတိပေးချက် – လက်ဆွဲနှုတ်ဆက်ခြင်းကို ရှောင်ပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အငြင်းပွားစရာ အခြေအနေဆိုးတွေ ကြုံခဲ့တဲ့နောက် နိုင်ငံရဲ့ စာမေးပွဲ စနစ်တစ်ခုလုံးကို အကြီးစား သုံးသပ်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အထူးအဖွဲ့ တစ်ခုကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက တာဝန်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်က ဗုံးကြဲနေတာတွေကို ရပ်နားထားသ၍ အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှု အားလုံးကို ဆိုင်းငံ့ထားမယ်လို့ အီရန်ဖက်က စကားကမ်းလှမ်းလာခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေ့စဥ်ထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ The Daily Star မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်အရ၊ ဇွန်လ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တာရစ်ခ်ရာမန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့ တွေ့ဆုံခဲ့စဉ်မှာတရုတ်ဘက်ကဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(Bangladesh-China-Myanmar Economic Corridor - BCMEC) ကို အဆိုပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို အကူအညီ ပေးတာမျိုး လုံးဝ မလုပ်ကြဖို့ ရုရှားနဲ့ တရုတ်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။